အစိမ်းရောင် muffin မုန့်လေးတွေ လုပ်ကြည့်မယ်
ပျော်ပွဲရွှင်ပွဲတွေများတဲ့ ခုလိုအချိန်အခါမျိုးမှာ ဟင်းတွေချက်တာထက် ပိုပြီးပျော်ရွှင်ဖို့ကောင်းတဲ့
muffin မုန့်ပြုလုပ်နည်းလေးကို ဝေမျှပေးသွားပါမယ်။ အရင်ကလည်း muffin မုန့်ပြုလုပ်နည်းကို
ဖော်ပြပေးခဲ့ဖူးပေမယ့် ဒီတစ်ခါမုန့်လုပ်နည်းလေးကတော့ ပြုလုပ်ရတာ ပိုပြီးတော့ပျော်
စရာကောင်းမှာ သေချာပါတယ်။ အဲဒါကတော့ မုန့်အရောင်လေးရဲ့
ဆွဲဆောင်မှုကြောင့်ပါပဲ။
ပုံမှန် muffin မုန့်တွေမှာ အသုံးပြုလေ့မရှိတဲ့ အစိမ်းရင့်ရင့်အရောင် ပြုလုပ်ထားတာမို့
အိမ်က ကလေးငယ်တွေမြင်တဲ့အခါ စိတ်ဝင်စားကြမှာ သေချာပါတယ်။
ထူးထူးဆန်းဆန်း အရောင်လေးပြုလုပ်ထားပေမယ့် အရသာတစ်မျိုး ဖြစ်နေမလားဆိုပြီးတော့
စိတ်ပူစရာမလိုပါဘူး။ တစ်ကိုက်လောက် ကိုက်ကြည့်လိုက်ရုံနဲ့ ငှက်ပျောသီးမွှေးရနံ့လေးကို
ကျေနပ်ဖွယ်ရာ ခံစားရမှာပါ။ နောက်ပြီးတော့ "ဒီငှက်ပျောသီး muffin က
ဘာဖြစ်လို့ အစိမ်းရောင်ဖြစ်နေတာလဲ"ဆိုပြီး စဉ်းစားမိကောင်း စဉ်းစားမိပါ
လိမ့်မယ်။ အဖြေက ဒီလိုပါ။ မုန့်နှစ်ထဲမှာ spinach ဆိုတဲ့အရွက် ထည့်ထား
တာကြောင့် စိမ်းနေတာပါ။ ဒါပေမဲ့ ဟင်းရွက်အရသာကြီးတော့ ထွက်
မနေပါဘူး။
ဒီလိုထူးထူးဆန်းဆန်းမုန့်လေးတွေ ပြုလုပ်ပြီး အိမ်ကမိသားစုဝင်တွေကို
အံ့ဩပျော်ရွှင်သွားအောင် လုပ်လို့ရသလို ဆွေမျိုး၊ မိတ်ဆွေတွေဆီကိုလည်း
လက်ဆောင်ပို့ပေးရင်လည်း သူတို့ရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မှာ မလွဲ
ဧကန်ပါပဲ။ စမ်းပြီးတော့သာ လုပ်ကြည့်ဖို့ လိုအပ်တော့တာနော်။ muffin လုပ်တဲ့
ဗန်းတွေက ၁၂ ခုဆံ့တာတွေရှိသလို၊ ကိုးခုပဲဆံ့တဲ့ ဗန်းတွေလည်း ရှိပါတယ်။
ကိုယ်က ၁၂ ခုထက်ပိုပြီး ဖုတ်ချင်တယ်ဆိုရင်တော့ တစ်သုတ်ပြီးတစ်သုတ်
ဖုတ်ပေါ့။ တစ်ခုပဲ သတိထားရမှာက ပြုလုပ်ထားတဲ့မုန့်နှစ်ကို အသုံးမပြုခင်
၁၅ မိနစ်အချိန်ထိ အဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။
နောက်ထပ်မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုကတော့ oven ပါပဲ။
အကြီးစားမဟုတ်တောင် အိမ်သုံးအသေးစား oven ရှိရင်လည်း muffin
လေးတွေ ပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ရိုးရိုးဂျုံမှုန့် ၁ ခွက် (ချိန်ခွက်လေးတွေကို စူပါမားကက်တွေမှာ
