သားသား မီးမီးတို့အတွက် ကြက်သားကြော်

ဒီလထဲမှာ လူကြီးတွေသာမကဘဲ သားသား၊ မီးမီး ငယ်ငယ်လေးတွေပါမကျန် မိသားစုဝင်တွေ
အားလုံး အကြိုက်တွေ့စေမယ့် ဟင်းချက်နည်းလေးတွေ၊ မုန့်လုပ်နည်းလေးတွေ စုပြီးရေးဖို့
ပြင်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတော့ crêpe လုပ်နည်း ရေးပြီးပါပြီ။ အခါလည်ကျော်ခလေးတွေပါ
စားလို့ရပါတယ်။

ဒီတစ်ပတ်မှာတော့ ကလေးပေါက်စလေးတွေပါ ကြိုက်တတ်မယ့် ကြက်သားကြော်နည်းလေးကို
မျှဝေလိုက်ပါတယ်။

ကြက်သားကို အချိုမှုန့်တွေ၊ တခြားအရသာမှုန့်တွေ မပါဘဲ ရိုးရိုးလေးကြော်ထားတာပါ။

ဒါပေမဲ့ အရသာအပြည့်ပါဝင်ပြီး ကြွပ်ကြွပ်ရွရွလေး စားလို့ရပါတယ်။

ဒီကြက်သားကြော်ရဲ့ မူလနည်းကတော့ ဂျပန်ကြက်သားကြော်နည်းလေးပါ။

သူ့ကို ဂျပန်ဆန်အရက် ဆာကေးနဲ့ နှပ်ပြီးကြော်ပေမယ့် ဆာကေးက ၀ယ်ရတာ ခက်တာရယ်၊
ဈေးကြီးတာရယ်နဲ့ပဲ တရုတ်ဆန်အရက်လေးကို အစားထိုးပြီး ကြော်ထားပါတယ်။

ဂျပန်ကြက်သားကြော်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ကြက်ရင်ပုံသား ၂ ခု (၅၀၀ ဂရမ်ခန့်)
  • Kikkoman ပဲငံပြာရည် စားပွဲဇွန်း ၃ ဇွန်း
  • သကြားအညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၁ မြွှာ
  • တရုတ်ဆန်အရက် (Chinese rice wine) စားပွဲဇွန်း ၂ ဇွန်း
  • Panko မုန့်ကြွပ် ၁ ခွက်
  • ဂျုံမှုန့် (plain flour) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ၁ ခွက်ခွဲ / ၂ ခွက် (ကြော်ရန်)

ပြင်ဆင်ပုံ

ကြက်သားတွေကို အရေခွံဆုတ်ပြီး အဆီတွေကို ဖယ်နိုင်သမျှ ဖယ်ပါ။

နောက် အသားတွေကို တစ်စင်တီမီတာ အထူထားပြီး ကန့်လန့်ဖြတ် အစွေလိုက်လှီးပါ။

ပြီးရင် ပဲငံပြာရည်၊ သကြား၊ တရုတ်ဆန်အရက်နဲ့ ကြက်သွန်ဖြူ (ညက်ညက်ထောင်းလျက်)တို့ကို
ရောပြီး ဖန်ဇလုံတစ်ခုထဲမှာ ထည့်ပြီး သမအောင်မွှေပါ။

နောက် ကြက်သားတွေကို ထည့်ကာ သမအောင်နယ်ပြီး နာရီဝက်/ ၄၅ မိနစ်မျှ နှပ်ထားပါ။

နောက်တစ်ဆင့်မှာ ကြက်သားတွေကို ဆယ်ယူပြီး အရည်ကို စစ်ပါ။

ပြီးရင် မုန့်ကြွပ်မှုန့်နဲ့ ဂျုံမှုန့်တို့ကို ပန်းကန်ပြား တစ်ခုပေါ်မှာ ရောနယ်ပြီး ဖြန့်ထားပါ။

