ပဲကြာဆံ သုပ်မလား၊ ကြော်မလား

ဒီတစ်ပတ်မှာ ပဲကြာဆံကို ဇာတ်လိုက်အဖြစ် ရွေးချယ်ထားပါတယ်။ ပဲကြာဆံကို ထိုင်းစတိုင်လေး
ချဉ်၊ ငန်၊ စပ် သုပ်စားမလို့ပါ။ နောက်ပြီး ကိုရီးယားစတိုင် အာလူးခေါက်ဆွဲလိုမျိုး ကြော်လည်း
စားဖို့ စီစဉ်ထားပါတယ်။

လွယ်လွယ်ကူကူ ချက်လို့ဖြစ်မယ့်နည်းလေးကို မျှဝေမှာပါ။ အဆာပြေပဲလုပ်စားလုပ်စား၊
ရှိတာလေးနဲ့ ဟင်းဖြစ်အောင် အမြန်စီစဉ်မယ်ဆိုလည်း အဆင်ပြေတဲ့ နည်းလေးပါ။

ပဲကြာဆံကို သူ့ချည်းသက်သက် သုပ်စားလို့ ကောင်းသလို၊ ပင်လယ်စာနဲ့ တွဲရင်လည်း
စားကောင်းပါတယ်။ ဟင်းပွားတာပေါ့။

နောက်ပြီး ဖြိုးက သူ့ကို ကြော်စားတာကိုလည်း ကြိုက်တယ်။ အဲ...ဆီမများအောင်တော့
နည်းနည်း သတိထားရတယ်။ နို့မို့ဆို စားလို့မကောင်းတော့ဘူး။

ပဲကြာဆံသုပ်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ပဲကြာဆံအခြောက် ၁၂၀ - ၁၃၀ ဂရမ်
  • ကြက်သွန်နီ ၁ ဥ
  • မုန်ညင်းဖြူ ၂၅၀ - ၃၀၀ ဂရမ် (ပါးပါးနုပ်နုပ်လှီးပါ)
  • သံပုရာရည် စားပွဲဇွန်း ၆ ဇွန်း
  • ငံပြာရည် စားပွဲဇွန်း ၃ ဇွန်း
  • သကြားအညို brown sugar လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ပုဇွန်ခြောက်အကောင်သေး ၁၀ - ၁၅ ကောင်
  • ခရမ်းချဉ်သီးအသေး ၁၀ - ၁၅ လုံး (ထက်ခြမ်းခြမ်း)
  • မြေပဲဆားလှော် အခွံချွတ်ပြီးသား စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ပဲကြာဆံတွေကို ရေဆေးပြီး ရေနွေး (ခပ်နွေးနွေးလေး နဲ့) စိမ်ထားပါ။ ပျော့လာသည်အထိ စိမ်ပါ။

မုန်ညင်းဖြူတွေကို လိုသလောက် အရွက်ခွာယူပြီး ရေဆေးကာ စစ်ထားပါ။

ပြီးရင် ရိတ်ရိတ်လေး၊ နုပ်နုပ်လေး လှီးပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးကာ ရေဆေးပြီး စစ်ထားပါ။

Dressing အတွက် သံပုရာရည်၊ ငံပြာရည်တို့ကို သကြားနှင့် ရောကာ သကြားပျော်သည်အထိ
မွှေကာ စပ်ပါ။

ပြီးရင် ငရုတ်သီးမှုန့် (ဟင်းချက်ရာတွင်သုံးသည်)ကို ထည့်ကာ မွှေပါ။

အိုးတစ်လုံးထဲသို့ ရေထည့်ကာ ဆားစားပွဲဇွန်း ၁/၂ ဇွန်းထည့်ပြီး ပွက်အောင် တည်ပါ။

ရေနွေးပွက်ရင် ကြာဆံတွေကို ပြုတ်ပါ။

၄၅ မိနစ်လောက် ကြာတတ်ပါတယ်။ ဒါမှမဟုတ် ကြာဆံတွေ အရောင်ကြည်လာပြီဆိုရင် ရပါပြီ။

နောက် ကြာဆံတွေကို ရေစစ်ပြီး ရေအေးအေးဖြင့် ဆေးချပါ။

နောက် ရေစင်အောင် စစ်ထားပါ။

ပြီးရင် ပန်းကန်ကြီးကြီးတစ်လုံးထဲမှာ မုန်ညင်းဖြူ၊ ကြာဆံ၊ ပုစွန်ခြောက်တို့ကို ထည့်ကာ dressing
ကို ဆမ်းပြီးနယ်ပါ။

