ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာ ရှစ်မျိုး

နှစ်တစ်နှစ် ကူးပြောင်းလာတာနဲ့အမျှ အစားအစာအသစ်အဆန်းတွေ အမျိုးမျိုး ပေါ်လာတတ်ပါတယ်။
ဒါပေမဲ့ အစားအစာတွေက တကယ်ပဲ ကြော်ငြာထားသလို ဟုတ်ပါရဲ့လား။

ပါစတာစားရင် ကိုယ်အလေးချိန် တကယ်တိုးစေမှာလား ကစီဓာတ်ကိုရှောင်တဲ့ အလေ့အထက
လူတွေကြားမှာ ပေါ်ပင်လိုဖြစ်နေတာကြောင့် သန့်စင်ထားတဲ့ ဂျုံအဖြူနုနုနဲ့ လုပ်ထားတဲ့
ပေါင်မုန့်ဖြူဖြူနုနုလေးတွေနဲ့အတူ ပါစတာကို ထမင်းစားပွဲပေါ်မှာ တွေ့ရမှာကို လူတော်တော်များများက
လန့်ကြပါတယ်။

အခုတော့ အာဟာရနဲ့ပတ်သက်ပြီး ပါစတာရဲ့ နာမည်ကောင်းကို လူတွေပြန်လက်ခံလာအောင်
တိုက်တွန်းနေတဲ့ အချက်တစ်ချက် ထွက်ပေါ်လာပါတယ်။

ပါစတာလုပ်တဲ့ဂျုံကြမ်းက ကစီဓာတ်ဖွဲ့စည်းပုံကြောင့် ပမာဏချင်းတူတဲ့ ဂျုံမှုန့်နုနဲ့လုပ်ထားတဲ့
ပေါင်မုန့်ထက် ပါစတာက အစာကြေတာ နှေးတယ်လို့ ပါစတာကုမ္ပဏီဘာရီလာ (Barilla)
ပြောထားတဲ့အချက်က မှန်ပါ့မလား။

စားလို့သင့်တော်တဲ့ အနေအထားနဲ့ပြုတ်ထားတဲ့ ပါစတာကို စားမယ်ဆိုရင် ပါစတာမှာပါတဲ့
ကာဘိုဟိုက်ဒရိတ်ပါဝင်မှု နှုန်းထားဟာ ပန်းဂျုံ၊ ဒါမှမဟုတ် ဆန်လုံးညိုနဲ့ ယှဉ်နိုင်ပါတယ်တဲ့။

ဒါကြောင့် ကိုယ်ခန္ဓာမှာ စွမ်းအင်တွေ ပုံမှန်လောင်ကျွမ်းနေမယ်ဆိုရင် အချိန်တော်တော်ကြာကြာ
ဗိုက်မဆာဘဲ ဖြစ်နေမယ် ဆိုတဲ့အချက်က ယုတ္တိရှိပါတယ်။

ပြီးတော့ ပါစတာက လုံးတီးဂျုံနဲ့ လုပ်ထားတဲ့ စပါဂတ်တီထက် အရသာပိုရှိပါတယ်တဲ့။

စွန်ပလွံသီးတွေဟာ သကြားဓာတ်အသစ် တစ်မျိုးပါပဲ

သန့်ရှင်းစွာ စားသောက်ရေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက အမွှမ်းတင် ပြောဆိုကြတာကြောင့်
ကျွန်တော်တို့ဟာ ကနေ့အချိန်မှာတော့ စွန်ပလွံသီးတွေနဲ့ မုန့်အချိုတွေကို မစားဘဲမနေလို့
မရတော့ပါဘူး။

ဒီစေးကပ်ကပ်အသီးက ဆိုးကျိုးရှိတဲ့ သကြားထက် ဘာများပိုကောင်းနေပါသလဲ။

ဖုတ်ထားတဲ့မုန့်အချိုတွေအကြောင်း ပြောမယ်ဆိုရင်တော့ စွန်ပလွံသီးက ပိုကောင်းတဲ့အချက်
ရှိတယ်ဆိုတာ မှန်ပါတယ်။

ကိုယ်အလေးချိန်အတွက် စွန်ပလွံသီးမှာ ပါဝင်တာတွေကို တွက်ချက် ကြည့်မယ်ဆိုရင်
စွန်ပလွံသီးခြောက်မှာ သကြားဓာတ် ၆၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

တကယ့်သကြားမှာဆို သကြားဓာတ်က ၁၀၀ ရာခိုင်နှုန်းပေါ့ဗျာ။ စွန်ပလွံသီးတွေဟာ ပျော်ဝင်နိုင်တဲ့
အမျှင်ဓာတ်များတဲ့ အသီးတစ်မျိုးလည်းဖြစ်ပြီး ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနှုန်းထားကလည်း
တော်တော်လေး နည်းပါတယ်။

အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ်နေတဲ့ သွေးတွေထဲ အင်ဆူလင်ပျော်ဝင်မှုကို
တားဆီးပေးပါတယ်။

ပုံမှန်သကြားနဲ့ မတူတဲ့အချက်က စွန်ပလွံသီးတွေမှာ အသုံးဝင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့
သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗိုက်တာမင်ဘီနဲ့ တခြားဓာတ်တွေ ပါဝင်နေပါတယ်။