နောက် ကြက်သားတွေကို မုန့်ကြွပ်မှုန့်အရောတွင် လှိမ့်ပြီး အမှုန့်တွေ ကပ်နေအောင် နယ်ပါ။

ပြီးရင် ကြော်ရန်အတွက် ပြင်ထားပါ။

ဆီကို မတူးနိုင်တဲ့ ဒယ်အိုးပြားထဲမှာ ထည့်ပြီး အပူပေးပါ။

မီးကို ခပ်ပြင်းပြင်းအပူပေးပြီး ဆီပူလာရင် မီးကို မပြင်းတပြင်းအနေအထားသို့ လျှော့ချပါ။

နောက် ကြက်သားတွေကို တစ်ခုစီ စီထည့်ပြီး ကြော်ပါ။

ကြက်သားတွေကို ပဲငံပြာရည်ထဲမှ ဆယ်ယူပြီး အရည်စစ်ရာမှာ အရည်တွေ ကျန်နေရင်
ဆီပေါက်တတ်တာမို့ သတိထားပါ။

ကြက်သားတွေကို ဆီတိမ်တိမ်မှာသာ ကြော်ပါ။

ကြက်သားတွေ အရောင်ပြောင်းပြီး ရွှေဝါရောင်သမ်းလာရင် အထက်အောက်လှန်ပေးပြီး
ကျက်တဲ့အထိ ဆက်ကြော်ပါ။

ကြက်သားအပြားတွေ နှစ်ဖက်စလုံးမှာ ရွှေဝါရောင်သမ်းပြီဆိုရင် ဆယ်ယူပြီး မီးဖိုချောင်သုံး
တစ်ရှူးစက္ကူပေါ်မှာ ကျန်ဆီတွေကို စစ်ထားပါ။

ဆီကို လိုအပ်ရင် ထပ်ထည့်ပါ။

မီးပြင်းပြင်းမှာ မကြော်ဘဲ ဆီပူအောင်သာ မီးကို အတိုးအလျှော့ ကစားပါ။

 Sweet and chili ဆောစ့်နဲ့ တွဲစားပါ။


ဂျပန်ထမင်းသုပ်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ဆန် ၁ ခွက်ခွဲ
  • နှမ်းနက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူကြော် စားပွဲဇွန်း ၁ ဇွန်း
  • နံနံပင် (နုပ်နုပ်စင်းလျက်) စားပွဲဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
  • နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဘိုနီတို ငါးအခြောက်မှုန့် စားပွဲဇွန်း ၂ ဇွန်း (ပုဇွန်ခြောက်မှုန့်ကို အစားထိုးလို့ရပါတယ်)

ပြင်ဆင်ပုံ

ဆန်ကို ရေဆေးပြီး ရေနှစ်ခွက်နဲ့ နောက်တစ်ခွက်ကို လေးပုံသုံးပုံလောက် ထည့်ပြီး
ထမင်းပေါင်းအိုးထဲမှာ ချက်ပါ။

နံနံပင်တွေကို နုတ်နုတ်စဉ်းပါ။

ကြက်သွန်ကြော်ကိုလည်း ခပ်ညက်ညက်လေး ချေထားပါ။

နှမ်းနက်ကို ဒယ်အိုးပြားထဲမှာ လှော်ထားပါ။

ထမင်းကျက်ရင် ထမင်းကို ပန်းကန်ကြီးကြီးတစ်ခုထဲမှာ ထည့်ပြီး ခဏအအေးခံပါ။

ထမင်း နွေးနွေး အနေထားရောက်ရင် နံနံပင်၊ နှမ်းနက်၊ နှမ်းလှော်ဆီ၊ ဆား၊ ကြက်သွန်ဖြူကြော်နဲ့
ဘိုနီတိုငါးအမှုန့်တို့ကို ထည့်ပြီးမွှေပါ။

ပြီးရင် ချက်ချင်းစားပါ။

ထမင်းပူပူလေးမှာ ကြက်သားကြော်နဲ့ တွဲစားရင် ကောင်းပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။