မြေပဲဆားလှော်နဲ့ ခရမ်းချဉ်သီးကို နောက်ဆုံးမှ ထည့်ပြီး ပွဲပြင်ပါ။


ပဲကြာဆံကြော်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ပဲကြာဆံအခြောက် ၁၈၀ - ၂၀၀ ဂရမ်
  • ကြက်သွန်မြိတ် ၄ ပင်
  • တရုတ်နံနံပင် ၃ ပင်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
  • ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်ဥ ၂ လုံး

ပြင်ဆင်ပုံ

ပဲကြာဆံတွေကို ရေဆေးပြီး ရေနွေး (ခပ်နွေးနွေးလေးဖြင့်) စိမ်ထားပါ။ ပျော့လာသည်အထိ စိမ်ပါ။

ကြက်သွန်မြိတ်တွေကို နုပ်နုပ်လေး လှီးပါ။

ကြက်ဥတွေကို ပန်းကန် တစ်လုံးထဲမှာ ပဲငံပြာရည် ၃ - ၄ စက် လောက်ထည့်ပြီး
ငရုတ်ကောင်းအဖြူမှုန့် တစ်တို့စာလောက်ဖြင့် နာနာလေး ခေါက်ပြီးထားပါ။

အိုးတစ်လုံးထဲသို့ ရေထည့်ကာ ဆားစားပွဲဇွန်း ၁/၂ ဇွန်းထည့်ပြီး ပွက်အောင် တည်ပါ။

ရေနွေးပွက်ရင် ကြာဆံတွေကို ပြုတ်ပါ။

၄၅ မိနစ်လောက် ကြာတတ်ပါတယ်။ ဒါမှမဟုတ် ကြာဆံတွေ အရောင်ကြည်လာပြီဆိုရင် ရပါပြီ။

နောက် ကြာဆံတွေကို ရေစစ်ပြီး ရေအေးအေးဖြင့် ဆေးချပါ။

နောက် ရေစင်အောင် စစ်ထားပါ။

ဒယ်အိုးထဲသို့ ဆီကို ထည့်ကာ ဆီပူလာသည်အထိ မီးမပြင်းတပြင်းဖြင့် တည်ပါ။

ပြီးရင် ကြက်ဥတွေကို နာနာလေး အမြှုပ်ထွက်လာတဲ့အထိခေါက်ပြီး ကြော်ပါ။

ကြက်ဥတွေ ပွလာသည်အထိ ကြော်ပြီးရင် ကြေသွားအောင် ဇွန်းဖြင့် ထိုးချေပါ။

နောက် တရုတ်နံနံကို အပင်လိုက်ထည့်ပြီး ဆက်မွှေပါ။

ကြာဆံနဲ့ ပဲငံပြာရည် ကိုထည့်ပြီး အရောင်တွေ ညီလာသည်အထိ ဖြည်းဖြည်းလေး မွှေရင်း
ကြော်ပါ။

အပေါ့အငန်အတွက် ဆားကို ထည့်ပါ။

၃ - ၄ မိနစ်လောက်ကြော်ပြီးရင် ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းအဖြူမှုန့်တို့ကို ထည့်ကာ
နှံ့အောင်မွှေပြီး အိုးကို ချပါ။

ငရုတ်ဆီ၊ ဘိတ်ချဉ်တို့နဲ့ တွဲစားနိုင်ပါတယ်။

ခလေးတွေ အတွက်လည်း သင့်တော်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။