မှိုဟင်းချို၊ ၀က်သားပြားကင်နှင့် ချင်းဆော့စ်

မှိုဟင်းချို။မှိုဟင်းချို။

ဟိုတလောက အေဂျင်စီတစ်ခုအတွက် food styling လုပ်ပေးတော့ မှိုလှလှလေးတွေရှာရင်း
ဂျပန်မှိုအရှည်လေးတွေ တွေ့တာနဲ့ shooting အတွက်ဝယ်ရင်း ကိုယ်တိုင်စမ်းချက်ဖို့လည်း
ဝယ်လာခဲ့လိုက်တယ်။

သူက shimiji မှိုလို သိပ်ပြီးအရသာ မပြင်းလှဘူး။ မှိုဟင်းချိုလေး စမ်းချက်ကြည့်တာ တစ်အိမ်လုံး
အကြိုက်တွေ့ကြတာနဲ့ ဒီတစ်ပတ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

မှိုက ချိုပြီးဆိမ့်နေတာနဲ့ ဘာမှကို ထည့်စရာမလိုဘဲ ဆားလေး၊ ငရုတ်ကောင်း အနက်မှုန့်လေးနဲ့ပဲ
အရသာရှိလှပါတယ်။

မှိုကို ကြော်ချက်လေးလုပ်ပြီး အရည်လေး ရောလိုက်တာပါ။ လွယ်လွန်းပေမယ့်လည်း
စားလို့ကောင်းပါတယ်။ အသားတောင် မလိုပါဘူး။ ပူပူလေးမှာ သောက်ရင် ပိုအရသာရှိပါတယ်။

နောက် ၀က်သားကင်ကို ချင်းဆော့စ်လေးနဲ့ ပြန်ကြော်ထားတာပါ။ ၀က်သားကို အချိုလေး
လုပ်ပြီးကင်၊ မီးခိုးနံ့သင်းသင်းလေးကို ချင်းနဲ့ ပြန်ကြော်တာပါ။

မှိုဟင်းချို ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • မှိုအကြီး တစ်ထုပ် ( ၅၀၀ ဂရမ်)
  • ကြက်သွန်ဖြူ ၁ မြွှာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေ ၂ ခွက်တွင် ဖျော်ပါ)
  • ငရုတ်ကောင်းအနက်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပွဲပြင်ရန်အတွက် အနည်းငယ်

ပြင်ဆင်ပုံ

မှိုတွေကို အိတ်ထဲက အသာလေး ထုတ်ယူပြီးရင် ရေပိုက်/ရေပန်း အောက်မှာ ရေဖွားဖွားလေးနဲ့
ဆေးပြီး ရေစင်အောင် စစ်ပါ။

နောက် မှိုတွေကို အောက်ခြေကနေကပ်ပြီး ကတ်ကြေးနဲ့ ဖြတ်ကာ အသာလေးခွဲယူပါ။

ပြီးတဲ့အခါ ကြက်သွန်ဖြူတွေကို တစ်ပြားရိုက်ထားပါ။

အိုးထဲမှာ ဆီထည့်ပြီးရင် မီးမပြင်းတပြင်းနဲ့ ဆီပူအောင်တည်ပြီး ကြက်သွန်ဖြူတွေကို ဆီသတ်ပါ။

ကြက်သွန်ဖြူ အနံ့ထွက်လာရင် မှိုတွေကို ထည့်ပြီး ဆီသတ်ပါ။

မှိုတွေ အရည်စထွက်ပြီဆိုရင် ဟင်းသီးဟင်းရွက်မှုန့်အရည်ကို ထည့်ပြီး ပွက်အောင်တည်ပါ။

ဟင်းရည်တွေ စပွက်လျှင်ပွက်ချင်း မီးကိုလျှော့ပြီး အဖုံးအုပ်ကာ မီးအေးအေးလေးနဲ့ ၁၀ မိနစ်နီးပါး
တည်ပါ။

အပေါ့အငန်အတွက် ဆားကိုထည့်ပြီး ငရုတ်ကောင်းအနက်မှုန့်တွေကို ထည့်ကာ တည်ထားပါ။

အပေါ့အငန်နဲ့ အရည်ကို စိတ်ကြိုက်ရပြီဆိုရင် ပူပူလေး သုံးဆောင်နိုင်ပါတယ်။


ဝက်သားပြားကင်နှင့် ချင်းဆော့စ်။ဝက်သားပြားကင်နှင့် ချင်းဆော့စ်။

ဝက်သားပြားကင်နှင့် ချင်းဆော့စ်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ၀က်သားပြား ၅၀၀ ဂရမ်
  • ပဲငံပြာရည်အကြည် (Kikkoman ပဲငံပြာရည်) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ချင်း လက်နှစ်ဆစ်စာ (၄ စင်တီမီတာ အရှည်နှင့် လုံးပတ် ၁၂ စင်တီမီတာခန့်)
  • ကြက်သွန်နီအသေး ၄ ဥ
  • သကြားအညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

ဝက်သားတွေကို အဆီတွေဖယ်ပြီး ရေဆေး၊ ရေစင်အောင် စစ်ထားပါ။

ပြီးရင် တစ်စင်တီမီတာ အထူအပြားလေးတွေဖြစ်အောင် လှီးပြီး မီးဖိုချောင်သုံး တစ်ရှူးစက္ကူနဲ့
ရေကုန်အောင် စုပ်ယူထားပါ။

ဝက်သားကို ဆီလက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်၊ သကြားတို့နဲ့နယ်ပြီး နာရီဝက်မျှ
နှပ်ထားပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးထားပါ။

ချင်းကို အခွံသင်ပြီး အချောင်းလေးတွေဖြစ်အောင် လှီးထားပါ။

ပြီးတဲ့အခါ ၀က်သားတွေကို မီးပြင်းပြင်းနဲ့ အကင်ဒယ်ပြားပေါ်မှာ ကင်ပါ။

တစ်ဖက်ကို မိနစ်ဝက်မျှ ကင်ပြီး လှည့်ပေးပါ။

ဝက်သားတွေ ကျက်ရင် ပန်းကန်ပြားတစ်ခုပေါ်မှာ ဖယ်ထားပါ။

ဒယ်အိုးထဲမှာ ဆီထည့်ပြီးရင် မီးပြင်းပြင်းလေးနဲ့ ဆီပူအောင်တည်ပါ။

ဆီစပူလောက်ပြီဆိုရင် ကြက်သွန်နီတွေကို ထည့်ကြော်ပါ။

ကြက်သွန်နီတွေ အရောင်ပြောင်းတာနဲ့ ချင်းကိုထည့်ကာ ကြော်ပါ။

တစ်မိနစ်ကျော်လောက်မှာ ရေ ၁/၄ ခွက်ကိုထည့်ကာ နောက်ထပ်တစ်မိနစ်လောက်
ဆက်ပြီးကြော်ပါ။

ဟင်းအရည်တွေ ပွက်ပြီဆိုရင် အိုးကို ချလို့ရပါပြီ။

ထမင်းနဲ့ တွဲပြီးစားလို့ရပါတယ်။

ဝက်သားပြားကင်နှင့် ချင်းဆော့စ်။ဝက်သားပြားကင်နှင့် ချင်းဆော့စ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။