Port Autonomy စားဖိုမှူးရဲ့ Tacos လက်ရာ

ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဟာဝိုင်ယီဖွားစားဖိုမှူး Kevin Ching ဟာ ရန်ကုန်က လူသိများတဲ့ စားသောက်ဆိုင်တွေဖြစ်တဲ့
Port Autonomy နဲ့ La Carovana တို့မှာ အစားအစာတွေကို ဖန်တီးပေးနေသူပဲ ဖြစ်ပါတယ်။

သူက ဒီတစ်ပတ်မှာလည်း မြန်မာတိုင်း(မ်)ရဲ့ ဧည့်သည်စားဖိုမှူး ဖြစ်ပါတယ်။

Ching ရဲ့အစားအစာလက်ရာတွေဟာ ပြည်တွင်းက အလတ်ဆတ်ဆုံးထုတ်ကုန်တွေကို
အသုံးပြုပြီး ကိုရီးယား၊ မက္ကဆီကန်နဲ့ မြန်မာအစားအစာတွေကို ပေါင်းစပ်ဖန်တီးတာမို့
စိတ်လှုပ်ရှားစရာကောင်းတဲ့ အရသာအရောအနှောတွေကို ခံစားရစေပါတယ်။

ဒီတစ်ပတ်မှာ ဖော်ပြပေးထားတဲ့ အစားအစာကတော့ Port Autonomy ရဲ့ အရောင်းရဆုံး 
tacos ဖြစ်ပြီး ပြင်ဆင်ရတာ လွယ်ကူလှပါတယ်။

Tacos ဆိုတာနဲ့ မက္ကဆီကန်အစားအစာဆိုတာကို သိကြမှာဆိုပေမယ့် Ching က ကိုရီးယား
ငရုတ်အနှစ်တစ်မျိုးဖြစ်တဲ့ Gochujang ကို အသုံးပြုပြီး ပြင်ဆင်ထားတာမို့ ကိုရီးယား
အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ tacos လို့ပဲ ပြောရမှာဖြစ်ပါတယ်။

"Carnitas (မက္ကဆီကန်အသားဟင်း) ချက်ဖို့အတွက် နာရီအနည်းငယ်လောက်တော့
လိုအပ်ပါတယ်။ ဒီတော့ ဒီအစားအစာကို အားရက်နေ့လယ်ပိုင်းမျိုးမှာ ချက်စားတာ
အကောင်းဆုံးပါပဲ။ နောက်တစ်နည်းကတော့ သူငယ်ချင်းတွေနဲ့စုပြီး ချက်စားလို့လည်း
ကောင်းပါတယ်။ Tequila ပေါင်းထည့်လိုက်ရုံနဲ့ ပါတီလုပ်လို့ရပြီ"လို့ Ching က ဆိုပါတယ်။

ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

Gochujang carnitas tacos
ပါဝင်ပစ္စည်းများ (Tacos ၄ - ၆ ခုစာအတွက်)

  • လတ်ဆတ်တဲ့ corn tortillas (available at Sharky's)
  • ဟင်းချက်ဆီ

 Carnitas ပြုလုပ်ရန်အတွက်

  • ၀က်ပခုံးသား ၁ ကီလို
  • ကြက်သွန်နီ ၁ ဥ
  • ကြက်သွန်ဖြူ ၄ မြွှာ
  • Gochujang ၂၅၀ ဂရမ် (ကိုရီးယားပဲငရုတ်အရောအနှောအနှစ်)
    (စီတီးမတ်မှာ ရနိုင်ပါတယ်)
  • ဘီယာ ၂ လီတာ

Pineapple salsa ပြုလုပ်ရန်အတွက်

  • အတုံးလေးတွေလှီးထားတဲ့ နာနတ်သီး ၂ ခွက်
  • အတုံးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး ၁ ခွက်
  • အတုံးလေးတွေလှီးထားတဲ့ ကြက်သွန်နီ ၁ ခွက်
  • ပါးပါးလှီးထားတဲ့ cilantro အရွက် ၁ ခွက်
  • နုပ်နုပ်စဉ်းထားတဲ့ ငရုတ်သီးစိမ်း ၁/၄ ခွက်
  • သံပရာရည် ထမင်းစားဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

