ကွဲပြားထူးခြားတဲ့ '၀' ရိုးရာ အစားအစာကို မြည်းစမ်းခွင့်ရတဲ့အခါ ...

သီရိ/မြန်မာတိုင်း(မ်)သီရိ/မြန်မာတိုင်း(မ်)

ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေအလိုက် တောင်ပေါ်နဲ့ မြေပြန့်တိုင်းရင်းသားတွေရဲ့
ဝတ်စားဆင်ယင်မှု၊ ရိုးရာယုံကြည်မှုနဲ့ ဒေသအစားအစာတွေဟာ ကွာခြားသွားတာမို့
အောက်အရပ် ရန်ကုန်မြို့မှာ ရှားရှားပါးပါး '၀' ရိုးရာအစားအစာကို စပ်စုမြည်းစမ်းကြည့်ဖို့
အခွင့်အရေးကို ပြီးခဲ့တဲ့ သီတင်းပတ်က ရရှိခဲ့ပါတယ်။

တကယ်တမ်းတော့ ရှမ်းပြည်နယ်မြောက်ဘက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ '၀' တိုင်းရင်းသားတွေရဲ့
ဒေသအစားအစာက ဘယ်လိုမျိုးလဲဆိုတဲ့ စူးစမ်းချင်တဲ့စိတ်အပြင် ဆိုင်ကို ဘယ်လိုတည်ခင်း
အလှဆင်ထားမလဲဆိုတာကိုလည်း သိချင်တဲ့ဆန္ဒကြောင့် 'Ha Tai Wa' ဆိုတဲ့
'၀' စားသောက်ဆိုင်ကို ရောက်ရှိခဲ့တာပါ။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ၉ မိုင်မှာ တည်ရှိတဲ့ 'Ha Tai Wa' က ၉ မိုင် 
Ocean Super Center မရောက်ခင် လမ်းကြားလေးထဲမှာ ရှိပြီး တိတ်ဆိတ်ငြိမ်သက်တဲ့
ခြံဝင်းကျယ်ကျယ် ပတ်ဝန်းကျင်တွေကြားမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတို့ 'Ha Tai Wa' ကို အလည်ရောက်သွားတဲ့အချိန်က
ညနေစောင်းဖြစ်ပြီး ခြံဝင်းထဲမှာ ၀ါးနဲ့ ဆောက်လုပ်ပြီး ဓနိမိုးထားတဲ့ တဲခပ်ကြီးကြီးတွေ
ခုနစ်လုံးလောက်ရှိပေမယ့် ဖုန်းဆက်ပြီး ကြိုတင်မှာယူထားတဲ့ စာရင်းတွေနဲ့ ပြည့်နေတာမို့
နေရာယူခွင့် မရပါဘူး။

ဧည့်ကြိုလေးတွေက နှစ်ထပ်တိုက် အဆောက်အအုံထဲက ရိုးရိုးစားပွဲဝိုင်းတွေဆီကိုပဲ လိုက်ပို့ပေး
တာကြောင့် အပြင်က တဲထဲမှာပဲ ထိုင်ချင်တဲ့ ကျွန်မတို့တွေ စိတ်ကသိကအောက် ဖြစ်ခဲ့ရပေမယ့်
ဆိုင်ထဲဝင်ဝင်ချင်း '၀' ယဉ်ကျေးမှုဆိုင်ရာ မြင်ကွင်းဓာတ်ပုံတွေ၊ ခန်းဆီးနဲ့ စားပွဲ တွေကအစ ကြိမ်၊
ဝါးတွေနဲ့ ရက်လုပ်ထားတာတွေကြောင့် အမြင်ဆန်းပြီး စိတ်တက်ကြွသွားပါတော့တယ်။

အောက်ထပ်က နံရံတချို့ကို ၀ါးထရံပုံစံပေါ်မှာ ၀ါးနဲ့ ပြုလုပ်ထားတဲ့ ယောက်မ၊ ဇွန်း၊ ခွက်၊
အိုးစတာတွေ ချိတ်ဆွဲပြီး '၀' တိုင်းရင်း သားတွေရဲ့ မီးဖိုခန်းပုံစံ ပြင်ဆင်ထားတဲ့ အတွက်
တကယ့်မီးဖိုချောင်ထဲမှာ ထမင်းသွားစားသလို နွေးထွေးတဲ့ ခံစားမှုမျိုး ဖြစ်စေပါတယ်။

အပေါ်ထပ်ကတော့ သီးသန့်အခန်းတွေနဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားတာဖြစ်ပြီး ကျွန်မတို့
အဖွဲ့ကတော့ အောက်ထပ်မှာပဲ နေရာယူလိုက်ကြပါတယ်။

