ရန်ကုန်မြို့က Supper Club

"Supper Club" ဆိုတဲ့ စကားလုံးကြောင့် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်နှစ်တွေရဲ့ စွဲမက်ဖွယ်ပုံရိပ်တစ်ခု
ဖြစ်တဲ့ အကောင်းတကာ့အကောင်းဆုံးတွေသာရှိတဲ့ Art Deco စတိုင်စံအိမ်ကြီးတွေမှာ
အထက်တန်းလွှာတွေက ဂျက်စ်သီချင်းတွေကို ခံစားနားဆင်ရင်း အဆင့်မြင့်ညစာစားပွဲကြီးတွေကို
သုံးဆောင်နေကြပုံကို အမှတ်ရစေပါတယ်။

နောက်ပိုင်းမှာတော့ Supper Club ရဲ့ပုံစံတွေက အနည်းငယ်ပြောင်းလဲလာပြီး သတ်မှတ်ထားတဲ့
လူဦးရေသာလက်ခံပေးတဲ့ သိပ်ပြီးထင်ပေါ်တာမျိုးမလုပ်တဲ့ စားသောက်ဆိုင်မျိုးတွေအဖြစ်
ကမ္ဘာအနှံ့မှာ ရှိလာကြပါတယ်။

ရန်ကုန်ရဲ့ကိုယ်ပိုင်စတိုင် Supper Club (စားသောက်ဆိုင်)ထဲကို ၀င်လာခဲ့တယ်ဆိုရင်ပဲ
အပေါ်မှာဆိုခဲ့တဲ့ပုံစံမျိုး တစ်ခုမှမရှိဘူးဆိုတာကို ချက်ချင်းသိသာစေပါတယ်။

ပြတင်းပေါက်တွေမရှိဘဲ ခရမ်းရောင်မီးအလင်းရောင်ထွန်းထားတဲ့ ဟာလာဟင်းလင်း
စားသောက်ဆိုင်ထဲမှာ techno ဂီတသံတွေပေါက်ကွဲ လွင့်စင်နေပြီး မတော်တရော်တွေ
ကပြဖျော်ဖြေတဲ့ မြေအောက်အကျဉ်းခန်းတစ်ခုလိုပဲလို့ ထင်ရပါတယ်။

ကျွန်မနဲ့ ကျွန်မဧည့်သည်တို့ဟာ ပြန်လှည့်ထွက်သွားချင်စိတ်ကို တွန်းလှန်ပြီး ထောင့်နားလေးက
စားပွဲတစ်လုံးကို ရှာတွေ့လိုက်ပါတယ်။

ဘယ်လိုမှ ပျော်စရာ အချိန်တစ်ခု မရနိုင်လောက်တဲ့ အခြေအနေကို ကြိတ်မှိတ်လက်ခံလိုက်ရတယ်
ဆိုပါတော့။

အစားအသောက်စာရင်းမီနူးကို မကြည့်ခင်လေးမှာပဲ နားကွဲမတတ်ဆူညံနေတဲ့ သီချင်းသံကို
တိုးပေးဖို့ ကျွန်မ ပြောလိုက်ပါတယ်။

အေးအေးဆေးဆေး စဉ်းစားနိုင်လောက်တဲ့ အခြေအနေမျိုးရောက်မှ ဆိုင်က သီးသန့်ပြုလုပ်ထားတဲ့
ကော့တေးစာရင်းထဲက "Ginger Striker" (ကျပ် ၄,၀၀၀)ကို ရွေးချယ်လိုက်ပါတယ်။ ၀ီစကီ၊ ချင်း၊
လိမ္မော်နဲ့ စတော်ဘယ်ရီတို့ ပေါင်းစပ်ထားတဲ့ ကော့တေးတစ်မျိုးပါ။

အပေါစား ဟိုတယ်တော်တော်များများမှာရောင်းတဲ့ တွေ့ဖူးနေကျ သစ်သီးအရသာပါဝင်တဲ့
သကြားရည်ပဲဖြစ်မှာပါလို့ တစ်ထစ်ချမျှော်မှန်းထားတဲ့ ကျွန်မကို လုံးဝအံ့ဩသွားစေပါတယ်။

တကယ်တော့ ကျွန်မတို့ မြည်းစမ်းခဲ့တဲ့ ကော့တေးတွေအားလုံးဟာ သိမ်မွေ့နူးညံ့တယ်။
လန်းဆန်းစေတယ်။ ပြီးတော့ ရန်ကုန်မှာရှိတဲ့ အဆင့်မြင့်ပြီးဈေးကြီးတဲ့ ကော့တေးဘားတချို့က
အရသာမျိုးနဲ့ ထပ်တူညီပါတယ်။

