ကောင်းစီရေတံခွန်နားမှာ လာအိုရိုးရာ အစားအစာတွေ ချက်စားကြမယ်

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရဲ့ နွေရာသီကတော့ ကြွပ်ရွနေအောင် ပူပြင်းလှပါတယ်။ အပူချိန်က
ခပ်မြင့်မြင့်၊ လေထုကလည်း မွန်းကျပ်ကျပ်ကြီးလို ခံစားရပါတယ်။

ဒါပေမဲ့ ကံကောင်းတာ တစ်ခုကတော့ လွန်ပရာဘန်မြို့တော်ရဲ့ တောင်ဘက်ကို ကီလိုမီတာ
၂၀ လောက် ကားမောင်းသွားမယ်ဆိုရင် ပူပြင်းလှတဲ့ နွေအပူချိန်ကို ရှောင်လွှဲပေးနိုင်ရုံသာမက
စိတ်စွမ်းအားကိုပါ အကောင်းဆုံး ကုစွမ်းပေးနိုင်တဲ့ ကောင်းစီရေတံခွန်နဲ့ Vanvisa Home ဆိုတဲ့
လာအိုရိုးရာတည်းခိုခန်း တစ်ခုဆီကို အရောက်သွားနိုင်ပါတယ်။

ကောင်းစီရေတံခွန်ရဲ့ အံ့မခန်းဖြစ်မှုကတော့ ပြောလို့မကုန်နိုင်ပါဘူး။

ရေလုံးကြီးတွေဟာ ထုံးကျောက်အလွှာကြီး သုံးခုအပေါ်ကို တဟုန်းဟုန်းနဲ့ စီးကျသွားဖို့အတွက်
မီတာ ၁၈၀ အမြင့်က တောင်ထိပ် ဖျားတစ်ခုပေါ်မှာ အားယူနေကြပါတယ်။

အေးမြတဲ့ တောင်ကျရေတွေဟာ ရေကူး၊ ရေဆော့ကစားဖို့အတွက် သင့်လျော်တဲ့ စိမ်းပြာရောင်
ခပ်တိမ်တိမ်ရေကန်လေးတွေထဲမှာ စုနေကြပါတယ်။

လှပလွန်းလှတဲ့ ကောင်းစီရေတံခွန်ဟာ ရိုးစင်းတဲ့ သစ်သားအိမ်လေးတွေတည်ရှိတဲ့
လာအိုရွာလေး 'ဘန်သာပန်' မှာ တည်ရှိပါတယ်။

ဒီရွာကလေးက ဒေသခံတွေဟာ စပါးစိုက်ပျိုးကြပြီး လက်ရက်အ၀တ်အထည်တွေနဲ့
ခြင်းတောင်းတွေကို လမ်းဘေးဆိုင်လေးတွေမှာ ရောင်းချကြပါတယ်။

လွန်ပရာဘန်မှာ ခရီးသွားအများစုဟာ ကောင်းစီရေတံခွန်ကို နေ့ချင်းပြန်ခရီးသာ
သွားလေ့ရှိပေမယ့် ရေတံခွန်အကြောင်း၊ ခြေလျင်ခရီးလမ်းကြောင်းတွေအကြောင်း နဲ့
ဒေသဟင်းလျာတွေအကြောင်းကို သိရှိနိုင်မယ့် အကောင်းဆုံးနည်းကတော့
ဘန်သာပန်ရွာကလေးက တစ်ခုတည်းသော တည်းခိုခန်းဖြစ်တဲ့ Vanvisa Home မှာ
တစ်ရက် (သို့) နှစ်ရက်လောက် နေကြည့်ဖို့ပါပဲ။

Vanvisa Home ကို သွက်လက်ဖျတ်လတ်ပြီး ခင်မင်စရာကောင်းတဲ့ Vanvisa Amphayphone
က ပိုင်ဆိုင်ပြီး သူကိုယ် တိုင်ပဲ စီမံခန့်ခွဲပါတယ်။

Vanvisa Home ဟာ ရေတံခွန်ရဲ့ တောင်ဘက်ယွန်းယွန်းနားမှာ တည်ရှိပြီး ရွာထဲက ကလေးငယ်
တချို့ လာရောက်ဆော့ကစားရာက ကင်းလွတ်ရာ တိတ်ဆိတ်အေးချမ်းတဲ့ သူ့ကိုယ်ပိုင်ပြာရင့်ရင့်
ရေကန်လေးတွေလည်း ရှိပါတယ်။

