အာလူး

ဒီတစ်ပတ်တော့ အာလူးကို အပေါ်ယံကကြွပ်ကြွပ်လေးနဲ့ အထဲမှာ အိအိလေးကြော်ထားတာမျိုးကို
စားချင်နေတာနဲ့ ဒယ်အိုးထဲမှာကြော်လို့ရအောင် စမ်းချက်ရင်း ကြော်စားပါတယ်။

ဒီလိုအာလူးကြော်မျိုးကို ဖြိုးတို့လင်မယား နှစ်ယောက်စလုံး ကြိုက်လွန်းလို့ take away လိုမျိုး
ရောင်းတဲ့ ဆိုင်ကနေ ခဏခဏ၀ယ်စားကြပါတယ်။

နောက်ပိုင်း dinner party တွေအတွက်လည်း မကြာမကြာချက်ဖြစ်တဲ့ ဟင်းပါ။

သူ့ရဲ့ မူလချက်နည်းက oven နဲ့ roast လုပ်တာပါ။

အခုဖော်ပြပေးထားတဲ့ နည်းလေးကတော့ nonstick fry pan ဒယ်ပြားလေးထဲမှာ
အရသာတူအောင် ချက်ထားတာဖြစ်ပါတယ်။

Thymes leaves နဲ့ ကြော်ထားတဲ့ အာလူးကြော်ကြွပ်ကြွပ်လေး
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • အာလူးအလတ်အလုံး ၂၀ နီးပါး (၆၀၀ ဂရမ်)
  • ကြက်သွန်နီ (အလတ်) ၂ လုံး
  • သံလွင်ဆီ ၁/၈ ခွက်
  • Thymes leaves အခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

အာလူးတွေကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ပြီး ပြုတ်ပါ။

အာလူးကျက်၊ မကျက်သိဖို့အတွက် ဓားဦးချွန် (သို့) ခက်ရင်း တစ်ခုနဲ့ အားလူးထဲကို ထိုးကြည့်ပါ။

လွယ်လွယ်လေး စိုက်ဝင်သွားပြီဆိုရင် အာလူးက အထဲအထိ ကျက်ပါပြီ။

အဲဒီအခါကျရင် မီးပိတ်ပြီး အာလူးကို အအေးခံပါ။

လက်နဲ့ ကိုင်လို့ ရပြီဆိုရင် အခွံနွှာပြီး နှစ်စင်တီမီတာ အတုံးလေးတွေဖြစ်အောင် လှီးပါ။

နောက် ကြက်သွန်နီကို အခွံနွှာပြီး တစ်လုံးစီကို ရှစ်စိတ်ရအောင် လှီးပါ။

အားလုံးပြီးပြီဆိုရင် အကြော်ဒယ်ပြားထဲမှာ သံလွင်ဆီနဲ့ အာလူးကို ထည့်ပြီး မီးပြင်းပြင်းလေးနဲ့
ကြော်ပါ။

အာလူးတွေ သံလွင်ဆီနဲ့ နှံ့နှံ့စပ်စပ် ထိသွားပြီဆိုရင် အဖုံးအုပ်ထားပြီး နှစ် - သုံးမိနစ်လောက်
ကြော်ပါ။

ပြီးရင် အာလူးတွေကို မွှေပေးပါ။ နောက် သုံးမိနစ် ဆက်ကြော်ပါ။

နာက်တစ်ဆင့်မှာ thymes အရွက်ခြောက်နဲ့ ကြက်သွန်နီတွေကို ထည့်ပြီးကြော်ပါ။

အဖုံးကို ဆက်အုပ်ထားပြီး မီးကို မပြင်းတပြင်း အနေအထားကို လျှော့ကာ နှစ် - သုံးမိနစ်လောက်
ဆက်ကြော်ပါ။

မကြာခဏ မွှေပေးပါ။

နောက် အဖုံးကို ဖွင့်ပြီး နောက်ထပ် သုံး - လေးမိနစ်လောက် ဆက်ကြော်ပါ။

ဒါမှမဟုတ် ရွှေဝါရောင်လေးသမ်းပြီး အပေါ်ယံတင်းတင်းလေးနဲ့ ကြွပ်လာတဲ့အထိကြော်ပါ။

အရသာအတွက် ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်ကို သုံးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။