Green curry အနှစ်နဲ့ ကြက်သားကြော်ချက်

ဒီလမှာ အရှေ့တိုင်းနိုင်ငံတွေရဲ့ အစားအစာတွေကို အတုယူပြီး ချက်တဲ့ဟင်းပွဲလေးတွေကို ချက်ဖို့
စီစဉ်ထားပါတယ်။

ပထမဆုံးအနေနဲ့ အစိမ်းရောင်ဟင်း (green curry) လို့လူသိများတဲ့ ထိုင်းဟင်းပွဲကို
ချက်မှာပါ။

ဟိုတစ်နေ့က market place မှာ ဈေးဝယ်ရင်း တံဆိပ်အသစ် ထိုင်းဟင်းအနှစ်ထုပ်လေးတွေကို
တွေ့တာနဲ့ ကြည့်မိတော့ အချိုမှုန့်မပါဘူးဆိုတာကြောင့် စမ်းသုံးရအောင် ၀ယ်လာခဲ့ပါတယ်။

ထိုင်းဟင်း အနှစ်တွေက အိမ်မှာလုပ်မယ်ဆို လက်ဝင်တာမို့ လုပ်လက်စနဲ့ အများကြီးလုပ်ရင်လုပ်
မဟုတ်ရင် တွက်ခြေမကိုက်တော့ ရယ်ဒီမိတ် အထုတ်ကောင်းကောင်းလေးတွေ့ရင် ၀ယ်ဆောင်
ထားလိုက်ပါတယ်။

ခက်တာက ဒီမှာ တံဆိပ်တစ်ခုကို ပုံမှန် မရနိုင်တာပါပဲ။ နောက် အချိုမှုန့်မပါတဲ့ တံဆိပ်က
ရှားတယ်လေ။ အခုတွေ့လာတဲ့ ရယ်ဒီမိတ်ဟင်း အနှစ်ထုပ်လေးတွေက Dancing chef လို့ခေါ်တဲ့
တံဆိပ်ပါ။ အချိုမှုန့်မပါကြောင်း ရေးထားသလို အင်္ဂလိပ်လို အကုန်ရေးထားတာမို့ ကိုယ်တိုင်
ဖတ်နိုင်ပါတယ်။

ကြက်သားကြိတ်သားကို အဲဒီဟင်းအနှစ်လေးနဲ့ ကြော်ချက် ချက်ပါမယ်။

နောက် green curry နဲ့ ခရမ်းကစော့သီးတွေကို နှပ်ပါမယ်။

ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ကြက်သား (ကြိတ်သား) ၅၀၀ ဂရမ်
  • Green curry အနှစ် စားပွဲဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၃ ဥ
  • ရွှေပဲသီး ၂၅၀ - ၃၀၀ ဂရမ်
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၆ ဇွန်း (၁/၈ ခွက်)

ပြင်ဆင်ပုံ

ကြက်သားတွေကို မီးဖိုချောင်သုံးတစ်ရှူးစက္ကူနဲ့ ရေတွေ ကုန်အောင် စုပ်ယူပါ။ ရေကျန်ရင်
ကြော်တဲ့အခါ ရေတွေ ထွက်လာတာမို့ စိုစိစိုစိဖြစ်ပြီး ရေကုန်အောင်လုပ်ရင်း အသီးအရွက်တွေ
နူးသွားတတ်လို့ပါ။

ပြီးတဲ့အခါ ကြက်သားတွေကို green curry အနှစ် တစ်ဝက်နဲ့ နှံ့အောင်နယ်ပြီး အနည်းဆုံး
နာရီဝက်မျှ နှပ်ထားပါ။

နောက် ရွှေပဲသီးတွေကို အညှာသင်၊ ရေဆေးပြီးတော့ ရေစင်အောင် စစ်ထားပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးထားပါ။

ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်းလေးနဲ့ ဆီပူအောင် တည်ပါ။

ဆီပူလောက်ပြီဆိုရင် ကြက်သွန်နီတွေကို ထည့်ကာ ကြော်ပါ။

ကြက်သွန်နီ အရောင်ပြောင်းတာနဲ့ ကျန်တဲ့ green curry အနှစ်တွေ ထည့်ပြီး ဆီသတ်ပါ။

နောက် ကြက်သားတွေကို ထည့်ကြော်ပါ။

အသားတွေကို လုံးမနေအောင် သစ်သားယောက်မနဲ့ ထိုးခြေပြီး အသားနဲ့အနှစ် သမအောင် မွှေပါ။

အရသာအတွက် ငံပြာရည်ကို ထည့်ပါ။

မီးကို မပြင်းတပြင်းဖြစ်အောင် လျှော့ချပါ။

ကြက်သားတွေ ကျက်ပြီဆိုရင် ရွှေပဲသီးတွေကို ထည့်ကာ ဆက်ကြော်ပါ။

မီးကိုပြန်တင်ပြီး ရေလေးနည်းနည်းထည့်ကာ (စားပွဲဇွန်း သုံးဇွန်းစာလောက်) အဖုံးအုပ်ထားပါ။

နောက် ရွှေပဲသီးတွေ အရောင်ပြောင်းပြီဆိုရင် အဖုံးဖွင့်ကာ ဆီပြန်အောင် ဆက်ကြော်ပါ။

အဲဒီနောက် ထမင်းနဲ့ သုံးဆောင်နိုင်ပါတယ်။


Green curry အနှစ်နဲ့ ခရမ်းကစော့သီးချက်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • Green curry အနှစ် စားပွဲဇွန်း ၅ - ၆ ဇွန်း (အစပ်ကြိုက်ရင် ပိုထည့်နိုင်ပါတယ်)
  • ကြက်သွန်နီ ၃ ဥ
  • ခရမ်းကစော့သီး ၁ ခွက်နဲ့ ၁/၃ ခွက်
  • ပုစွန်ခြောက် စားပွဲဇွန်း ၃ ဇွန်း
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၅ ဇွန်း

ပြင်ဆင်ပုံ

ခရမ်းကစော့သီးတွေကို အညှာသင်၊ ရေဆေးကာ ရေစင်အောင် စစ်ထားပါ။

နောက် ထက်ခြမ်းလေးလှီးပါ။ ကြက်သွန်နီတွေကို နုပ်နုပ်လေး လှီးထားပါ။

ဒယ်အိုးထဲမှာ ဆီထည့်ပြီးရင် မီးပြင်းပြင်းလေးနဲ့ ဆီပူအောင်တည်ပါ။

ဆီပူလောက်ပြီဆိုရင် ကြက်သွန်နီတွေကို ထည့်ကြော်ပါ။

ကြက်သွန်နီတွေ အရောင်ပြောင်းတာနဲ့ green curry အနှစ် ထည့်ကာ ဆီသတ်ပါ။

နောက် ပုစွန်ခြောက်တွေကိုထည့်ကာ ရွှေဝါရောင်သန်းသည်အထိ ထည့်ကာ ကြော်ပါ။

ပြီးရင် ခရမ်းကစော့သီးတွေကို ထည့်ကြော်ပါ။

ငံပြာရည် ထည့်ပါ။

မီးကို မပြင်းတပြင်းဖြစ်အောင် လျှော့ချပြီး ရေ ၁/၄ ခွက်ခန့်ထည့်ကာ အဖုံးအုပ်ပြီး ခရမ်းကစော့သီး
တွေ နူးအောင် တည်ပါ။

၅ - ၁၀ မိနစ်အတွင်း အသီးတွေ နူးမနူးစစ်ပြီး နူးရင် အဖုံးဖွင့်ကာ ဆီကျန်ရေကျန် ချက်ပါ။

ခရမ်းကစော့သီး ပျော့ပျော့လေး စားချင်ရင်တော့ ကြာကြာတည်လို့ ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။