ဗေဒါရီရဲ့ ဟင်းလျာ

ဒီတစ်ပတ်တော့ ဗေဒါရီက အသား၊ ငါးတွေ မဟုတ်ဘဲ ကြက်ဥလက်ဖက်ချဉ်စပ်သုပ်လေးကို
ပြင်ဆင်ပေးထားပါတယ်။

ချဉ်ချဉ်၊ စပ်စပ်၊ ဆိမ့်ဆိမ့် အရသာလေးမို့ အသားမပါပေမယ့် ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပဲ
ဖြစ်ပါတယ်။

ထမင်းနဲ့စားစား၊ နေ့လယ်နေ့ခင်း အဆာပြေပဲစားစား အဆင်ပြေပါတယ်။

အလုပ်သွား၊ ကျောင်းသွားသူတွေလည်း မနက်ခင်းမှာ အချိန်တိုအတွင်း ပြင်ဆင်ယူသွားနိုင်တဲ့
ဟင်းအမည်ကောင်းလေးပါလို့။

ပါဝင်ပစ္စည်းများ

  • လက်ဖက်ချဉ်စပ် ၅ ကျပ်သား 
  • ကြက်ဥပြုတ် ၂ လုံး
  • ခရမ်းချဉ်သီး ၂ လုံး
  • ကြက်သွန်ဖြူအသေး ၅ မြွှာ
  • ကြက်သွန်နီ ၁ ဥ ဂေါ်ဖီ အနည်းငယ်
  • ဆီ အနည်းငယ် 
  • ပုစွန်ခြောက် အနည်းငယ်


ပြင်ဆင်ပုံ

ပြုတ်ထားတဲ့ ကြက်ဥများကို အခွံခွာပြီး အစိတ်လေးတွေ စိတ်ပါ။

ဂေါ်ဖီ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတို့ ကို ပါးပါးလှီးပါ။

ပြီးတဲ့အခါ ကြက်ဥစိတ်တွေနဲ့အတူ ပန်းကန်တစ်ချပ်ထဲမှာ ရောထည့်ပါ။

လက်ဖက်ချဉ်စပ် ထည့်ပြီး ရောနယ်ပါ။

ဆီအနည်းငယ်ထည့်ပါ။

အပေါ်ကနေ ပုစွန်ခြောက်ကလေးတွေဖြူးပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နဲ့ တွဲဖက်ပြီး
အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။