နေ့လယ်ခင်း အင်္ဂလိပ်လက်ဖက်ရည်ပွဲတော်

ပြီးခဲ့တဲ့ တစ်ပတ်က ဖြိုးဆီကို မိတ်ဆွေတစ်ယောက်ဆီကနေ ဖိတ်စာတစ်စောင် အီးမေးလ်ကနေ
ရောက်လာပါတယ်။

နောက်လ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဗြိတိန်သံအမတ်ကြီးအိမ်မှာ ကျင်းပမယ့် Great Day out ကို
ဆင်နွှဲဖို့ပါ။

အဲဒီမှာ အင်္ဂလိပ်အစားအစာတွေထဲက scones and sandwich တို့၊ ဘာတို့ကိုလည်း
လာရောက်မြည်းစမ်းဖို့ ပြောထားပါတယ်။

ဖိတ်စာနဲ့ ပတ်သက်ပြီး အဲဒီသူငယ်ချင်းနဲ့ စကားပြောဖြစ်ရင်းက သူတို့ရဲ့ ပွဲမတိုင်ခင်
အင်္ဂလိပ်အစားအစာတွေကို ရေးဖို့ဖြစ်လာပါတယ်။

ဖြိုးအကြိုက်ဆုံး အင်္ဂလိပ်အစားအစာကတော့ English Afternoon tea မှာ ဧည့်ခံလေ့ရှိတဲ့
မုန့်တွေပါ။

Scones တို့၊ Cup cakes တို့၊ Sandwich တို့လိုမျိုးကို ကြိုက်ပါတယ်။

နောက်ပြီး မုန့်ဖုတ်ချင်တဲ့သူတွေ၊ Oven နဲ့ ချက်ချင်း လက်တည့်စမ်းချင်တဲ့ သူတွေအတွက်
ဟင်းချက်နည်းလေးတွေလည်း ရေးဖို့ပြင်နေတာ တော်တော်ကြာပြီ။

ကိုယ်နဲ့ ကိုယ့် Oven နဲ့ အသားကျဖို့ လုပ်နေရင်းကနေ မရေးဖြစ်သေးတာ။

Scones ကို နေ့လယ်ခင်းမှာ တည်ခင်းလေ့ရှိတဲ့ အင်္ဂလိပ်လက်ဖက်ရည်ပွဲတွေမှာ၊ နောက်
မနက်ခင်း ကော်ဖီသောက်တဲ့အချိန်မှာ လက်ဖက်ရည်တို့၊ ကော်ဖီတို့နဲ့ တွဲပြီး ဧည့်ခံလေ့ရှိပါတယ်။

Scones ကို ပူပူနွေးနွေးလေး ဖုတ်ပြီးခါစမှာ ကရင်မ်တို့၊ စတော်ဘယ်ရီတို့လို ဘယ်ရီယို
(berry jams)တို့နဲ့ တွဲပြီးစားလေ့ရှိပါတယ်။

ဒါမှမဟုတ် ချိစ်တို့၊ Bacon တို့လည်း ထည့်စားလေ့ရှိပါတယ်။

အချို၊ သို့မဟုတ် savory လို့ခေါ်တဲ့ အဆာပြေမုန့်လိုမျိုးပေါ့။

နောက်ပြီး သူ့ကိုလုပ်ရတာ သိပ်လွယ်တာမို့ မုန့် စဖုတ်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

နောက်ပြီး အချိုလိုချင်ရင် အသီးအနှံတွေထည့်၊ Savory လိုချင်ရင် တခြားချိစ်တို့၊ Ham တို့ 
Bacon အသားတို့၊ Herbs တို့ ထည့်ပြီး အမျိုးစုံလုပ်စားလို့ ရပါတယ်။

ဖြိုးတို့ မိသားစုကတော့ တနင်္ဂနွေမနက်မှာ အပြင်ထွက်ပြီး မနက်စာစားရင်စား၊ ဒါမှမဟုတ်
ရေကူးပြီး တစ်ခုခုလုပ်စားကြလေ့ရှိပါတယ်။

