Monday, April 24, 2017

ပုစွန်ကြော် ၀ါဆာဘီသုပ်

နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်ရဲ့ ဧည့်သည်စားဖိုမှူးကတော့ Novotel ဟိုတယ် ရန်ကုန်က Royal Pavilion
စားသောက်ဆိုင်က စားဖိုမှူး Raymond Wong ပဲဖြစ်ပါတယ်။

Wong ငယ်စဉ်တုန်းက သူ့အဖေဖြစ်သူ သူ့ကိုပြောခဲ့တာကို ခုထိမှတ်မိနေပါသေးတယ်။

"မင်းကို တစ်ကမ္ဘာလုံးအနှံ့ ခေါ်သွားနိုင်တဲ့ အလုပ်မျိုးလိုချင်ရင် ဟိုတယ်တစ်ခုမှာ
တရုတ်အစားအစာ စားဖိုမှူးဖြစ်အောင်လုပ်"ဆိုတာပါပဲ။

Wong အဖေပြောတာ မှန်ပါတယ်။ အသက် ၂၀ အရွယ်မှာ Wong ဟာ ဘရူနိုင်းနိုင်ငံမှာ
စတင်အလုပ်လုပ်ကိုင်ခဲ့ပြီး အဲဒီအချိန်ကစလို့ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံ
အပါအ၀င် ကမ္ဘာတစ်ဝန်းက ဟိုတယ်ပေါင်း ၂၀ ကျော်မှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

Wong ဟာ အစားအစာတွေကို စမ်းသပ်လေ့လာပြီး အရသာအသစ်တွေ ဖန်တီးရတာကို
နှစ်သက်သူ ဖြစ်ပါတယ်။

စားဖိုမှူးတစ်ယောက်အဖြစ် သူအကြိုက်ဆုံးအရာကတော့ ဧည့်သည်တွေ စားသောက်ပြီးလို့
စားသောက်ဆိုင်ကနေ အပြုံးတွေနဲ့ ပြန်သွားတာကို မြင်ရတာပဲလို့ Wong က ဆိုပါတယ်။

အခု Wong ဝေမျှပေးထားတဲ့ ပုစွန်သုပ်ကတော့ ၀ါဆာဘီကြိုက်သူတွေအတွက် အံကိုက်ပါပဲ။

နေ့လယ်စာပဲဖြစ်ဖြစ်၊ ညနေခင်းစာမှာ ဟင်းကြိုပွဲလေးပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

အရသာရှိလှတဲ့ wasabi dressing က ကြွပ်ရွနေတဲ့ပုစွန်ကြော်နဲ့ တကယ့်ကိုလိုက်ဖက်တဲ့
အတွဲအဖက်ပဲဖြစ်ပါတယ်။

ပြင်ဆင်ရတာလည်း တကယ့်ကို လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ (၆ ဦးစာ)

  • ရေချိုပုစွန် ၆၀၀ ဂရမ်
  • ဟင်းချက်ဆီ ၅၀၀ မီလီလီတာ
  • အားလူးမှုန့် (potato starch) ၂၀၀ ဂရမ်
  • ပြောင်းဆီ ၁၀ မီလီလီတာ
  • နှမ်းဆီ ၅ မီလီလီတာ
  • ငါးဥ (tobiko) ၅ ဂရမ်
  • ကြက်သားမှုန့် ၅ ဂရမ်
  • ဆား ၅ ဂရမ်
  • မုန်လာဥနီ ၁ ချောင်း (အလှဆင်ရန်)
  • ငရုတ်ကောင်းအဖြူမှုန့် (အနည်းငယ်)

Wasabi dressing ပြုလုပ်ရန်အတွက်

  • Mayonnaise ၂၀၀ ဂရမ်
  • သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • wasabi powder ၂၀ ဂရမ်

Mr Raymond Wong။ Mr Raymond Wong။

ပြင်ဆင်ပုံ

ပုစွန်ကို ရေဆေးသန့်စင်ပြီး အခွံနွှာပါ။

ပြီးတဲ့အခါ ဇလုံတစ်လုံးထဲမှာ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းဆီနဲ့ နှမ်းဆီတို့
ရောထည့်ပါ။

သန့်စင်ထားတဲ့ ပုစွန်တွေပါ ရောထည့်ပြီး နာရီအနည်းငယ်လောက် နှပ်ထားလိုက်ပါ။

ပုစွန်ကြော်တော့မယ်ဆိုရင် ဒယ်အိုးထဲမှာ ဟင်းချက်ဆီထည့်ပြီး အပူပေးပါ။

ပုစွန်တစ်ကောင်ချင်းစီကို အားလူးမှုန့်ထဲမှာ လူးလိုက်ပြီး ရွှေရောင်သန်းလာတဲ့အထိ အိုးထဲမှာ
ထည့်ကြော်ပါ။

Wasabi dressing ပြုလုပ်ဖို့အတွက် mayonnaise၊ သံပရာရည်နဲ့ ၀ါဆာဘီမှုန့်တွေကို
ခွက်တစ်ခုထဲမှာ ထည့်မွှေလိုက်ရင် ရပါပြီ။

ပြီးတဲ့အခါ ကြော်ထားတဲ့ပုစွန်တွေ ပေါင်းထည့်လိုက်ပြီး dressing နဲ့ နှံ့နှံ့စပ်စပ်ထိသွားအောင်
အသာအယာလေး လှည့်မွှေပေးပါ။

ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပြီး ငါးဥ၊ ပါးပါးလှီးထားတဲ့ မုန်လာဥနီတို့နဲ့
အလှဆင်လိုက်တော့ အရသာရှိပြီး အမြင်လည်းလှပတဲ့ ပုစွန်ဝါဆာဘီသုပ်ကို ရလာပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။