ရှမ်းခေါက်ဆွဲ ဆစ်ဒနီဗားရှင်း

ဒီကော်လံကို စတုန်းကတော့ လွယ်သလိုလိုရှိသား။ ခြောက်လလောက်က ချက်လိုက်၊ ရေးလိုက်၊
ပစ္စည်းတွေ ရှာလိုက်၊ ဈေးဝယ်လိုက်နဲ့။ ဟုတ်နေတာပဲ။

အဲ.... သုံးလလောက်လကျရော ကိုယ်ဘာတွေ ချက်ပြီးပြီ၊ မချက်ရသေးဘူးဆိုပြီး ဇယားတွေ၊
မှတ်စုတွေ ထွက်လာရော။ စာမူတွေကိုလည်း ပြန်ရှာရအောင် လွယ်အောင်ဆိုပြီး လုပ်ရရော...။

တစ်နှစ်လည်း ရောက်ရော.. ခေါင်းလည်း ခဲရော။ ချက်ချင်တာတွေ၊ ချက်စရာတွေက များသား။

အပတ်စဉ်ထွက်အောင်ရယ်၊ ဟင်းချက်ပစ္စည်းတွေ အဆင်ပြေပြေ၀ယ်လို့ရအောင်ရယ်၊ ကျန်တဲ့
အလုပ်တွေလည်း ပြီးအောင်ရယ်၊ စာဖတ်ပရိတ်သတ်တွေ အကြံပေးတာကို ပြုပြင်ရတာရယ်၊
စားချင်တာတွေကို စာရင်းပေးပြီး ချက်နည်းရေးခိုင်းတဲ့ စာဖတ်ပရိတ်သတ်ကြီးနဲ့ မိတ်ဆွေတွေရယ်၊

ဒါတွေနဲ့ပဲ ဘာချက်ရမလဲ၊ ဘယ်လိုချက်ရမလဲ၊ ဘာချက်ပြီးသွားပြီလဲနဲ့ သွားနေလိုက်တာ၊
တစ်ပတ်တစ်ပတ်ကို တက်သုတ်ရိုက်နေရတယ်။

အင်း.. အယ်ဒီတာတွေက သဘောကောင်းပေလို့။ ဒီတစ်ပတ်တော့ အိမ်ကသူများရဲ့ ပွစိပွစိသံကို
ရှင်းရပါတော့မယ်။

သူတို့ စားချင်တာလေးတွေ ပြောထားပေမယ့် ကိုယ်ကလည်း ဟင်းအသစ်ချက်ဖို့ပဲ
လုံးပန်းနေတော့ နောက်ကြောင်းကို ပြန်ပြီးလှည့်ဖို့ အဆင်မပြေလှဘူး။

အရင်ဆုံးကတော့ ယောက်ျားရဲ့ တောင်းဆိုမှုကို လိုက်လျောမှုပေါ့။

ဂျွန်က ရှမ်းခေါက်ဆွဲကို အရမ်းကြိုက်၊ ဆန်ခေါက်ဆွဲကို သူက ပိုကြိုက်သား။ ဆိုင်တွေကနေ
ဝယ်ကျွေးပေမယ့်လည်း သူက ဆစ်ဒနီ မှာတုန်းက ချက်နေကျ ရှမ်းခေါက်ဆွဲမျိုးကို သူက
စားချင်တယ်။ ဆစ်ဒနီဗားရှင်းပေါ့။

အမှန်က ဆစ်ဒနီမှာ ရရာပစ္စည်းနဲ့ ရှမ်းခေါက်ဆွဲဖြစ်အောင် လုပ်လိုက်ရတာ။ အခုတော့
signature dish ဖြစ်နေတယ်။

နောက်ပြီး မိနစ် ၃၀ ချက်နည်း။

မြန်မြန်ဆန်ဆန် ရှမ်းခေါက်ဆွဲအသုပ်နှင့် အရည်

ရှမ်းခေါက်ဆွဲအတွက် ခရမ်းချဉ်သီးအနှစ်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ခရမ်းချဉ်သီး ပြုတ်ပြီးသားဘူး (whole peeled) ၁ ဘူး
  • ကြက်သွန်နီ ၁ ဥ
  • ရှောက်ကောပန်းကော (Chinese nutmeg) ၁ ခု
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ၁/၄ ခွက်
  • ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြင်ဆင်ပုံ

ခရမ်းချဉ်သီး ပြုတ်ပြီးသားဘူးတွေကို ဖောက်ပြီး ခရမ်းချဉ်သီးတွေကို ကျေအောင်ကြိတ်ပါ။
သို့မဟုတ် နုတ်နုတ်ကလေး ညှပ်ပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးထားပေးပါ။

ဆီကို အိုးထဲသို့ထည့်ကာ ပူလာအောင် မီးမပြင်းတပြင်းဖြင့် တည်ပါ။

နောက် ရှောက်ကော ပန်းကောအသီးကို ထိပ်ကွဲအောင် အသာလေးထုပြီး ဆီသတ်ပါ။

ချက်ချင်း ကြက်သွန်နီတွေကို ဆက်တိုက် ထည့်ကာ ညှိုးလာသည်အထိ ဆီသတ်ပါ။

ကြက်သွန်နီ တွေ ရွှေဝါရောင်စသမ်းပြီဆိုရင် ခရမ်းချဉ်သီးတွေကို ထည့်ကာ ဆီသတ်ပါ။

ခရမ်းချဉ်သီးရည်တွေ စပွက်ရင် မီးကို အဆုံးထိလျှော့ချကာ အဖုံးအုပ်ပြီး မီးအေးအေးဖြင့် တည်ပါ။