ညနေပိုင်းက တော်တော်မှောင်လာပြီမို့ ညစာစားဖို့ ဟင်းလျာမီနူးကို ဖွင့်ကြည့်လိုက်တဲ့အခါ
ဟင်းပွဲတွေကို အမည်များများ သိပ်မတွေ့ရပေမယ့် ဖော်ပြထားတဲ့ ဟင်းပွဲတွေက
ကျွန်မအတွက်တော့ အဆန်းအပြားတွေပါပဲ။

'၀' ရိုးရာ အမဲသားကြော်၊ '၀' အမဲသား ဆန်ပြုတ်၊ ငါးဝါးပေါင်း၊ '၀' အာလူးထောင်း စတဲ့
ဟင်းအမည်တွေကို ဓာတ်ပုံနဲ့အတူ ဖော်ပြပေးထားပြီး မမြင်ဖူးတဲ့ ဟင်းပွဲပုံစံတွေချည်းဖြစ်တာမို့
အကုန်လုံး မြည်းစမ်းကြည့်ချင်စိတ်ဖြစ်မိပါတယ်။

ဒါပေမဲ့ ဈေးနှုန်းတွေကလည်း မျက်လုံးပြူးလောက်အောင် မြင့်နေတာကိုလည်း သတိထားမိပါ
တယ်။

နောက်ဆုံး ထမင်းနဲ့ ဟင်း တစ်ဆက်ကို မှာယူမယ်လို့ စဉ်းစားပေမယ့် ခြောက်ယောက်စာ တစ်ဝိုင်း
ကို ကျပ်လေးသောင်း၊ သုံးယောက်စာကို သုံးသောင်းနဲ့ နှစ်ယောက်စာကို နှစ်သောင်းလို့
သတ်မှတ်ထားတာမို့ ဈေးအနည်းဆုံးဖြစ်တဲ့ နှစ်ယောက်စာ ထမင်းတစ်စုံကိုပဲ မှာယူဖို့ ဆုံးဖြတ်ချက်
ချခဲ့ပါတယ်။

ဈေးတွေကြီးလို့ စိတ်ပျက်ပေမယ့် အနီရောင် ကတ္တီပါစပေါ်မှာ ငွေမောင်းလေးတွေနဲ့ အလှဆင်
ထားတဲ့ ရိုးရာ'၀'၀တ်စုံတွေကို ခုံ တစ်ခုပေါ်မှာ တွေ့လိုက်ရတော့ စပ်စုချင်တဲ့ စိတ်နဲ့ ဟင်းပွဲဈေးနှုန်း
တွေကို မေ့သွားပါတော့တယ်။

ဝန်ထမ်းလေးက ၀တ်စုံတွေကို အရင်က ရောင်းချခဲ့တာဖြစ်ပြီး အခုတော့ မ၀ယ်ဘဲ ၀တ်ကြည့်ပြီး
ဓာတ်ပုံရိုက်လို့ရတယ်လို့ ပြောတာကြောင့် '၀' ရိုးရာ ခေါင်းဆောင်းငွေပြား အပါအ၀င် အင်္ကျီနဲ့
ခါးဝတ် (အနောက်မှာ ကြိုးနဲ့ ချည်ဝတ်ရတဲ့ ဒူးအထိ အ၀တ်စ)ကိုပါ ၀တ်ဆင်ကြည့်ရတာ
ပျော်စရာကောင်းပါတယ်။

မှာထားတဲ့ ထမင်းရောက်လာပါပြီ။

ဝါးနဲ့ ရက်ထားတဲ့ ဗန်းထဲမှာ လတ်လတ်ဆတ်ဆတ် ငှက်ပျောရွက်တွေ ခင်းထားပြီး ထမင်းနဲ့
ကောက်ညှင်း (ဆီထမင်း) ရောထားတဲ့ လေးထောင့်ပုံစံ နှစ်ခုကို နှစ်ယောက်စာလို့
သတ်မှတ်ထားပါတယ်။

ထမင်းနဲ့အတူ ကြက်သား၊ ပုစွန်ထုပ်၊ ပဲသီးကြော်တို့ကို ရောပုံပေးထားပြီး မုန်ညင်းရွက်
အချဉ်သုပ်ကိုတော့ ပန်းကန်လုံးထဲထည့်ပြီး ထမင်းဘေးမှာ ပြင်ပေးထားပါတယ်။