စွန်ပလွံသီးခြောက်ဟာ တခြားသစ်သီးအချိုတွေထက် ပိုချိုပါတယ်။

ဒါပေမဲ့ ကိတ်မုန့်အစား သစ်သီးချိုတွေကိုစားတာထက် စွန်ပလွံသီးခြောက်ကို စားမယ်ဆိုရင်
သကြားဓာတ်စားသုံးမှု ပိုနည်းစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာမှာပါ။

ပြီးတော့ ခံတွင်းထဲမှာ အချိုဓာတ်က စွဲနေပြီး ဖြည်းဖြည်းချင်း ပျောက်သွားစေပါတယ်။

ကေးလ်အရွက်ဂေါ်ဖီ (kale)က စူပါအရွက်တစ်မျိုးပါ

လက်ရှိမှာ မုန်ညင်းနွယ်ဝင် ဟင်းရွက်တွေထဲမှာ ဘုရင်ဖြစ်နေတဲ့ ကေးလ်အရွက်တွေဟာ
အင်တီအောက်ဆီဒင့်ဓာတ်ကြွယ်ဝပြီး ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ အနာရောဂါတွေမဖြစ်အောင်
အထူးသဖြင့် ကင်ဆာမဖြစ်အောင် တားဆီးပေးနိုင်တဲ့ စွမ်းအင်တွေ ရှိပါတယ်။

ကေးလ်အရွက်ဟာ ဂေါ်ဖီတို့၊ ဘရိုကိုလီတို့ထက် အာဟာရပိုကြွယ်သလား၊ ဒါမှမဟုတ်
ကြွပ်ဆတ်ဆတ်ပိုရှိတာကြောင့် လူကြိုက်များတာလားလို့ မေးစရာရှိပါတယ်။

ကေးလ်အရွက်ရဲ့ ထူးခြားချက်ကတော့ အရိုးအတွက်ကောင်းတဲ့ ဗီတာမင် ကေ အများကြီး
ပါဝင်တာပါ။

အရိုးကျိုးမှာကိုစိုးရိမ်တဲ့သူတွေအတွက် အားသာချက်ကြီး တစ်ခုပေါ့ဗျာ။

ပြီးတော့ ဒီဟင်းရွက်က ဈေးတော်တော်ပေါသလို နေရာမရွေး စိုက်ပျိုးလို့လည်း ရသေးတယ်။

အကြော်အတွက် အကောင်းဆုံးဆီကတော့ အုန်းဆီပါပဲ

ဟင်းရွက်ဆီလို့ လူသိများကြတဲ့ စက်ရုံမှာ သန့်စင်အပူပေးပြီး ဓာတုဗေဒနည်းနဲ့ အရောင်အနံ့
ချွတ်ထားတဲ့ စားသုံးဆီထက်ကောင်းတာ ဘာမှမရှိတော့သလိုပါပဲ။

ဒါပေမဲ့ အုန်းသီးခြောက်တွေရဲ့ အသားခြောက်တွေကို ကြိတ်ပြီးထွက်လာတဲ့ အုန်းဆီကို
ချီးကျူးစရာအချက်တွေ ရှိနေပါပြီ။

မသန့်စင်ထားတဲ့ အုန်းဆီဟာ တခြား ဆုံဆီဟင်းရွက်ဆီတွေလို အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး
ဆီချေးနံ့ ထွက်သွားတာမျိုး မရှိပါဘူး။

အုန်းဆီကို အပူပေးလိုက်မယ်ဆိုရင်လည်း အာဟာရဓာတ်တွေ လျော့ကျသွားတာမျိုးလည်း
မဖြစ်ပါဘူး။

ပြီးတော့ ဗိုင်းရပ်စ်တို့၊ မှိုတို့၊ ဘက်တီးရီးယားတို့ကို တိုက်ဖျက်နိုင်တဲ့ မီဒီယံချိန်းဖက်တီးအက်စစ်
(medium chain fatty acid) လည်း တော်တော်လေး ပါဝင်ပါတယ်။

မီဒီယံချိန်းဖက်တီးအက်စစ်ဆိုတာ ဆီတွေကို ခန္ဓာကိုယ်တွင်းမှာ အဆီအဖြစ် သိုလှောင်မထားစေဘဲ
စွမ်းအင်အဖြစ် အသည်းက ချက်ချင်းပြောင်းလဲပစ်လိုက်စေနိုင်တဲ့ အစွမ်းရှိပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေတဲ့သူတွေကို မီဒီယံချိန်းဖက်တီးအက်စစ် ပါဝင်တဲ့
အစားအစာတွေကို ပိုစားဖို့ အကြံပြုကြတာပါ။

အုန်းဆီနဲ့ ပတ်သက်ပြီး အခုအချိန်အထိ မိုင်းနပ်စ်ပြနေတဲ့ အချက်တစ်ချက်ကတော့
မသန့်စင်ရသေးတဲ့ အုန်းဆီရဲ့ ဈေးနှုန်းပါပဲ။

- ဂါးဒီးယန်းသတင်းစာ

(ရှေ့တစ်ပတ် ဆက်လက်ဖော်ပြပါမည်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။