လွယ်လွယ်ကူကူ တရုတ်စတိုင် ဟင်းလျာများ

ပြီးခဲ့တဲ့သီတင်းပတ်က အစီအစဉ်မရှိဘဲ အိမ်မှာ ဧည့်သည်ကို ထမင်းဖိတ်ကျွေးဖို့ ဖြစ်လာတာနဲ့
ဘာဘီကျူး ကြက်ကင်နှစ်ကောင် ၀ယ်ပြီး အရန်ဟင်းလေးတွေ၊ salad တွေ၊ ထမင်းကြော်စသဖြင့်
လက်လှမ်းမီရာ အမြန်စီစဉ်လိုက်ရပါတယ်။

စိတ်ပူပြီး ကြက်ကင်နှစ်ကောင် ၀ယ်လိုက်တာ တကယ်တမ်း ထင်သလောက်မကုန်တော့
'ဪ.. နောက်နေ့ ကြက်သားဆင်းဒ၀စ် လုပ်စားမယ်ပေါ့။'

ဒါပေမဲ့ ဗိုလ်စာတွေ ထပ်လာတော့ ထမင်းလေး စားချင်လာရော။ ကျန်နေတဲ့ ကြက်ကင်တွေနဲ့
ဘယ်လိုချက်ရင် ကောင်းမလဲပေါ့။

အမေတို့အိမ်မှာတော့ အရေခွံတွေ မကျန်တော့တဲ့ ကြက်ကြော်ကို အမေက သုပ်လိုက်၊
ဆော့စ်တွေအမျိုးမျိုးနဲ့ ကြော်ချက်လေး လုပ်လိုက်ပေါ့။

ဒါနဲ့ပဲ ကိုယ်လည်း အိမ်မှာရှိတဲ့ ကြက်ကင်တွေကို တရုတ်ဟင်းလျာစတိုင် ကြော်ချက်တစ်ခွက်
စီစဉ်လိုက်ပါတယ်။

အရွက်တစ်ခုခုထည့်ဖို့ စဉ်းစားပြီး leek ကို ထည့်ချက်လိုက်တယ်။ ကြက်သားနဲ့ leek က
အတွဲညီလို့ ချက်စားကြတာလေ။

Leek က ကြက်သွန်မြိတ်လိုမျိုးပါ။ သူက လုံးပတ်တုတ်ပြီး ပိုရှည်ပါတယ်။ အဖြူရောင်အပိုင်းကိုပဲ
သုံးလို့ရပါတယ်။

ကြက်သားနှင့် leek ကြော်ချက်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ကြက်ကင် တစ်ဝက်
  • Leek ၂ ချောင်း
  • Massel တံဆိပ်ကြက်သားမှုန့်
    လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ ၁ ခွက်မှာဖျော်ပါ။
  • ငရုတ်ကောင်းမှုန့်အဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း
  • နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

Leek အဖြူရောင်အပိုင်းကို အကွင်းလိုက်လှီးပြီး သတ်သတ်ဖယ်ထားပါ။

နောက် ကြက်သားမှုန့်ဖျော်ရည်ကို ပြင်ပါ။

ဆီနှစ်မျိုးကိုရောပြီး အကြော်အိုးထဲမှာ မီးမပြင်းတပြင်းနဲ့ အပူပေးပါ။

ဆီပူလာပြီဆိုရင် leek ကိုထည့်ပြီး ကြော်ပါ။

Leek အရောင်ပြောင်းပြီး ကြည်လာတဲ့အခါ ကြက်သားတွေကို ထည့်ပါ။

ကြက်သားအရည်ကို လောင်းထည့်ပြီး ငရုတ်ကောင်းမှုန့်လည်း ဖြူးထည့်ကာ အဖုံးအုပ်ပြီး
ငါးမိနစ်လောက် နှပ်ပါ။

