ကြက်သား မှို ဒေါက်ခွရွက်ရော ဂျုံဟင်း

အရသာပြည့်ဝတဲ့ ကြက်သားဟင်းလျာတစ်ခွက်ကို ကမ္ဘာအရပ်ရပ်က ဓလေ့ရိုးရာ အသီးသီးတွေနဲ့
ပုံဖော်ဖန်တီးရင်း စားသောက်လာကြရာက ခုနောက်ဆုံး ကြက်သားစဉ်းကောကို မှိုနဲ့ အဓိက တွဲစပ်ပြီး
အကောင်းဆုံး ဒေါက်ခွရွက် ဂျုံဟင်းတစ်ခွက်အဖြစ် ပြောင်းလဲတည်ခင်းလာတဲ့ စားဖိုမှူးကြီး 
Wyne Third ကို ကျွန်မတို့ မြန်မာတိုင်း(မ်)စာစောင်ရဲ့ အဓိက ဟင်းလျာဖန်တီးပေးသူအဖြစ်
ကျေးဇူးတင်မိပါရောရှင်။

အချက်အပြုတ် လုပ်ငန်းပိုင်းကို နှစ်ပေါင်း ၃၀ ကျော် စီးမျောလေ့လာဖြတ်သန်းလာတဲ့ Third က
ကမ္ဘာအနှံ့အပြားက မီးဖိုချောင်တွေမှာ အလုပ်လုပ်ခဲ့တာ ယူကေ၊ အမေရိက၊ မလေးရှား၊ ကင်ညာ၊
ဩစတြေးလျ၊ ဇန်ဇီးဘား (တက်စ်နေးယား)၊ အိန္ဒိယ သမုဒ္ဒရာ အရှေ့ခြမ်းက ဆေးချီလီစ်စတဲ့
ထူးခြားတဲ့ မြို့တွေပါမကျန် လစ်လပ်ချန်ဟမထားခဲ့ပါဘူး။ လတ်တလောမှာတော့
ကံကောင်းထောက်မစွာပဲ ရန်ကုန်မြို့က နာမည်ကျော် ပြင်သစ်စားသောက်ဆိုင်
Le Petit Comptoir မှာ စားဖိုမှူးအဖြစ် သူတာဝန်ယူနေတုန်း အခုလို ကြက်သားဟင်းလျာကို
ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နယူးဇီလန်ရဲ့ တစ်နှစ်တာအတွက်အကောင်းဆုံး စားဖိုမှူးဆုကြီးအပြင် အေအေအဆင့် ဖဲပြားဆု
တံဆိပ်ပေါင်းများစွာ ချီးမြှင့်ခြင်းခံခဲ့ရတဲ့ စားဖိုမှူး Thrid က သူ့လက်ရာကို ကမ္ဘာကျော်အနုပညာရှင်တွေ
ဖြစ်တဲ့ AC/Dc ၊ the Rolling Stones ၊ Bruce Springsteen ၊ Taylor Swift ၊ Jay Z နဲ့ 50 Cent
တို့ရဲ့ ထုတ်ဖော်ချီးကျူးမှုတွေ လက်ခံရရှိထားသူလည်း ဖြစ်ပါတယ်။

Thrid က အသစ် အသစ်သော ဟင်းလျာတွေကို ဖော်စပ်ဖန်တီးချင်သူတစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့
ဟင်းလျာတွေကိုလည်း သူနဲ့ လက်တစ်ကမ်းမှာပဲရှိနေတဲ့ အရာတွေနဲ့ပဲ အကောင်းဆုံးအရည်အသွေးနဲ့
ဟင်းပွဲတွေကို ချက်ပြုတ်နိုင်သူတစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ လက်တင်အမေရိကန် ရိုးရာစတိုင် လွှမ်းမိုးနေတဲ့ အိမ်မှာ ကိုယ်တိုင်လိုက်ဖုတ်နိုင်တဲ့ ပေါင်မုန့်
မီနူးတွေနဲ့ အိမ်တွင်းချက်ပြုတ်နိုင်မှုတွေက သူမတူအောင် ထူးခြားသလို ကိုယ်တိုင်လည်း
အလွယ်တကူ လုပ်ဆောင်နိုင်ပါသေးတယ်။

ပါဝင်ပစ္စည်း

  • တုံးထားပြီးသား ကြက်သား ၁၂၅ ဂရမ်
  • ဂျုံ (သို့) ဆန် ၂၅၀ ဂရမ်
  • နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ ၁ လုံး
  • ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ  ၁ လုံး
  • ၀ိုင်ဖြူ  ၅၀ မီလီ
  • ကြက်ပြုတ်ရည် ၇၅၀ မီလီ
  • သန့်စင်ထားတဲ့ ဒေါက်ခွရွက် ၅၀ ဂရမ်
  • အရွယ်တော်လှီးထားတဲ့ မှို ၂၀၀ ဂရမ်
  • သံလွင်ဆီ ၅၀ မီလီ
  • ထောပတ် ၅၀ ဂရမ်
  • ဆားနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြင်ဆင်ပုံ

ထောပတ်တစ်ဝက်ခန့်နဲ့ သံလွင်ဆီတို့ကို အိုးထဲမှာ အပူပေးပြီး ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေကို
ဆီသတ်ပါ။

ကြက်သားကို ရောထည့်ကြော်ပြီး ရွှေညိုရောင်သန်းလာရင်တော့ မှိုထည့်ပါ။

ဂျုံ (သို့) ဆန်ကို ရောထည့်ကြော်ပြီး နှစ်မိနစ်လောက်ကြာရင်တော့ ၀ိုင်ကို ခန်းသွားတဲ့အထိ
ထည့်ချက်ပါ။

ချက်ထားတဲ့ အိုးထဲကို ကြက်ပြုတ်ရည် ဖြည်းဖြည်းချင်းလောင်းထည့်ပြီး ထမင်းထဲမှာ အရသာဝင်ကာ
ပျော့လာတဲ့အထိ ချက်ပါ။

ကိုယ်လိုချင်တဲ့ အနေအထားရောက်ပြီဆိုရင်တော့ တစ်ဝက်ကျန်နေတဲ့ ထောပတ်နဲ့ သန့်စင်ထားတဲ့
ဒေါက်ခွရွက်တို့ကို ထည့်ပြီး အရသာမြည်းစမ်းကာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။