  • လုံးတီးဂျုံမှုန့် ၁ ခွက်
  • သကြား ၃/၄ ခွက်
  • နွားနို့ ၃/၄ ခွက်
  • Canola oil ၁/၄ ခွက်
  • Vanilla extract လက်ဖက်ရည်ဇွန်း ၂ ဇွန်းမုန့်ဖုတ်ပေါင်ဒါ
    လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ တစ်ဝက်
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • လတ်ဆတ်တဲ့ spinach အရွက် (တစ်ခွက်စာလောက်၊ သို့မဟုတ်
    ကိုးအောင်စ ပမာဏ၊ Sharky's လိုဆိုင်တွေမှာ ရရှိနိုင်ပါတယ်)
  • ငှက်ပျောသီးခပ်ကြီးကြီး ၁ လုံး (အတုံးလေးတွေ တုံးပါ)
ပြင်ဆင်ပုံ
Oven ကို ၃၅၀ ဒီဒရီအပူချိန်နဲ့ ကြိုတင်အပူပေးထားပါ။
Muffin လုပ်တဲ့ခွက်တွေထဲမှာ မုန့်လုပ်စက္ကူလေးတွေ ထည့်ပြီးတော့ပဲဖြစ်ဖြစ်
(မဟုတ်ရင်လည်း) ဆီသုတ်ပေးထားပါ။ ပြီးတဲ့အခါ ဂျုံမှုန့်တွေ၊ သကြား၊
မုန့်ဖုတ်ပေါင်ဒါနဲ့ ဆိုဒါ၊ ဆားနဲ့ သစ်ကြံပိုးမှုန့်တွေကို ဇလုံတစ်လုံးထဲမှာ
ထည့်မွှေပါ။
ကြိတ်စက်ထဲမှာ ဆီ၊ နို့နဲ့ spinach အရွက် တွေကိုထည့်ပြီး ညက်လာတဲ့အထိ
ကြိတ်ပါ။ ညက်ပြီဆိုရင် ငှက်ပျောသီးနဲ့ vanilla extract တို့ထည့်ပြီး အနှစ်တွေ
ချောမွတ်လာတဲ့အထိ ထပ်ကြိတ်ပါ။ ရပြီဆိုရင် ဂျုံမှုန့်ခွက်ထဲကို
ရောထည့်လိုက်ပါ။
အကုန်လုံးကို ရောမွှေတဲ့အခါမှာ ယောက်မ (သို့) ထိပ်ပိုင်းကားတဲ့ ဇွန်းပြားမျိုးကို
အသုံးပြုပါ။ ရောမွှေတဲ့အခါမှာ ဂျုံမှုန့်တစ်စလေးမှ အလုံးအခဲအဖြစ် မကျန်ခဲ့ရလေအောင်
နှံ့နှံ့စပ်စပ်မွှေပေးပါ။ မုန့်နှစ်အဆင်သင့်ဖြစ်ပြီဆိုရင် muffin ခွက်ငယ်လေးတွေထဲ
သုံးပုံနှစ်ပုံလောက်အထိ ပြည့်အောင်လိုက်ဖြည့် ပါ။ ပြီးရင် ကြိုတင်အပူပေးထားတဲ့
မုန့်ဖုတ်စက်ထဲမှာထည့်ပြီး ၂၂ မိနစ်လောက် ဖုတ်ပေးပါ။
မဟုတ်ရင်လည်း သွားကြားထိုးတံလေးကို မုန့်ထဲစိုက်ထည့်လိုက်ပြီး ပြန်ဆွဲ
ထုတ်လိုက်တဲ့အခါ မုန့်နှစ်တွေကပ်ပြီး ပါမလာရင် muffin မုန့်ကလေးတွေ
ကျက်နေပါပြီ။ မုန့်ဗန်းကို အပြင်ထုတ်လိုက်ပြီး ၁၅ မိနစ်လောက် အအေးခံ
ထားပါ။
ပြီးတော့မှ ဗန်းကို ဇောက်ထိုးလှန်ချပြီး မုန့်ကလေးတွေကို ထုတ်ယူလိုက်ပါ။
နောက်ဆုံးအဆင့်ကတော့ ပျော်ပျော်ပါးပါးကြီး မြည်းစမ်းကြည့်ဖို့ပါပဲ။
(၀ါရှင်တန်ပို့စ်)
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။