Monday, April 24, 2017

အီတလီစာ အရသာစစ်စစ်ကို တမ်းတသူတွေအတွက် ပါရမီပီဇာ

ရန်ကုန် ၈ မိုင်မှာ တစ်နေ့တခြား များပြားလာတဲ့ နိုင်ငံခြားသားစားသုံးသူတွေကို ၀န်ဆောင်မှု
ပေးဖို့အသင့်ဖြစ်နေတဲ့ 'ပါရမီပီဇာ' ဆိုတဲ့ အီတလီစားသောက်ဆိုင်ကတော့ မိသားစုလိုက်
သွားရောက် သုံးဆောင်သင့်တဲ့ နေရာလေးတစ်ခုပါ။

ဆိုင်ဖွင့်တာ သိပ်မကြာသေး ပေမယ့် ကြာသပတေး ညတစ်ညမှာ ကျွန်မတို့ သွားဖြစ်တဲ့
အချိန်မှာတော့ စားသုံးသူတွေ ဆိုင်အပြည့်နီးပါး ရှိတာကို တွေ့ခဲ့ရပါတယ်။

ပါရမီလမ်းနဲ့ မလိခလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ ဒီဆိုင်လေးရဲ့ အတွင်းပိုင်း အပြင်အဆင်ကတော့
သစ်သားစားပွဲတွေ၊ သစ်သားခုံတန်းရှည်တွေနဲ့ ရိုးရိုးရှင်းရှင်းပါပဲ။

ကောင်တာမှာတော့ အီတလီစား သောက်ဆိုင်ဆိုတာကို မမေ့သွားရအောင် ထင်ပါရဲ့။

အီတလီက တင်သွင်းလာတဲ့ ဂျုံအိတ်တွေ စီထားတာကို တွေ့ရပါတယ်။

ခုံတန်းရှည်တွေ ချထားတဲ့ စားပွဲရှည် နှစ်ခုကတော့ အဖွဲ့လိုက် သွားစားကြမယ့်သူတွေအတွက်
နေရာကောင်းတစ်ခုပါ။

ဒါပေမဲ့ အစားအသောက်တွေကို စားရင်း အချင်းချင်း ထွေရာလေးပါး ပြောချင်သူတွေအတွက်
ပြောစရာတစ်ချက် ရှိပါတယ်။

လာရောက် စားသုံးသူတွေ ဘယ်သူမှ ကျယ်ကျယ်လောင်လောင် စကားမပြောကြပေမယ့်လည်း
ဆိုင်ထဲမှာ နည်းနည်းညံညံစီစီတော့ ဖြစ်ပါတယ်။

ဒါကြောင့် အုပ်စုလိုက်သွားပြီး ခုံတန်းရှည်မှာ ထိုင်ကြမယ်ဆိုရင် ကိုယ်စကားပြောစရာ ရှိတဲ့
သူဘေးမှာ ထိုင်ဖြစ်အောင် ရွေးထိုင်ပါလို့ အကြံပေးချင်ပါတယ်။

ကြိုတင်စာရင်းပေးပြီး သွားတာ အကောင်းဆုံးပါလို့ အဖွဲ့လိုက်သွား စားကြမယ့်သူတွေအတွက်
နောက်တစ်ချက် အကြံပေးချင်ပါသေးတယ်။

မီနူးမှာတော့ အသုပ်ပွဲနဲ့ အဓိကဟင်းပွဲကနေ ပါစတာနဲ့ ပီဇာအထိ ရွေးစရာတွေ အများကြီး
ရှိပါတယ်။

Tuna carpaccio ကတော့ နည်းနည်းလေး ချဉ်ပေမယ့် ငါးအသားစိမ်းတွေက လတ်ဆတ်ပြီး
ဈေးနှုန်းကလည်း သင့်တော်ပါတယ်။

Panzanella salad ကတော့ မျှော်မှန်းထားတဲ့ အဆာပလာ တွေအားလုံး ပါပါတယ်။

ထည့်ထားတဲ့ အမည်တွေအားလုံး လတ်ဆတ်ပြီး အရသာရှိပါတယ်။

ချိစ်နဲ့ ပေါင်မုန့်ခြောက်တွေလည်း ခပ်များများ ထည့်ပေးထားပါတယ်။

ချိစ် ကောင်းကောင်းနဲ့ အီတလီပင်စိမ်းကို သုံးထားတာကို ကြည့်ရင် အီတလီအရသာစစ်စစ်ဆိုတာ
သေချာနေပါပြီ။

