Kempinski လက်ရာ စပါးလင် ကြက်သားကင်

ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ အစားအသောက်ကဏ္ဍအတွက် Kempinski ဟိုတယ်
နေပြည်တော်ကို ရွေးချယ်ထားပါတယ်။

ဟိုတယ်ရဲ့ စားသောက်ဆိုင်ဖြစ်တဲ့ Yangon Kitchen ကို ပြင်သစ်၊ အင်္ဂလန်နဲ့ အာရှတစ်ခွင်က
ကြယ်ငါးပွင့်ဟိုတယ်တွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ဖူးတဲ့ ၀ါရင့်စားဖိုမှူးကြီး
Vladimir Siljegovic က ဦးဆောင်လုပ်ကိုင်နေ တာဖြစ်ပါတယ်။

Yangon Kitchen မှာ ပြည်တွင်းမှာပဲ စိုက်ပျိုးတဲ့ အမည်ပစ္စည်းတွေကို အသုံးပြုပြီး အာရှနဲ့
ဥရောပအစားအစာတွေကို ချက်ပြုတ်တည်ခင်းပေးတာ ဖြစ်ပါတယ်။

စားဖိုမှူးကြီး Siljegovic နဲ့ သူ့ရဲ့ အဖွဲ့ဟာ ဧည့်သည်တွေအတွက် သန့်ရှင်းလတ်ဆတ်ပြီး
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးဖို့အတွက် အမြဲတမ်း
စိတ်အားထက်သန်နေသူတွေ ဖြစ်ပါတယ်။

စားဖိုမှူးကြီးက စာဖတ်ပရိသတ်တွေအတွက် သူကိုယ်တိုင်ဖန်တီးထားတဲ့ အထူးဟင်းလျာတစ်မျိုးနဲ့
မိတ်ဆက်ပေးနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဆိုပါတယ်။

စားဖိုမှူးကြီးရဲ့ဟင်းလျာကတော့ စပါးလင်ကြက်သားကင် (lemongrass BBQ chicken) ပဲ
ဖြစ်ပါတယ်။

"စပါးလင်ကြက်သားကင်က Kempinski ဟိုတယ်နေပြည်တော်ကို စပြီးဖွင့်ကတည်းက
အရောင်းရဆုံး ဟင်းလျာပဲဖြစ်တယ်။ ဧည့်သည် ပေါင်းများစွာအတွက် ပြင်ကျွေးခဲ့ပြီးပြီ"လို့
စားဖိုမှူးကြီး Siljegovic က ဆိုပါတယ်။

အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ အမည်တွေနဲ့ အိမ်မှာပဲ ချက်ပြုတ်စားနိုင်တယ်လို့လည်း
ဆိုပါသေးတယ်။

"Kempinski ရဲ့ လူကြိုက်များတဲ့ဟင်းပွဲကို အားလုံးအတွက် မိတ်ဆက်ပေးခွင့်ရတဲ့အတွက်
တကယ်ပဲ ကျေးဇူးတင်စရာကောင်းပါတယ်။ ရိုးရှင်းပြီး ဘယ်တော့မှ မေ့နိုင်တော့မှာမဟုတ်တဲ့
ကျွန်တော်တို့ရဲ့ လက်ရာဟင်းပွဲကို မြည်းစမ်းချင်သူတွေကိုလည်း Kempinski ကို လာရောက်ဖို့
ဖိတ်ခေါ်ပါတယ်"လို့ Mr Siljegovic က ပြောပါတယ်။

Yangon Kitchen ကို နေ့စဉ် မနက် ၆ နာရီခွဲကနေ ည ၁၀ နာရီခွဲ အထိ ဖွင့်လှစ်ထားပါတယ်။

ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေအတွက် အမည်ပေါင်း ၁၀၀ ရှိတဲ့ မနက်ခင်းစာ
ဘူဖေးကို တည်ခင်းပေးပါတယ်။

ပါဝင်ပစ္စည်းများ
(တစ်ဦးစာ)

  • ကြက်ပေါင် ၁၅၀ ဂရမ်
  • စပါးလင် ၁ ချောင်း
  • ကြက်သွန်ဖြူ ၁၀ ဂရမ်
  • ချင်း ၁၀ ဂရမ်
  • ခရုဆီ ၁ ဇွန်း
  • သံပရာရည် ၁ ဇွန်း (ဆားနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ရောထားပါ)

အထူးလိုအပ်တဲ့ပစ္စည်း

  • မုန့်ဖုတ်စက် (oven)

ပြင်ဆင်ပုံ

ကြက်သားကို အတုံးငယ်လေးတွေတုံးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။

စပါးလင်ကို အချပ်လေးတွေ လှီးပါ။

ချင်းနဲ့ ကြက်သွန်ဖြူကို နွှာပြီး ခပ်နုတ်နုတ်လှီးထားပါ။

ပြီးတဲ့အခါ ခရုဆီ၊ သံပရာရည်တို့နဲ့ ရောမွှေပါ။

ရပြီဆိုရင် ရေခဲသေတ္တာထဲက ကြက်သားထုတ်လိုက်ပြီး ကြက်သားတုံးတွေပေါ်မှာ
သုတ်လိမ်းပေးပါ။

ရေခဲသေတ္တာထဲမှာ တစ်ညလောက်သိပ်ပြီး နှပ်ထားလိုက်ပါ။

နောက်တစ်နေ့မှာ ကြက်သားတွေကို ထုတ်ပြီး သီတံမှာ ထိုးသီကာ မီးပူပူမှာ တစ်ဖက်ကို
သုံးမိနစ်စီလောက် အသားတွေ အရောင်ပြောင်းလာတဲ့အထိ ကင်ပေးပါ။

နောက်ဆုံးအဆင့်မှာတော့ အသားကင်တွေကို oven ထဲ ထည့်ပြီး အပူချိန် ၂၀၀ ဒီဂရီဆဲလ်စီးယပ်
ထားပြီး ကင်ပေးပါ။

ခြောက်မိနစ်ကြာရင် ရပါပြီ။

ငှက်ပျောရွက် ရနိုင်မယ်ဆိုရင် ပန်းကန်ပြားပေါ်မှာ ငှက်ပျော်ရွက်တင်ပြီးမှ ကြက်သားကင်ကို
တင်ပါ။

ရနံ့ကလေး ပိုပြီးမွှေးသွားပါတယ်။


စာရေးသူရဲ့အကြံပေးချက် - တကယ်လို့များ အိမ်မှာ oven မသုံးဘူးဆိုရင်တော့ မီးသွေးဖို
(သို့) အသားကင်ဖိုပေါ်မှာ အသားကို စိတ်ကြိုက်အနေအထားအထိ ကင်ပေးနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။