နားကွဲလောက်တဲ့အထိ သီချင်းသံတွေက တစ်ဖန် ပြန်ပြီးဆူညံလာတာကြောင့် နေရာတစ်ခုအပေါ်
အပြင်အဆင်ကိုသာကြည့်ပြီး ဆုံးဖြတ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားမိခဲ့တဲ့
စိတ်ကလေးဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။

"ငါ.. ဒီကနေ ဘယ်လိုလွတ်မြောက်ရအောင် လုပ်ရမလဲ"ဆိုပြီး တွေးတောနေစဉ်မှာပဲ မှာထားတဲ့
ဟင်းပွဲတွေ ရောက်လာပါတယ်။ ပုံမှန်အားဖြင့် အာရှသားတွေအကြိုက် ဟင်းလျာတွေကနေ
ဩစတြေးလျအမဲသားကင်၊ ငါးနဲ့ အာလူးချောင်းကြော်၊ ဘာဂါနဲ့ ပါစတာတွေအထိ အကုန်ရနိုင်တဲ့
မီနူးတစ်ခုဟာ ရတဲ့အမည်တွေ များလွန်းတာမို့ သံသယဖြစ်ချင်စရာကောင်းတယ်လို့ ဆိုရပေမယ့်
ဒီတစ်ခါလည်း အထင်နဲ့အမြင် လွဲသွားပြန်ပါတယ်။

အသီးအရွက်ကင်တွေနဲ့အတူ အရည်ရွှမ်းတဲ့ အသားတုံးလေး ပါဝင်တဲ့ Mutton on a boat
(ကျပ် ၇,၀၀၀)ဟာ ငရုတ်ကောင်းအရသာကဲပြီး နူးညံ့လှပါတယ်။

နောက် ချဉ်စပ်စပ်အရည်တစ်မျိုးနဲ့ စားရတဲ့ ပင်လယ်စာအကင် (ကျပ် ၈,၅၀၀) ကိုတော့
ကျွန်မဧည့်သည်က ရန်ကုန်မှာ သူစားဖူးတဲ့ အကောင်းဆုံးတွေထဲက တစ်ခုလို့ ပြောပါတယ်။

ပုစွန်ဝက်သားပြားလိပ်ကင် (ကျပ် ၄,၅၀၀)နဲ့ ကြက်သားသုပ် (ကျပ် ၄,၅၀၀)တို့ကတော့
သိပ် အကောင်းကြီးမဟုတ်ဘူး။

တိကျရှင်းလင်းပြီး အတိုချုံးပြုလုပ်ထားတဲ့ မီနူးအရ စားဖိုမှူးဟာ အကောင်းဆုံးအရာတွေကို
လုပ်နိုင်တယ်လို့ ခံစားမိစေပါတယ်။

စားကောင်းမယ့် အချိုပွဲတွေတော့ မရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ဘယ်သူမှ လိုအပ်တာထက်ပိုပြီး ကြာကြာနေချင်ကြမှာ
မဟုတ်ဘူးလေ။

ကျွန်မတို့ အပြင်ကို ခပ်မြန်မြန်ထွက်ခဲ့ချိန်မှာတော့ စောစောတုန်းက ဘယ်သူမှမရှိတဲ့
အပြင်ဘက်စားသောက်ရာနေရာမှာ လူတွေအပြည့်ဖြစ်နေပါပြီ။

ကျွန်မတို့က အမှောင်ခန်းကြီးကို မှားပြီး ရွေးချယ်ခဲ့မိတယ်ဆိုတာကို အဲဒီတော့မှ သိလိုက်ရပါတယ်။

အဖော်အချွတ်ကလပ်စတိုင် မီးအလင်းရောင်နဲ့ techno သီချင်းသံတွေကို ရှောင်ရှားနိုင်တဲ့
အပြင်ဘက်မှာသာ ကျွန်မတို့ နေခဲ့မယ်ဆိုရင် Yangon Supper Club ကို ကြယ်နှစ်ပွင့်ကျော်အထိ
အမှတ်ပေးမိမှာပါ။

တကယ်လို့ သင်က ဒီစားသောက်ဆိုင်အနီးအနားမှာ နေတာဆိုရင်တော့ Yangon Supper Club
ဟာ အစားသောက်ကောင်းတွေနဲ့ ဈေးမကြီးတဲ့ ကော့တေးတွေကို မှာယူသုံးဆောင်နိုင်တဲ့
နေရာကောင်း တစ်ခု ဖြစ်ပါလိမ့်မယ်။

ဂျက်စ်သီချင်းတွေကို နားထောင်နိုင်ဖို့တော့ မမျှော်လင့်နဲ့ပေါ့။

ဇာဇာစိုး ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။