ကြက်သားကို ဆီပါတယ်ဆိုရုံ ကြော်ထားပြီး အရိုးများပေမယ့် အရသာကတော့ နူးညံ့ပြီး
အနည်းငယ်ပေါ့တာက လွဲရင် စားလို့ အဆင်ပြေပါတယ်။

ငရုတ်သီးအနီ အခြောက်တောင့်ကို ဆီနဲ့ကြွပ်နေအောင် ကြော်ထားတဲ့အောက်မှာ ပုစွန်ထုပ်
ငါးကောင်ကို ရောထည့်ထားပေမယ့် ငရုတ်သီးရဲ့ အစပ်ကတော့ ပုစွန်တွေဆီပါ ရောက်ပါတယ်။

ဗိုလ်စားပဲသီးကို ခပ်ရှည်ရှည်လှီး ဖြတ်ပြီး ဆီနည်းနည်းနဲ့ ကြော်ထားတာ စိမ်းစိုနေပေမယ့်
စားလိုက်တဲ့အခါ အမျှင်တွေ မပြတ်တာမို့ ရင့်နေတဲ့ ပဲသီးတွေလို့ ပြောရမှာပါ။

ကြက်သွန်နီပါးပါးလှီးပြီး ရောသုပ်ထားတဲ့ မုန်ညင်းရွက်အချဉ်သုပ်ကိုတော့ အချဉ်သိပ်မကြိုက်
တာမို့ နည်းနည်းပဲ မြည်းစမ်းကြည့်မိပါတယ်။

နောက် ကျောက်ဖရုံသီးဟင်းချို ပန်းကန်လုံးကြီး လာချပေးပါတယ်။ ဟင်းချိုက မှန်လိုကြည်နေပြီး
အတုံးခပ်ကြီးကြီး တုံးထားတဲ့ ကျောက်ဖရုံသီးတွေအောက်မှာ ၀က်နံရိုး နှစ်ခုပဲ ရှာတွေ့တာမို့
သုံးယောက်ဖြစ်တဲ့ ကျွန်မတို့အဖွဲ့ အဝေသိပ်မတည့်လိုက်ပါဘူး။

တစ်ပွဲ ကျပ် သုံးထောင့်ငါးရာ ဆိုတဲ့ '၀' အာလူးထောင်းက အာလူးကြိုက်တဲ့ ကျွန်မအတွက်
အဆင်ပြေတယ်ဆိုပေမယ့် အချဉ်ဓာတ်ရောထားတာကိုတော့ သိပ်သဘောမကျလှပါဘူး။

ပြီးတော့ တော်တော်လေးပျော့ပြဲနေတာမို့ တူနဲ့ ကော်စားလို့မရဘဲ ဒီအတိုင်း ဇွန်းနဲ့ခပ်စားရင်း
ငရုတ်သီးအနီ အကြွပ်တောင့်တွေ ရန်ကလည်း ရှောင်ရပါသေးတယ်။

ဒါ့ပြင် ဘာမှထပ်မမှာတော့ပေမယ့် ငရုတ်သီးထောင်းနဲ့ ဆော့စ်ပန်းကန်လေးတွေကို
အာလူးထောင်းနဲ့ ရောစပ်စားဖို့ လာချပေးကြပါတယ်။

'၀'တိုင်းရင်းသားတွေ အရမ်းအေးတဲ့ ရာသီဥတုမှာ အစပ်များများစားကြမယ်လို့ ဟင်းပွဲတိုင်း
ငရုပ်သီးခြောက်တောင့် မလွတ်တာကို ကြည့်ပြီး ကောက်ချက်ချမိပါတယ်။

ကောက်ညှင်းနဲ့ ထမင်း ရောစားရတာမို့ ဗိုက်မြန်မြန်ပြည့်အင့်တာကြောင့်ရော ဈေးနှုန်းအခြေအနေ
ကြောင့်ပါ ရေနွေးဖိသောက်လိုက်ရပေမယ့် နောက်တစ်ခါ သွားစားရင် ငါးဝါးပေါင်း (ငါးကို ၀ါးထဲမှာ
ထည့်ပေါင်းပြီး ချက်ထားတဲ့ဟင်း) ကျပ် ၉,၈၀၀၊ ငါးသုပ်တစ်ပွဲ ကျပ် ၁၀,၅၀၀ တို့ကို ရအောင်
စားလိုက်မယ်လို့ တေးထားမိပါတယ်။

ဟင်းမီနူး စာအုပ်ထဲမှာ သောက်စရာ အဖျော်တစ်ခုမှ မပါတာကြောင့်လည်း သောက်လက်စ
ရေနွေးပူပူက '၀' ရိုးရာအစားအစာတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ်လို့ စဉ်းစားမိလိုက်ပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။