သမီး သီရိဆုကလည်း မီးဖိုချောင်ထဲမှာ ၀င်ကူရတာကို သဘောကျပါတယ်။

အလွယ်ကူဆုံး ကလေးထိန်းနည်းက သူတို့နဲ့ အတူတူ မုန့်ဖုတ်ခြင်းပါ။

အဲဒီတော့ ဖြိုးတို့လုပ်နေကျ scones မုန့်ဖုတ်နည်းလေးတွေကို မျှဝေလိုက်ပါတယ်။

Scones Basic
(အခု ၂၀ သာသာ ထွက်ပါသည်)
ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် (self raising) ၃ ခွက် (self raising ကိုပဲ သုံးပါ။ အစားထိုးလို့ မရပါ။)
  • နွားနို့ ၃၀၀ မီလီမီတာ
  • ထောပတ် ၁၀၀ ဂရမ်
  • ဘိုင်ကပ် ဆော်ဒါ (sodium bicarbonate) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Caster sugar သကြား စားပွဲဇွန်း ၂ ဇွန်း
  • လီမွန်အရည် စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

Oven ကို အပူချိန် ၂၀၀ - ၂၂၀ ဒီဂရီစင်တီဂရိတ်မှာ ထားပြီး အပူပေးပါ။

ထောပတ်ကို အခန်းအပူချိန်မှာ ပျော့လာအောင် ရေခဲသေတ္တာထဲက ထုတ်ထားပါ။

နွားနို့နှင့် လီမွန်အရည်ကို ရောမွှေကာ သတ်သတ်ထားပါ။

ဂျုံမှုန့်တွေကို ဆန်ခါစိပ်စိပ်လေးကိုဖြတ်ပြီး ဇလုံထဲသို့ ထည့်ပါ။

ပြီးအလယ်မှာ တွင်းလေးလို တူးပြီး ထောပတ်အခဲလိုက်ကို ထည့်ကာ လက်ချောင်းထိပ်နဲ့
ဂျုံမှုန့်တွေအကြား ပျော်ဝင်သွားအောင် ဖိခြေပြီး နယ်ပါ။

ပြီးမှ နွားနို့နဲ့ လီမွန်ရောထားတဲ့ အရည်ကို ထည့်ကာ မွှေပါ။

ခပ်ပျစ်ပျစ်နဲ့ စေးစေးလေးဖြစ်လာပြီဆိုရင် မုန့်သား (dough)ကို ဂျုံမှုန့်ပါးပါးလေး ဖြူးထားတဲ့
စားပွဲမျက်နှာပြင်ပေါ်သို့ပြောင်းကာ သာသာလေး နယ်ပေးပါ။ အရမ်းကြီး မဖိပါနဲ့။

ပြီးရင် စားပွဲမျက်နှာ ပြင်ပေါ်မှာ မုန့်သားကို အသာလေးလက်နဲ့ဖြန့်ရင်း ဖိပါ။

နှစ်စင်တီမီတာခွဲ အထူလောက်ရရင် ရပါပြီ။

မုန့်နယ်စဉ်မှာ မုန့်သားတွေ လက်မှာ မကပ်အောင်၊ စားပွဲမှာ မကပ်အောင် ဂျုံမှုန့်ကို လက်မှာ
ပါးပါးလေး သုတ်ပြီးနယ်ပါ။

လိုအပ်ရင် မုန့်သားနဲ့ စားပွဲမျက်နှာပြင်ပေါ်မှာ ပါးပါးလေး ဖြူးပေးပါ။

မုန့်သားကို ၃ - ၄ စင်တီမီတာ အ၀ိုင်းလောက်ရှိတဲ့ ဖန်ခွက်အသေး၊ သို့မဟုတ် ကွတ်ကီးဖြတ်ခွက်
လေးတွေနဲ့ ဖြတ်ပါ။

အခု ၂၀ လောက် အသာလေး ရပါတယ်။

မုန့်ဖုတ်ဗန်းထဲမှာ Non grease စက္ကူကိုခင်းကာ မုန့်သားတွေကို စီထည့်ပါ။

ပြီး နွားနို့ကို မုန့်သားတွေပေါ်ကို ပါးပါးလေး သုတ်လိမ်းပါ။

ကဲ မုန့်ဖုတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ မုန့်ဗန်းကို Oven ထဲ ထည့်ပြီး ဖုတ်လို့ရပါပြီ။

၁၀ မိနစ်လောက်ဆို ရလောက်ပါပြီ။

မုန့်သားတွေ ပွလာပြီး မုန့်အရွယ်အစား နှစ်ဆ ဖြစ်လာပြီဆိုရင် အောင်မြင်ပါပြီ။

သေချာချင်ရင်တော့ ဓားပါးဦးချွန်လေးကို ထိုးထည့်ပြီး ပြန်ဆွဲထုတ်လိုက်ပါ။

ဓားပါးမှာ ဘာမှစွန်းထင်း မကျန်ခဲ့ရင် အိုကေဆိုတဲ့ အဖြေပါပဲ။

Scones ကို အလယ်ကနေ ထက်ပိုင်းပိုင်းပြီး စတော်ဘယ်ရီယို၊ သို့မဟုတ် တခြားဘယ်ရီယိုတို့နဲ့
တွဲစားပါ။