ဝက်ပခုံးသားကနေ အရေခွံတွေ ဖယ်ပစ်ပြီး အဆီအပိုင်းတွေကိုတော့ ချန်ထားပါ။

ဝက်သားကို အတုံးခပ်ကြီးကြီး တုံးလိုက်ပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ နယ်ပါ။

ပြီးပြီဆိုရင် ဆီထမင်းစားဇွန်းနှစ်ဇွန်းကို စောက်နက်တဲ့ အိုးထဲမှာ ထည့်ပြီး အပူပေးပါ။

ဝက်သားတွေကို ထည့်ကြော်ပါ။

အသားတုံးတွေ အညိုရင့်ရောင်ပြောင်းလာပြီဆိုရင် ဇလုံတစ်လုံးထဲ ဆယ်ထည့်ထားလိုက်ပါ။

အဲဒီဆီအိုးထဲမှာပဲ ကြက်သွန်နီနဲ့ အဖြူကို ထည့်ဆီသတ်ပါ။

Gochujang နဲ့ ဘီယာထည့်လိုက်ပြီး gochujang  တွေ အရည်ပျော်လာတဲ့အထိ မွှေပေးပါ။

ဆူလာပြီဆိုရင် ကြော်ထားတဲ့ ၀က်သားထည့်ချက်ပါ။

ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ထည့်ပါ။

ဝက်သားတုံးတွေဟာ ဘီယာအရည်အောက်မှာ မြုပ်နေဖို့ လိုအပ်ပါတယ်။

အသားတုံးတွေ နူးအိလာပြီး အလွယ်တကူ ဖဲ့လို့ ရတဲ့အထိ ၂-၃ နာရီလောက် မီးအေးအေးနဲ့
ချက်ပေးပါ။

ဝက်သား လုံးဝနူးအိလာပြီဆိုရင် လက်ကျန်အရည်တွေအပါအ၀င် ဟင်းတစ်အိုးလုံးကို ခွက်ကြီးကြီး
တစ်လုံးထဲ လောင်းထည့်ထားလိုက်ပါ။

အသားနူးလို့မှ လက်ကျန်အရည်တွေက အရမ်းကိုကျဲနေသေးတယ်ဆိုရင် အသားတွေပဲ
ခွက်ထဲထည့်လိုက်ပြီး အရည်တွေကို အဆီပုံစံဖြစ်လာတဲ့အထိ ဆက်တည်ပါ။

ပြီးတော့မှ အသားနဲ့ ရောထည့်လိုက်ပါ။

အသားတွေကို ခရင်းနှစ်ချောင်းနဲ့ မွှပေးပါ။

ဒါဆိုရင် carnitasဟင်း ရပါပြီ။

Pineapple salsa ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အမည်တွေအားလုံးကို ဇလုံတစ်လုံးထဲမှာ
ပေါင်းထည့်လိုက်ပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောနယ်ပါ။

အားလုံးအသင့်ဖြစ်လို့ စားခါနီးတော့မှ tortilla တွေကို တစ်ခုပြီးတစ်ခု ဒယ်အိုးထဲမှာ ထည့်ပြီး
အပူပေးပါ။

ဘက်ညီစေဖို့ နှစ်ဖက်လှန်ပေးရပါမယ်။

Tortilla တွေ ကျွတ်လာပြီဆိုရင် တစ်ခုချင်းစီပေါ်မှာ carnitas ဟင်းနဲ့ pineapple salsa တို့ကို
စိတ်ကြိုက်ပုံထည့်ပါ။

ပိုပြီး စားချင့်စဖွယ်လေးဖြစ်သွားအောင် cilantro အရွက်လေးတွေ အပေါ်ကဖြူးပြီး
သံပရာသီးစိတ်လေး ထပ်ပေါင်းထည့်လိုက်ပါ။

ဒါဆိုရင် Gochujang carnitas tacos ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။