ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာ ရှစ်မျိုး

(ယခင်တစ်ပတ်မှ အဆက်)

အနီရောင်အသားက လူကို သေစေနိုင်မလား

တားဆီးလို့မရနိုင်တဲ့ သဘာဝတရားကြီးက လူတွေရဲ့ ဘ၀သက်တမ်းကို ပိုပြီးတိုသွားစေတဲ့
အနီရောင်အသားကို ဖန်တီးလေသလား။

တကယ်တော့ မရှိမဖြစ်လိုအပ်တဲ့၊ အဆီများသလို ပရိုတင်းအပြည့်အ၀ ပါဝင်တဲ့၊ ဗီတာမင်နဲ့
သတ္တုဓာတ်များ ပါဝင်တဲ့ အနီရောင်အသားက သင်စားနိုင်တဲ့အစားအစာတွေထဲက အာဟာရ
အရှိဆုံးအစားအစာ တစ်မျိုးပါပဲ။

အနီရောင်အသားကိုရှောင်ဖို့ တိုက်တွန်းတဲ့ အကြောင်းပြချက်တွေကတော့ မသေချာမရေရာလှတဲ့
စစ်တမ်းတွေကနေ ပြုစုထားတဲ့အချက်တွေ ဖြစ်နေတာပါ။

အနီရောင်အသားကိုရှောင်ရင် ရလာနိုင်မယ့်အကျိုးဆက်တွေကို ခိုင်ခိုင်လုံလုံ သက်သေပြနိုင်တာမျိုး
မရှိသေးပါဘူး။

အခုအချိန်အထိတော့ မီနူးစာရင်းတွေမှာ အိမ်မွေး၊ မြက်ကျွေး တိရစ္ဆာန်၊ ဒါမှမဟုတ် သဘာဝမွေး
တိရစ္ဆာန်တွေရဲ့ အသားဟင်းအမည်တွေ မြင်တွေ့နေရဆဲပါ။

အရိုးဟင်းချိုက ထိပ်တန်းအစားအစာအသစ် ဖြစ်နေ။

ကျောက်ခေတ်ကတည်းက ဟင်းချိုကို အရိုးတွေနဲ့ လုပ်ခဲ့ကြပေမယ့် နယူးယော့ခ်မှာရှိတဲ့
ဘရိုဒိုအရိုးပြုတ်ရည်ကုမ္ပဏီရဲ့ အောင်မြင်တဲ့ဖွင့်ပွဲမှာ အရိုးကနေ အစားအစာပြုလုပ်တာဟာ
အကောင်းဆုံးဖြစ်တယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပါဘူး။

အရိုးနဲ့ လုပ်တဲ့ ဟင်းချိုဟာ ဈေးကြီးတဲ့ အာဟာရဖြည့်စွက်စာတွေအစား ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့
ဖော့စ်ဖောရပ်စ်လို သတ္တုဓာတ်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

အရိုးနုနဲ့ အရွတ်က ထွက်လာတဲ့အရာတွေက (အဆစ်ရောင်ရောဂါအတွက် ဖြည့်စွက်အာဟာရအဖြစ်
ရောင်းတဲ့) ချွန်ဒရိုသိမ်း (chondroitin) နဲ့ ဂလုကိုမိုင်း (gluco-samine) ဆေးတို့ရဲ့
သဘာဝအရင်းအမြစ် ဖြစ်ပါတယ်။

ချွေတာတဲ့အနေနဲ့ တစ်ခါတလေ အလေအလွင့်ဖြစ်နေတဲ့ တိရစ္ဆာန်ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး
လုပ်နိုင်တဲ့ အရိုးပြုတ်ရည်ကို ကိုယ်တိုင်လုပ်ဖို့ဆိုတာ ဈေးသိပ်ချိုသလို စိတ်ကျေနပ်စရာသိပ်ကောင်းပြီး
အရည်ထဲမှာ အကောင်တစ်ကောင်လုံးရဲ့ အရသာတွေ ပါဝင်ပါတယ်။