ဒါမှမဟုတ် ခရင်မ် ၂၅၀ မီလီလီတာကို ဗင်နီလာအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့
ပျစ်လာတဲ့အထိ နာနာလေးခေါက်ပြီး ဗင်နီလာကရင်မ်ဖြင့် ညှပ်စားလို့ရပါတယ်။

လက်ဖက်ရည်ပူပူ၊ သို့မဟုတ် ကော်ဖီပူပူလေး တစ်ခွက်တော့ လိုတာပေါ့။

Cucumber sandwich လို့ခေါ်တဲ့ သခွားသီး ဆန်းဒ်ဝစ်ခ်ျက ပူအိုက်တဲ့ နေ့လယ်ခင်းတွေမှာ
လန်းလန်းဆန်းဆန်း ဖြစ်စေတယ်တဲ့။

သူကလည်း Afternoon tea menu ရဲ့ မပါမဖြစ်ပေါ့။

ဂျွန်ကတော့ It's beautiful တဲ့။

 Salt and Pepper လေးတွေနဲ့ဆို ကောင်းမှကောင်း လုပ်နေသေးတာ။

ဒီ ဗမာမကတော့ သခွားသီးဆိုမှ ငါးပိတို့၊ ပုစွန်ခြောက်တို့ပဲ အတွဲအစပ်လို့မြင်တာ။

ဒါနဲ့ပဲ အငန်အတွက် Anchovies butter လုပ်လေ့ရှိတဲ့ဆိုတော့ ဘာရမလဲ။
ဗာလချောင်ထောပတ် လုပ်လိုက်တာပေါ့။

နောက်ကြုံမှ ဗာလချောင် ဆန်းဒ်ဝစ်လေး ရေးပေးဦးမယ်။

ကြက်ဥပြုတ်တွေ၊ ဆလတ်ရွက်တွေနဲ့ အသေအချာကြဲထားတာ။


ဗာလချောင် သခွားသီး ဆန်းဒ်ဝစ်ခ်ျ
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ပေါင်မုန့်အဖြူ အချပ် (Slice) ၆ ချပ်
  • ဗာလချောင်ကြော်/ ပုစွန်ခြောက်ကြော် (အချို) စားပွဲဇွန်း ၃ - ၄ ဇွန်း
  • သခွားသီး စိမ်းစိမ်းမာမာလေး ၂ - ၃ လုံး
  • ထောပတ်

ပြင်ဆင်ပုံ

သခွားသီးကို အခွံသင်ပြီး အခွံနွှာဓားနဲ့ ဖဲပြားလေးများကဲ့သို့ ဖြစ်အောင် ပါးပါးလေးလွှာယူပါ။

အစေ့များများရရင် ရပ်ပြီး နောက်တစ်ဖက်ကို ပြောင်းပါ။

အစေ့တွေ မပါပါစေနဲ့။ ပြီးရင် မီးဖိုချောင်သုံး တစ်ရှူးစက္ကူပေါ်မှာ ခင်းပြီးထားပါ။

အရည်တွေ စုပ်သွားအောင်ပါ။

ထောပတ်ကို ပေါင်မုန့် ပုံမပျက်အောင် သုတ်ပါ။

ထောပတ်ထူထူ လေးပေါ်မှာ ဗာလချောင်ကြော်ကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာလောက် ဖြူးပါ။

နောက် သခွားသီးများကို အစီအရီ ဖြန့်တင်ပါ။ သုံး - လေးထပ် လောက်တင်ပါ။

ပြီးရင် ဗာလချောင်ကြော်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် ဖြူးပါ။

နောက် ထောပတ်ထူထူ သုတ်ထားတဲ့ ပေါင်မုန့်ကို ပြန်အုပ်ပြီး ပေါင်မုန့်ကို အနားသားများ
အကုန်လှီးထုတ်ပါ။

တြိဂံပုံ ဒါမှမဟုတ် အရှည်လိုက်လှီးပြီး သုံးဆောင်ပါ။

အစောကြီး ကြိုမလုပ်ထားပါနဲ့။

ဒါမှမဟုတ်လည်း ငါးခြောက်ထောင်းကြော်လိုမျိုးနဲ့လည်း ဖြစ်ပါတယ်။

ဗာလချောင်ကို ဆီမပါပါစေနဲ့။ ခြောက်ခြောက်လေးဖြစ်ပါစေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။