၁၅ မိနစ်မျှ တည်ပါ။

ရေတွေ ခမ်းလုရင် အပေါ့အငံအတွက် ဆားထည့်ကာ မီးကိုပြန်မြှင့်ပြီး မီးမပြင်းတပြင်းဖြင့်
ဆီပြန်အောင် တည်ပါ။

အဖုံးကိုဖွင့်ထားပါ။

ငါးမိနစ်လောက်ဆိုရင် ရပါပြီ။

ဖြိုးကတော့ နှစ်ဆ = ချက်ပြီး ပိုတဲ့အနှစ်တွေကို ရေခဲသေတ္တာထဲမှာ ခဲလေ့ရှိပါတယ်။

ခဏခဏ ချက်စရာ မလိုတော့ဘူးပေါ့။


အရည်သောက်၊ အသားပြုတ်ရည်အတွက်
ပါဝင်ပစ္စည်း

  • ကြက်ပြုတ်ရည် ၂ လီတာခွဲ ဂျင်း မထူမပါး ၂ ချပ် ကြက်သွန်ဖြူ ၂ မြွှာ ပဲပုပ်ပြား မီးကင်ပြီး ၁/၂ ချပ် ကြက်သွန်နီဥသေး ၁ လုံး (၆ စိတ်စိပ်ပါ) ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

အိုးထဲသို့ ကြက်သားပြုတ်ရည်၊ တစ်ပြားရိုက်ထားသောကြက်သွန်ဖြူ၊ ချင်းနှင့် ပဲပုပ်ပြားတွေကို
ထည့်ကာ မီးမပြင်းတပြင်းဖြင့် တည်ပါ။

ဟင်းရည်ပွက်ရင် ကြက်သွန်နီ၊ ဆားနှင့်ငရုတ်ကောင်းတို့ကို ထည့်ကာ မီးအေးအေးဖြင့်
၁၅ မိနစ်လောက် တည်ထားပါ။

အပေါ့အငန်အတွက် ဆားကိုသာ သုံးပါ။


ရှမ်းခေါက်ဆွဲအတွက် ပြင်ဆင်ပုံ

ရေစိမ်/ ဆန်စီး/ ရှမ်းခေါက်ဆွဲ ၂ ထုပ်ကို ၁၅ မိနစ်လောက် ရေစိမ်ထားပါ။

ပြီးရင် အိုးတစ်လုံးဖြင့် ရေနွေးအိုးတည်ပါ။

ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ကာ ပွက်အောင်တည်ပါ။

ရေနွေးပွက်ရင် မီးအေးအေးဖြင့် ဆက်တည်ပြီး ခေါက်ဆွဲတွေကို ရေနွေးဖျောပါ။

စားကာနီးမှ ပွဲပြင်ပါ။

အခြားပါဝင်ပစ္စည်းများ

  • ပဲပုပ်ခြောက် (အထူ) ၃ ချပ် (မီးကင်ပြီး ညက်အောင်ထောင်းပါ/ ကြိတ်ထားပါ။
  • ကြက်သွန်ဖြူဆီချက် (ဆီ ၁/၄ ခွက်တွင် ကြက်သွန်ဖြူ ၃ မြွှာလောက်ကို ထည့်ကာ
    ကြက်သွန်ဖြူတွေ ရွှေဝါရောင်သမ်းသည်အထိ ကြော်ပြီး အအေးခံပါ)
  • ပဲငံပြာရည်အကြည် (Kikkoman) ၁/၄ ခွက်
  • ရှမ်းကြက်သွန်ချဉ် ၁/၃ ခွက် (နုပ်နုပ်လေးလှီးထားပါ)
  • မြေပဲ ၁/၃ ခွက် (ညက်ညက်ထောင်း/ ကြိတ်ထားပါ)
  • ငရုတ်သီးမှုန့်
  • ငရုတ်ကောင်းအဖြူမှုန့်

ပြင်ဆင်ပုံ

ခေါက်ဆွဲလက်တစ်ဆုပ်စာကို ၁၀ - ၁၅ စက္ကန့်လောက် ရေနွေးဖျောပါ။

ပြီးရေစစ်ပြီး ပန်ကန်ထဲ ထည့်ကာ ပဲပုပ်မှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ရှမ်းကြက်သွန်ချဉ်
လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ခရမ်းချဉ်သီးအနှစ် စားပွဲဇွန်း
နှစ်ဇွန်း၊ မြေပဲမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း
တစ်ဇွန်းတို့ကို ထည့်ကာ နှံ့အောင်နယ်ပြီး သုံးဆောင်နိုင်ပါတယ်။

ကြက်သွန်ဖြူချဉ်နဲ့ ရှမ်းချဉ်တို့နဲ့ တွဲပြီးစားသုံးနိုင်ပါတယ်။

နောက်ပါဝင်ပစ္စည်းတွေကိုလည်း စိတ်ကြိုက် အတိုးအလျှော့ ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ဟင်းရည်နဲ့ တွဲပြီး ပွဲကို ချပေးပါ။

အရည်သောက်ကြိုက်ရင်တော့ ဟင်းရည်ကို ၂/၃ ခွက် ထည့်ဆမ်းပြီး ကြက်သွန်မြိတ်လေးဖြူးကာ
သုံးဆောင်နိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။