မြန်မာစတိုင် ထမင်းနဲ့ ပြည်ကြီးငါးဟင်း

နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်ရဲ့ ဧည့်သည်စားဖိုမှူးကတော့ ဆုရစားဖိုမှူးဖြစ်တဲ့ ကိုထွန်းထွန်းနိုင်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ကိုထွန်းထွန်းနိုင်ဟာ ဒူဘိုင်းမြို့က နိုင်ငံတကာဟိုတယ်မှာ
လုပ်ကိုင်ခဲ့ရာကနေ ပြည်တော်ပြန်လာသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Novotel Yangon Max ဟိုတယ်က The Square စားသောက်ဆိုင်မှာ
Senior Sous Chef အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ၀န်ဆောင်မှုလုပ်ငန်း တိုးတက်လာတာနဲ့အမျှ အဲဒီတိုးတက်မှုကို
ပါဝင်အားဖြည့်ပေးဖို့နဲ့ အစားအစာနဲ့ပတ်သက်လို့ သူ့ဝါသနာကို ဝေမျှနိုင်ဖို့အတွက် မိခင်နိုင်ငံကို
ပြန်လာချင်ခဲ့တယ်လို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

သူဝေမျှပေးထားတဲ့ ဟင်းပွဲအတွက် ပြင်ဆင်ရတာလွယ်ကူပြီး ၀ယ်ခြမ်းရတာလွယ်ကူတဲ့အမယ်
(အားလုံး)တွေကိုသာ အသုံးပြုထားပါတယ်။

ပုံမှန်စားနေကျဆန်ကို စပါးလင်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးတို့နဲ့ ရောစပ်ပြီး ပြင်ဆင်ပေးထားပါတယ်။

ပြင်ဆင်ချက်ပြုတ်ချိန်က တစ်နာရီတောင် မကြာပါဘူး။

ဒီဟင်းပွဲလေးကို အဆာပြေပဲဖြစ်ဖြစ်၊ အဓိကစာပဲဖြစ်ဖြစ်၊ မဟုတ်ရင်လည်း ဘူဖေးအမယ်ကောင်း
တစ်မျိုးအဖြစ်လည်း တည်ခင်းနိုင်ပါတယ်။

Myanmar curried rice with squid
ပါဝင်ပစ္စည်းများ (၆ ဦးစာ)

  • Basmati ဆန် ၅၀၀ ဂရမ်
  • ပြည်ကြီးငါး ၅၀၀ ဂရမ်
  • ခရမ်းချဉ်သီး ၂၀၀ ဂရမ်
  • ကြက်သွန်နီ ၁၀၀ ဂရမ်
  • ပဲစိမ်းလုံး ၁၀၀ ဂရမ်
  • စပါးလင် ၃၀ ဂရမ်
  • ငရုတ်သီးစိမ်း ၁၅ ဂရမ်
  • ကြက်သွန်ဖြူ  ၂ မြွှာ
  • သံပရာရည် ထမင်းစားဇွန်း တစ်ဇွန်း
  • နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းသီးဟင်းရွက်ပြုတ်ရည် ၇၅၀ မီလီလီတာ (vegetable stock)
  • ဟင်းချက်ဆီ ၁၀၀ မီလီလီတာ
  • ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်

ပြင်ဆင်ပုံ

ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ နီနဲ့ စပါးလင်တို့ကို ရွှေရောင်ပြောင်းလာတဲ့အထိ
ဆီသတ်ပါ။

ရပြီဆိုရင် နနွင်းမှုန့်ထည့်ပြီး မိနစ်အနည်းငယ်လောက် ဆက်တည်ထားပါ။

ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနဲ့ ပဲစိမ်းလုံးတို့ကို ထည့်ပြီး ခရမ်းချဉ်သီး ပျော့လာတဲ့အထိ ချက်ပါ။

နောက်တစ်ဆင့်မှာ ဟင်းရွက်ပြုတ်ရည် ထည့်ချက်ပါ။

ဆူလာပြီဆိုရင် ကြိုတင်ပြီး ရေဆေးသန့်စင်ထားတဲ့ ဆန်ကို ရောထည့်ချက်ပါ။

အဖုံးအုပ်ထားပါ။

ဒီအဆင့်မှာ ဟင်းအိုးကို ခဏခဏမမွှေမိဖို့ အရေးကြီးပါတယ်။

ဆန်တွေ ကြေသွားမှာ စိုးလို့ဖြစ်ပါတယ်။

အိုးထဲကဆန်က ၇၅ ရာခိုင်နှုန်းလောက် ကျက်လာပြီဆိုရင် မီးအပူချိန်ကို လျှော့လိုက်ပြီး
ဆန်လုံးဝ ကျက်သွားတဲ့အထိ မီးအေးအေးလေးနဲ့ပဲ ဆက်ချက်ပါ။

ဆန်ကိုချက်နေစဉ်မှာ ပြည်ကြီးငါးကို သန့်စင်ပြီး အတုံးလေးတွေတုံးပါ။

ပြီးတဲ့အခါ ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ပြီး ဆား၊ ငရုတ်ကောင်း၊ သံပရာရည်တို့နဲ့ ရောနယ်ပြီး
နှပ်ထားလိုက်ပါ။

ဆန်က လုံးဝကျက်ခါနီးပြီဆိုရင် နှပ်ထားတဲ့ ပြည်ကြီးငါးကို ကြက်သွန်ဖြူ၊ သံပရာရည်
အနည်းငယ်နဲ့ သံကင်ပျစ်ပေါ်မှာ ကင်တာပဲဖြစ်ဖြစ်၊ ကြိုတင်အပူပေးထားတဲ့ ဒယ်အိုးထဲမှာပဲ
အိုးကင်းပူလေးတိုက်ပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးပါ။

ထမင်းပွဲပြင်တော့မယ်ဆိုရင် ကျက်သွားတဲ့ထမင်းကို ပန်းကန်တစ်ချပ်ထဲထည့်ပြီး ကင်ထားတဲ့
ပြည်ကြီးငါးတုံးတွေကို အပေါ်ကနေ အုပ်လိုက်ရင် ရပါပြီ။

အမြင်လှလှပပလေးဖြစ်သွားအောင် အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အလှဆင်နိုင်ပါတယ်။

ကိုထွန်းထွန်းနိုင်၊ Senior Sous Chef၊ Novotel Yangon Max ဟိုတယ်။ ဓာတ်ပုံ - Suppliedကိုထွန်းထွန်းနိုင်၊ Senior Sous Chef၊ Novotel Yangon Max ဟိုတယ်။ ဓာတ်ပုံ - Supplied

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။