Mushroom risotto ကတော့ နည်းနည်းလေး အရသာပေါ့ပေမယ့် စားလို့ကောင်းပါတယ်။

ပါရမီ ပီဇာစားသောက်ဆိုင်ကတော့ ပီဇာ မှာ ထင်းမီးအနံ့အစစ် ရစေဖို့အတွက် ပီဇာဖုတ်တဲ့ဖိုကို
အီတလီကနေ တင်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒီအကြံကိုတော့ ကောင်းတယ်လို့ ပြောရမှာပါ။

နိုင်ငံတကာ အီတလီ အဆင့်သတ်မှတ်ရေးအဖွဲ့ရဲ့ စံနှုန်းအရ အာရှမှာရနိုင်တဲ့ ပီဇာအများစုကို
ပီဇာဆိုတာထက် ကိတ်အမျိုးအစားစာရင်းမှာ သွင်းမှ ပိုမှန်မှာပါ။

အခုတော့ ရန်ကုန်မှာရနိုင်တဲ့ ပီဇာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာပါပြီ။

ပါရမီပီဇာနဲ့ Papa ပီဇာ ဘာတွေ ကွာသလဲလို့ နှိုင်းယှဉ်ကြည့်တာမျိုးပေါ့။

ဒါနဲ့ ပတ်သက်ပြီး ထင်မြင်ချက်က အမျိုးမျိုးကွဲပြားနေပါတယ်။

ပါရမီပီဇာမှာ အသုံးပြုထားတဲ့ ခရမ်းချဉ်သီးအနှစ်က Papa ပီဇာထက် ပိုချိုပြီး မုန့်သားလည်း
ပိုများပါတယ်။

ပြီးတော့ ချိစ်ပိုများပြီး ၀က်ပေါင်ခြောက်ကလည်း ပိုကောင်းပါတယ်လို့ ကျွန်မ မိတ်ဆွေတစ်ဦးက
ပြောပါတယ်။

ပါရမီရဲ့ သောက်စရာမီနူးကတော့ ၀ိုင်အမည်တွေကို စုံစံလင်လင် တွေ့ရပါတယ်။

ကော့တေး မီနူးကတော့ အမျိုးအစားတိုင်းကို မြည်းစမ်းကြည့်ချင်စရာပါ။

ဒါပေမဲ့ တစ်ခွက်ကို ခြောက်ဒေါ်လာကနေ ၁၀ ဒေါ်လာ ကြားရှိတာမို့ အကုန်လုံးသာ
လိုက်မြည်းကြည့်လိုက်လို့ကတော့ ကျွန်မတို့ဆီရောက်လာမယ့် ငွေတောင်းခံလွှာ
တော်တော်လေး ရှည်သွားနိုင်ပါတယ်။

ဘီယာကတော့ ရွေးစရာ သိပ်မရှိပါဘူး။

ဒီအတွက်တော့ မီနူးကို ဒီဇိုင်းထုတ်တဲ့သူထက် မြန်မာအစိုးရရဲ့ ပို့ကုန်တင်ပို့မှု စည်းမျဉ်းကိုပဲ
အပြစ်တင်ရမှာပါ။

ကျွန်မတို့ သွားတဲ့ညမှာ ဘာအချိုပွဲမှ မရတော့လို့ အချိုပွဲနဲ့ ပတ်သက်ပြီး ကျွန်မတို့
ကောင်းမကောင်း မပြောနိုင်ပါဘူး။

ဒါနဲ့ပတ်သက်ပြီး ရှင်းပြရတာ နည်းနည်းတော့ ရှုပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အချိုပွဲတစ်မျိုး ဖြစ်တဲ့ tiramisu ကို ကောင်တာနောက်မှာ
ထင်ထင်ရှားရှားကြီး လှမ်းတွေ့နေရလို့ပါပဲ။

ဝန်ထမ်းအမျိုးသမီးလေးက အချိုပွဲအစား နောက်ထပ် ကော့တေး ထပ်သောက်ဖို့ အကြံပေးပါ
တယ်။

အချိုပွဲနဲ့ ကော့တေး လုံးဝကို မတူပေမယ့် သူအကြံပေးတာကို ကျွန်မတို့ လက်ခံပါတယ်။

ခြုံပြီးပြောရရင်တော့ အီတလီစာ စစ်စစ်ကို တောင့်တနေတဲ့ သူတွေအတွက် ဒီဆိုင်လေးဟာ
အားထားလောက်တဲ့ ဆိုင်လေးပါပဲ။

သီရီမင်းထွန်း ဘာသာပြန်သည်။

ပါရမီပီဇာ
အမှတ်(၁၁/၈)၊ မလိခလမ်းနှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၀၁ ၆၆၇ ၄၄၉

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။