နှမ်းလှော်ဆီ အနည်းငယ်ကို ဆမ်းပြီး ထမင်းဖြူနဲ့ တွဲစားပါ။


ပြီးခဲ့တဲ့အပတ်က ဈေးဝယ်ထွက်ရင်း Promart မှာ shitake မှိုအစိုတွေ ရခဲ့ပါတယ်။ Shitake မှိုက
အခြောက်ပဲ ရလေ့ရှိပြီး အစိုက ရခဲပါတယ်။ မှိုရလာတဲ့ မျက်နှာ ဆိုတဲ့စကားက တကယ်ပဲ
မှန်ပါတယ်။ အဲဒီမှိုကို တကိုင်ကိုင်နဲ့ ဟိုလိုချက်ရင်ကောင်းမလား၊ ဒီလိုချက်ရင် ကောင်းမလား
လုပ်နေတာ။

ဖြိုးက Shitake မှိုအစိုကို တော်တော်ကြိုက်တာကြောင့်ပါ။ သူက အနံ့က ပြင်းတယ်ဆိုပေမယ့်
နံတာမျိုး မဟုတ်ပါဘူး။ နောက်ပြီး ထူထူလေးနဲ့ ၀ါးရတာလည်း ကောင်းတာမို့ပါ။ မှိုအစိုကို
အစပ်ချက်တာမျိုးကလည်း ကောင်းပါတယ်။

Shitake မှိုနှင့် ပဲငါးပိအစပ်နှပ်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • Shitake မှိုအစို (၁၂၀ ဂရမ်)
  • ကြက်သွန်နီ ၃ ဥ
  • ပဲငါးပိ (အစေ့) စားပွဲဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူနဲ့ ငရုတ်သီးအနှစ် Lee KumKee တံဆိပ် စားပွဲဇွန်း ၁ ဇွန်း
    (ရှမ်းငရုတ်ချဉ်ကို အစားထိုးလို့ရပါတယ်)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
  • နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

ကြက်သွန်နီတွေကို ခပ်ကြမ်းကြမ်းလေး လှီးပါ။

မှိုတွေကို ပါးပါးလေးလှီးပြီး ရေစစ်ထားပါ။

ဆီနှစ်မျိုးကို အကြော်အိုးထဲမှာ ရောထည့်ပြီး မီးမပြင်းတပြင်းနဲ့ အပူပေးပါ။

ဆီပူလာတဲ့အခါ ကြက်သွန်နီကိုထည့်ပြီး ကြော်ပါ။

ကြက်သွန်နီ အရောင်ပြောင်းပြီး ကြည်လာပြီဆိုရင် မှိုကိုထည့်ပြီး နှစ်မိနစ် - သုံးမိနစ်လောက်
ကြော်ပါ။ အဖုံးအုပ်ပါ။

နောက် မှိုကျက်မကျက်ကို စစ်ပါ။

မှို မနူးသေးဘူးဆိုရင် နောက်ထပ် တစ်မိနစ် - နှစ်မိနစ်လောက် အဖုံးအုပ်ပြီး ဆက်ကြော်ပါ။

မကြာခဏလည်း မွှေပေးပါ။

နောက်တစ်ဆင့်မှာ ငရုတ်သီးနှစ်နဲ့ ပဲငါးပိတို့ကို ထည့်ကာ နှစ်မိနစ်လောက် ကြော်ပါ။

အဖုံးတော့ ဖုံးစရာ မလိုတော့ပါဘူး။ အားလုံးနှံ့အောင် မွှေပေးပါ။

အနှစ်နဲ့ မှိုတွေ သမသွားပြီဆိုရင် အိုးချလို့ ရပါပြီ။

အငန်မကြောက်ရင် ပဲငါးပိကို နောက်ထပ် စားပွဲဇွန်း တစ်ဝက်စာ ထပ်ထည့်လို့ရပါတယ်။

ငရုတ်သီးအစပ်ကြိုက်ရင်လည်း နောက်ထပ် စားပွဲဇွန်း တစ်ဝက်စာ ထပ်ထည့်လို့ရပါတယ်။

ထမင်းဖြူနဲ့ တွဲစားလို့ ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နားနားနေနေ စိတ်အပန်းဖြေ