ဘလူးဘယ်ရီ Cupcake လုပ်ကြမယ်

ဒီတစ်ပတ်မြန်မာတိုင်း(မ်)ရဲ့ ဧည့်သည်စားဖိုမှူးကတော့ Sule Shangri La ဟိုတယ်က
မုန့်လုပ်စားဖိုမှူး ထွန်းထွန်းလွင်ပဲ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်ကတည်းက Sule Shangri La ဟိုတယ်မှာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး
အဲဒီမတိုင်ခင်ကတော့ Strand Hotel မှာ လုပ်ကိုင်ခဲ့ပါတယ်။

သူ့ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်သဘာဝအရ ကိုထွန်းထွန်းလွင်ဟာ အာရှတစ်ခွင်မှာ
လှည့်လည်ပြီး လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

ဒါကြောင့် ကိုထွန်းထွန်းလွင်ဟာ ဟောင်ကောင်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့က Shangri La
ဟိုတယ်တွေမှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ရန်ကုန်မှာကျင်းပတဲ့ MLA Black Box Food ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု
ရရှိခဲ့ပါတယ်။

မြန်မာတိုင်း(မ်) စာဖတ်ပရိသတ်တွေ အိမ်မှာလုပ်စားနိုင်ဖို့ အတွက် ကိုထွန်းထွန်းလွင်
ဝေမျှပေးထားတာကတော့ ဘလူးဘယ်ရီ cupcake ပြုလုပ်နည်းပဲဖြစ်ပါတယ်။

"ဘလူးဘယ်ရီ cupcake ကိုရွေးချယ်ရတာက ဒီမုန့်က ဘယ်တော့မှ ရိုးမသွားဘူး။ ပြီးတော့
ကျွန်တော်တို့ Sule Shangri La ဟိုတယ်က Gourment ဆိုင်မှာလည်း အရောင်းရဆုံး
မုန့်တစ်မျိုးဖြစ်တယ်။ မိသားစုနဲ့ အိမ်မှာ လုပ်စားရတာလည်း လွယ်ကူတယ်"လို့
ကိုထွန်းထွန်းလွင်က ပြောပါတယ်။

စားဖိုမှူး ထွန်းထွန်းလွင်။ ဓာတ်ပုံ - suppliedစားဖိုမှူး ထွန်းထွန်းလွင်။ ဓာတ်ပုံ - supplied

ပါဝင်ပစ္စည်းများ
(Cupcake ၁၀ ခုစာအတွက်)

  • သကြား ၂၅၀ ဂရမ်
  • ဂျုံမှုန့် ၂၀၀ ဂရမ်
  • နွားနို့အစိမ်း ၂၀၀ ဂရမ်
  • ထောပတ် ၁၇၀ ဂရမ်
  • ဘလူးဘယ်ရီအနှစ် ၅၀ ဂရမ် (Blueberry puree)
  • မုန့်ဖုတ်ဆိုဒါ ၅ ဂရမ်
  • Vanilla essence ၅ ဂရမ်
  • ကြက်ဥ ၂ လုံး
  • သံပရာသီး ၁ လုံး

Frost ပြုလုပ်ရန်အတွက်
ပါဝင်ပစ္စည်းများ

  • ခရင်မ်ချိစ် ၁၀၀ ဂရမ်
  • ထောပတ် ၅၀ ဂရမ်
  • ဘလူးဘယ်ရီအနှစ် ၅၀ ဂရမ်
  • သကြား ၂၀ ဂရမ်

*** Cupcake ကို muffin ဖုတ်တဲ့ ဗန်းနဲ့ပဲ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီတော့ muffin ဗန်း
လိုအပ်ပါတယ်။ နောက်ထပ်မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုကတော့ oven ပါပဲ။
အကြီးစားမဟုတ်တောင် အိမ်သုံးအသေးစား oven ရှိရင်လည်း cupcake လေးတွေ
ပြုလုပ်နိုင်ပါတယ်။

ပြင်ဆင်ပုံ

ဥလနည ကို အပူချိန် ၁၆၅ စင်တီဂရိတ်မှာထားပြီး ကြိုတင်အပူပေးထားပါ။

မုန့်ဖုတ်တဲ့ ဗန်းကို ဆီသုတ်ထားပြီး မုန့်လုပ်စက္ကူခွက်တွေကိုလည်း မုန့်လုပ်ခွက်တွေထဲမှာ
တစ်ခုစီ ထည့်ထားပါ။

သကြားနဲ့ ထောပတ်ကို ဇလုံတစ်လုံးထဲမှာ သမအောင် ရောမွှေပါ။

ကြက်ဥ၊ နွားနို့နဲ့ vanilla essence တို့ကို ပေါင်းထည့်ပြီး ရောမွှေပါ။ ဂျုံမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါ
တို့ကိုလည်း စစ်ထည့်လိုက်ပါ။

ဒီအဆင့်မှာတော့ အိမ်မှာ electric mixer အဆင်သင့်ရှိတယ်ဆိုရင် အဲဒီစက်ကိုသုံးပြီး
ချောမွတ်သွားအောင် ရောမွှေပါ။

မရှိရင်လည်း ကိစ္စမရှိပါဘူး။

ယောက်မ (သို့) ထိပ်ပိုင်းကားတဲ့ ဇွန်းပြားမျိုးနဲ့ မွှေပေးလို့ရပါတယ်။

အရေးကြီးတာက ဂျုံမှုန့်တစ်စလေးမှ အလုံးအခဲအဖြစ် မကျန်ခဲ့ရလေအောင် နှံ့နှံ့စပ်စပ် မွှေပေးဖို့ပါပဲ။

သံပရာရည်နဲ့ ဘလူးဘယ်ရီအနှစ် ထည့်လိုက်ပြီး အားလုံးသမသွားအောင် ရောမွှေပါ။

မုန့်နှစ်အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ muffin ဗန်းထဲက
ခွက်ကလေးတွေထဲ တစ်ခွက်စီ လောင်းထည့်ပေးပါ။

ပြီးတဲ့အခါမှာ ကြိုတင်အပူပေးထားတဲ့ oven ထဲမှာ ၁၅ - ၂၀ မိနစ်လောက် ထည့်ဖုတ်ပါ။

Cupcake လေးတွေ ကောင်းကောင်း ကျက်၊ မကျက် သေချာသိချင်တယ်ဆိုရင်တော့
သွားကြားထိုးတံလေးကို မုန့်အလယ်ကောင်တည့်တည့်မှာ ထိုးထည့်လိုက်ပါ။

ပြန်ဆွဲထုတ်လိုက်လို့ မုန့်နှစ်တွေ ကပ်ပြီးပါမလာဘူးဆိုရင် မုန့်ကျက်ပါပြီ။

မုန့်ဗန်းကို ဆွဲထုတ်လိုက်ပြီး လုံးဝ အေးသွားအောင် အအေးခံထားလိုက်ပါ။

Frost ပြုလုပ်ဖို့အတွက်ကိုတော့ ခရင်မ်ချိစ်၊ သကြားနဲ့ ဘလူးဘယ်ရီ အနှစ်တွေကို
ခွက်တစ်လုံးထဲမှာ ချောမွေ့တဲ့အနှစ်တွေ ရလာတဲ့အထိ ရောမွှေပါ။

စိတ်ကြိုက်ဖြစ်ပြီဆိုရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက် ထည့်သိမ်းထားပါ။

စားတော့မယ်ဆိုမှ frost အနှစ်တွေကို cupcake လေးတွေအပေါ်မှာ တင်ပြီး
စိတ်ကြိုက်အလှဆင်ပေးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။