Vanvisa မှာ နေခဲ့တဲ့ နေ့တစ်နေ့ကိုတော့ Vandara ရဲ့ အရသာရှိလှတဲ့ အိမ်လုပ်မနက်ခင်းစာကို
မြစ်ကမ်းစပ်က နားနေဆောင်တစ်ခုမှာ စားသုံးခြင်းနဲ့ အစပြုခဲ့ပါတယ်။

သစ်သီးဖျော်ရည်တွေနဲ့ လာအို၊ ဒါမှမဟုတ် အနောက်တိုင်း မနက်စာကို စားရင်း အချက်အပြုတ်
သင်တန်းတစ်ခု တက်ရောက်မလား၊ Hmong (သို့) Khmu ကျေးရွာတွေဆီကို တောင်တက်ခရီးနဲ့
သွားမလား၊ ရေတံခွန်ပတ်လည်က တောင်ကြားပတ်လမ်းကို ခြေကျင်လျှောက် သွားမလား၊
ဒါမှမဟုတ် ရက်ကန်းသင်တန်း တစ်ခုပဲ တက်မလားဆိုတာကို ကောင်းကောင်း စဉ်းစားနိုင်မှာပါ။

ဗီယင်တိန်းဇာတိဖြစ်တဲ့ Vandara ကို ပညာတတ်တွေနဲ့ အနုပညာရှင် အသိုင်းအ၀ိုင်းအတွင်းက
မိသားစုတစ်စုက ဖွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Vandara ရဲ့ အဖေဟာ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်ပြီး အမေကတော့ တော်ဝင်မိသားစု
အတွက် အ၀တ်အထည်တွေ ချုပ်လုပ်ပေးရတဲ့ ရက်ကန်းပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Vandara ဟာ ၁၉၆၀ ပြည့်နှစ် ၀န်းကျင်အတွင်းမှာ ဇီဝဓာတုဘာသာရပ်ကို လေ့လာခဲ့ပြီး
အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာတွေကိုလည်း သင်ယူခဲ့ပါတယ်။

ဓာတ်ခွဲစမ်းသပ်မှုတွေကို အာရုံစိုက် လေ့လာရမယ့်အစား Vandara ဟာ အချက်အပြုတ်
နည်းလမ်းတွေနဲ့ ချက်ပြုတ်မှုပုံစံကြောင့် အစားအစာတွေရဲ့ အာဟာရ ဓာတ်အပေါ်
အကျိုးသက်ရောက်မှုရှိပုံ တွေကို လေ့လာခဲ့ပါတယ်။

Organic၊ antioxidant စတဲ့ စကားလုံးတွေ ခေတ်ရေစီးကြောင်းအတွင်းမှာ ရေပန်းမစားခင်
ကတည်းက ရိုးရှင်းပြီး ပကာသနကင်းတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို
မှန်ကန်စွာ ပေါင်းစပ်ချက်ပြုတ်ထားတဲ့ Vandara ရဲ့ သဘာဝဟင်းလျာတွေဟာ
အရသာကောင်းလှတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်လှပါတယ်။

အရွယ်ရောက်လာတော့ Vandara ဟာ မိသားစုဥယျာဉ်ခြံထဲက ဒါမှမဟုတ် ရွာနီးချုပ်စပ်
တောထဲက၊ တစ်ခါတစ်ရံ လမ်းဘေးက ခူးလာတဲ့ အပင်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ မှိုတွေကို
သုံးပြီး သူ့မိခင်က လာအိုရိုးရာစာတွေ ပြင်ဆင်ချက်ပြုတ်မှုတွေ ပြုလုပ်တာကို စောင့်ကြည့်
လေ့လာခဲ့ပါတယ်။

ခုချိန်မှာတော့ ခြံစိုက်ပျိုးမှု၊ အပင်တွေခူးယူမှုနဲ့ အစားသောက် ပြင်ဆင်ချက်ပြုတ်မှု ရိုးရာနည်းလမ်း
တွေကို တခြားသူတွေထံ မျှဝေပေးရတာကိုပဲ Vandara က သဘောကျနှစ်ခြိုက်နေပါတယ်။

"ကျွန်မက သဘာဝအတိုင်းပဲ ကြိုက်တယ်။ အရိုင်းဆန်တာမျိုးကိုပဲ နှစ်ခြိုက်တယ်"လို့ Vandara က
ပြောပါတယ်။

သဘာဝတရားနဲ့ အရိုင်းဆန်မှုကိုအခြေခံပြီး Vanvisa Home နဲ့ ၀န်းကျင်တစ်ဝိုက်တို့ကို
ပကတိအရှိအတိုင်း ရိုးစင်းလှပစွာ ပြင်ဆင်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။