မလိုင်အပြည့်ပါသောနို့ ပြန်လည်ဈေးကွက်ဝင်လာ

ယနေ့ခေတ်မှာ အများသဘောအရ အဆီများတဲ့ အစားအစာကို ဆန့်ကျင်မှု သိပ်မရှိတော့ပါဘူး။

အဆီကျကော်ဖီကို ရွေးချယ်သူတွေ ရှိပေမယ့် အများစုကတော့ မလိုင်အပြည့်နဲ့ လက်ဖက်ရည်ကို
နှစ်သက်နေကြဆဲပါပဲ။

မနှစ်က လေ့လာမှုတစ်ခုအရ နို့ထွက်ပစ္စည်း အဆီများတဲ့အစားအစာတွေကို စားတဲ့သူတွေဟာ
ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ အ၀လွန်တာကြောင့်ဖြစ်တတ်တဲ့ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါနဲ့
လေဖြတ်ခြင်းအပါအ၀င် ခန္ဓကိုယ်အတွင်း အစာခြေစနစ်နဲ့ဆိုင်တဲ့ ရောဂါလက္ခဏာဖြစ်ပွားနှုန်းကို
လျှော့ချပေးပါတယ်။

ယခုအချိန်ဟာ ရေမသောက်ဘဲ မလိုင်အပြည့်ပါတဲ့၊ သဘာဝဖြစ်တဲ့ အရော အနှောမပါတဲ့ နွားနို့ကို
ပြန်လည်သောက်သင့်ပါပြီ။

ဖြစ်နိုင်ရင် မကျိုချက်ဘဲ သောက်ပါ။

ကင်ချီက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေ

အခုချိန်မှာ အစားအစားတွေကို အချဉ်ဖောက်တာ နေရာအနှံ့ တွေ့နေရပြီး အဏုဇီဝ (သို့)
လူ့ကလီစာထဲမှာရှိတဲ့ ဘက်တီးရီးယား အရေအတွက်နဲ့ ပတ်သက်ပြီး သိပ္ပံပညာနည်းအရ
လေ့လာဖို့ အာရုံစိုက်ကြပါတယ်။

အချဉ်ဖောက်ထားတဲ့ ရိုးရာအစားအစာတွေထဲမှာ ပုံမှန်အားဖြင့် လက်တစ္စအက်စစ် ဘက်တီးရီးယား
အများကြီး ပါဝင်တယ်။

အဲဒီလို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် ပဋိဇီဝဆေးနဲ့ ပိုးသတ်ထားတဲ့
အစားအစာကြောင့် လျော့နည်းသွားတဲ့ ခန္ဓာကိုယ်ထဲက အဏုဇီဝမှာ ကျန်းမာရေးကို
အထောက်အကူဖြစ်စေတဲ့ ဘက်တီးရီးယား အမျိုးမျိုးကို ပြန်လည်အသက်သွင်းပေးနိုင်မှာဖြစ်တယ်။

အရှေ့ဥရောပ ဂေါ်ဖီထုပ်ချဉ်ကနေ ကိုရီးယားကင်ချီ ဖြစ်လာတဲ့ ကျန်းမာရေးကို အထောက်အကူ
ဖြစ်စေတဲ့ ရိုးရာအစားအစာ ဟင်းသီးဟင်းရွက်က မေးခွန်းထုတ်စရာ မဟုတ်ပေမယ့်
ခေတ်ဟောင်းနည်းလမ်းကို မျိုးဆက်သစ်တွေ လုပ်ဆောင်လာကြတာတော့ စိန်ခေါ်မှုတစ်ရပ်
ဖြစ်နိုင်ပါတယ်။

ကင်ချီပီဇာ လုပ်လို့ရမလား (တခြားတခုခု) ဆိုတာကို စမ်းသပ်လေ့လာတာမျိုးတော့ရှိပါတယ်။

ဒါပေမဲ့ သင့်ရဲ့ အဏုဇီဝက လက်ခံနိုင်ပေမယ့် သင့်ရဲ့အရသာခံအာရုံက လက်ခံနိုင်ပါ့မလား
ဆိုတာကတော့ ထည့်ထွက်ရမယ့် အချက်တစ်ချက်ပါပဲ။

အိအိစံ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။