အဆာပြေစားဖို့ ကြက်ဥ

ကြက်ဥကို မကြိုက်တဲ့သူ မရှိသလောက်မို့ ဒီတစ်ပတ် ချက်နည်းတွေကို ကြိုက်ကြမယ်လို့
ထင်ပါတယ်။

ကြက်ဥကို လက်ဖက်ခြောက်တို့၊ နာနတ်ပွင့်တို့နဲ့ ပြုတ်ထားပြီး အရသာတွေအားလုံး ကြက်ဥထဲ
စိမ့်ဝင်အောင် လုပ်ထားတာမို့ ကြက်ဥပြုတ်ပေမယ့် အရသာက ထူးပြီး လက်ဖက်ခြောက်နံ့လေး
လည်း သင်းနေစေပါတယ်။

သူ့ကို Marble egg လို့ လူသိများပါတယ်။

ဖြိုးက အိမ်မှာ brunch လုပ်ပြီဆိုရင် ဧည့်သည်တွေလည်း ဖိတ်ထားပြီး ကလေးတွေပါ
လာမယ်ဆိုရင် ကြက်ဥပြုတ်တို့၊ ငုံးဥပြုတ်တို့ကို တစ်မျိုးမျိုး စီစဉ်ထားပြီး အဆာပြေစားလို့
ရအောင်ရယ်၊ အမြည်းသဘောမျိုး မြည်းလို့ရအောင်ရယ် စီစဉ်လေ့ရှိပါတယ်။

အားလုံးအတွက် တစ်ပွဲတည်းနဲ့ ပြီးတာပေါ့နော်။

ကလေးဆိုတာကလည်း လူကြီးတွေ စားတာမျိုး သူတို့လည်း စားချင်တာကိုး။

Marble Egg
ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ပဲငံပြာရည် အကြည် ၁/၂ ခွက်
  • ရေ ၁/၂ ခွက်
  • နာနတ်ပွင့် ၂ ပွင့်
  • ပါးပါးလှီးထားတဲ့ချင်း ၂ ချပ်
  • လက်ဖက်ခြောက် စားပွဲဇွန်း ၁ ဇွန်းခွဲ

ပြင်ဆင်ပုံ

ကြက်ဥတွေကို အိုးတစ်လုံးထဲမှာ ရေအေးအေးတွေ မြုပ်အောင်ထည့်ပြီး ရေတွေ ပွက်လာသည်
အထိ အိုးကို မီးမပြင်းတပြင်းနဲ့ အပူပေးပါ။

နောက် မီးကို လျှော့ပြီး မီးအေးအေးလေးနဲ့ ငါးမိနစ်မျှ ပြုတ်ပါ။

ပြီးတဲ့အခါ အိုးကိုချပြီး ကြက်ဥတွေကို ဇွန်းနဲ့ မျက်နှာပြင်အနှံ့ ခပ်ဆပ်ဆပ်လေး ခေါက်ပါ။

အခွံတွေ အက်သွားစေဖို့ပါ။ အရမ်းကြီးလည်း ကျေမသွားပါစေနဲ့။

နောက်တစ်ဆင့်မှာ ကျန်ပါဝင်ပစ္စည်းတွေကို အိုးထဲထည့်ပြီး မီးအေးအေးနဲ့ ပြန်တည်ပါ။

ရေတွေ ဖြည်းဖြည်းလေး ပွက်လာပြီဆိုရင် ကြက်ဥတွေကို ပြန်ထည့်ပြီး ၁၅ မိနစ်မျှ ပြန်ပြုတ်ပါ။

ပြီးရင် ကြက်ဥတွေကို ဆယ်ပြီး အအေးခံကာ လက်နဲ့ ကိုင်နိုင်လောက်တဲ့အချိန်မှာ အခွံတွေကို
ခွာပြီး ဘိတ်ချဉ်လိုမျိုး အချဉ်ရေနဲ့ တို့စားနိုင်ပါတယ်။

ဒီချက်နည်းကတော့ ဖြိုးတို့မေမေရဲ့ ချက်နည်းလေးပါ။

ထုံးစံအတိုင်း နည်းနည်းလေးတော့ ဖြိုးအကြိုက် လုပ်ထားတာပေါ့နော်။

ငယ်ငယ်တုန်းကဆိုရင် မေမေက ထမင်းစားချိန်မှာ ဟင်းအနေနဲ့ စားဖို့ချက်ထား၊ ဖြိုးတို့ ညီအစ်မ
တွေက မီးဖိုထဲကိုဝင်တိုင်း ၀င်တစ်စိတ်၊ ထွက်တစ်စိတ်နဲ့ နှိုက်စား၊ ထမင်းစားချိန်မှာ ဟင်းက
မလောက်တော့ဘူးဆိုရင်တော့ မေမေ့ရဲ့ အဆူကို ပြေးမလွတ်ခံရတော့တာပါပဲ။


ဒေါ်ဖြူဖြူရဲ့ ကြက်ဥအချိုနှပ်
ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ပဲငံပြာရည် အကြည် ၁ ဇွန်း
  • ကြက်သွန်ဖြူ ၆ မြွှာ (အနေတော်)
  • ဆီ စားပွဲဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ကြက်ဥတွေကို အိုးတစ်လုံးထဲမှာ ရေအေးအေးကို မြုပ်အောင်ထည့်ပြီး ရေတွေ ပွက်လာတဲ့အထိ
အိုးကို မီးမပြင်းတပြင်းနဲ့ အပူပေးကာ ရှစ်မိနစ်မျှ ပြုတ်ပါ။

အချိန်ပြည့်ရင် မီးပိတ်ပြီး ၂ - ၃ မိနစ်မျှ ရေနွေးထဲမှာ ထားအပြီးမှာ ရေအေးခွက်ထဲ ပြောင်းထည့်
ပြီးထားပါ။

အေးသွားရင် အခွံနွှာပြီး ထားထားပါ။

နောက် ဘဲဥတွေကို ထက်ခြမ်း (သို့) လေးစိတ် စိတ်ထားပါ။

ပဲငံပြာရည်နဲ့ သကြားကို ခွက်တစ်လုံးထဲမှာ ရောထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် မတူးနိုင်တဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအေးအေးနဲ့ ဆီကို
နွေးအောင်တည်ပါ။

ဆီကျက်ပြီဆိုရင် ကြက်သွန်ဖြူတွေကို ထည့်ဆီသတ်ပါ။

ကြက်သွန်ဖြူအနံ့ ထွက်လာပြီဆိုရင် အိုးကို မီးဖိုပေါ်မှ ခဏဖယ်ကာ ပဲငံပြာရည်နဲ့ သကြား
အရောကို အသာလေး လောင်းထည့်ပါ။

ဆီအရမ်းပူရင် ဆီပေါက်တတ်တာမို့ သတိထားပါ။

နောက် ကြက်ဥတွေကို အကာဘက်ကို အောက်ကထားပြီး စီထည့်ပါ။

ပြီးတဲ့အခါ အိုးကို အဖုံးအုပ်ပြီး မီးဖိုပေါ်မှာ မီးအေးအေးနဲ့ ပြန်တည်ထားပါ။

ငါးမိနစ်လောက်ကြာရင် ကြက်ဥတွေကို အထက်အောက်လှန်ပြီး မီးပိတ်ကာ အိုးချလို့ရပါပြီ။

အဆာပြေပဲစားစား၊ ထမင်းနဲ့ပဲစားစား စားလို့ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။