ယူနန် ဟင်းလျာတွေရတဲ့ ခုပ်ဖူစားသောက်ဆိုင်

မျောက်နှစ်ဖြစ်တဲ့ တရုတ်နှစ်သစ်ကူးကာလကတော့ ခြင်္သေ့အကတွေ၊ မောင်းသံတွေနဲ့ ခြိမ့်ခြိမ့်သဲသဲ
စတင်လိုက်သလို ကျွန်တော့်အစာအိမ်ကလည်း တရုတ်ရိုးရာ အစားကောင်း၊ အသောက်ကောင်း
တွေကို အာသာငမ်းငမ်းနဲ့ တောင်းဆိုနေပါတယ်။

အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော်ဟာ အရှေ့တိုင်းဟင်းလျာတွေဆိုတာ
ဘူဖေးစားသောက်ဆိုင်တွေက ချိုစပ်ကြက်သားဟင်း၊ ကံကြမ္မာဟောစာတမ်းတွေပါတဲ့
ကွတ်ကီးတွေနဲ့ အချိုမှုန့်နိုင်းချင်းသုံးကြတယ်လို့ သိထားပါတယ်။

အလုံမြို့နယ်ထဲက 'ခုပ်ဖူ' စားသောက်ဆိုင်ရဲ့ အ၀င်လမ်းဟာ မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်ရဲ့
အပေါ်ထက်ဝက် တစ်လျှောက်မှာ တည်ရှိတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က တိတ်ဆိတ် အေးချမ်းတဲ့
မြို့လေးတွေကို ရောက်သွားသလို ခံစားရစေပါတယ်။

ဒီဆိုင်ကလည်း ယူနန်ပြည်နယ်က ဟင်းလျာတွေကို တည့်ခင်းရောင်းချတဲ့ဆိုင်ဖြစ်ပါတယ်။

တကယ်တော့ ယူနန်အစားအသောက်တွေဟာ တရုတ်၊ ရှမ်း၊ ကချင်နဲ့ ထိုင်းအရသာတွေကို
ပေါင်းစပ်ထားတာပါ။

ကျွန်တော့်အမြင်တော့ တကယ်ကို လိုက်ဖက်လှတဲ့ နှစ်လိုဖွယ်ရာ ပေါင်းစပ်မှုပါပဲ။

ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွေဟာ ရောင်စုံစက္ကူတွေ၊ ပန်းတွေနဲ့ အလှဆင်ထားတဲ့
ဝင်ပေါက်ကနေတစ်ဆင့် ၀ါးတဲလေးထဲက စားပွဲရှိရာကို ငါးကန်လေးတစ်ခုပေါ်မှာ ဖြတ်ဆောက်ထားတဲ့
တံတားငယ်လေးတစ်ခုကို ဖြတ်ပြီး ရောက်သွားခဲ့ပါတယ်။

ဟင်းလျာစာရင်းကြည့်လိုက်တော့ အမည်(အမယ်)တွေက တော်တော်များများပါတယ်။

ဒါပေမဲ့ တော်တော်များများကို အင်္ဂလိပ်လို ရေးပြမထားတာကြောင့် ပုံတွေကြည့်ပြီးပဲ ဟင်းလျာတွေကို
ရွေးရပါတယ်။

ဒီမှာ ကျွန်တော် ပြောချင်တာက ဒီဆိုင်ရောက်ရင် မှာကိုမှာရမယ့် ဟင်းလျာကတော့ အာလူးထောင်း
(ပန်းကန်ပြားနဲ့ အပြည့်အမောက်ပါတဲ့ ကျပ် ၃,၅၀၀) ပဲဖြစ်ပါတယ်။

နူးညံ့လှတဲ့ အာလူးတွေကို အရသာစူးစူး ဂေါ်ဖီသုပ်နဲ့ ပေါင်းစပ်ထားပြီး ငရုတ်ဆီ၊ ကြက်သွန်ဖြူကြော်နဲ့
နံနံပင်တို့ကို အပေါ်ကနေအုပ်ပေးထားပါတယ်။

အစပ်အဟပ် တော်တော်တည့်တာမို့ အိမ်ကိုပါ အပိုဝယ်သွားချင်စိတ် ပေါက်သွားပါတယ်။

နောက်တစ်ခုက သမင်သားလို့ ရေးထားတဲ့ ကျပ် ၇,၅၀၀ ဟင်းလျာပဲ ဖြစ်ပါတယ်။

ဟင်းလျာနာမည်ကြောင့် စားပွဲထိုးကို ဒီဟင်းပေးပါလို့ မပြောခင် ကျွန်တော်တို့တစ်တွေ အတွေးမျိုးစုံ
တွေးမိကြတယ်။

"အာရှမှာ သမင်ရှိတယ်လား"ဆိုတာကနေ "သမင်သား မဟုတ်ဘူးဆိုရင် ဘာသားဖြစ်မလဲ"ဆိုတဲ့
အထိပါပဲ။

ကြက်သွန်ဖြူအမြွှာအနည်းငယ်နဲ့ လှိမ့်ပြီး ကျပ်တိုက်ထားတဲ့ အသားချောင်းတွေအများကြီးပါတဲ့
ဟင်းပွဲအဖြစ် ရောက်ရှိလာပါတယ်။

အသားချောင်းတွေကို အကြာကြီး ၀ါးစားရပါတယ်။

သူကတော့ ထမင်းနဲ့ စားတာထက် သရေစာအဖြစ်စားဖို့ပဲ ပိုပြီးသင့်တော်ပါတယ်။

အကြိုက်တွေ့သွားတဲ့ ကျွန်တော့်ဧည့်သည်ကတော့ တောင်အာဖရိက ဟင်းလျာ biltong နဲ့
တူတယ်လို့ပြောပေမယ့် ဒီအသားဟင်းရဲ့ တကယ့် နာမည်အပေါ် သံသယစိတ်ကတော့
ဆက်ရှိနေခဲ့ပါတယ်။ (စားပြီးတဲ့ နောက်မှာတော့ သိုးသားတွေဖြစ်ကြောင်း သိလိုက်ရပါတယ်)

ပုစွန်ထုပ်ကင် (ကျပ် ၉,၅၀၀) ကတော့ အတော်လေးကောင်းမွန်ပါတယ်။

မွေးကြိုင်ပြီး စားချင်စဖွယ်ကောင်းပါတယ်။

ကြက်သွန်ဖြူကြော်တွေနဲ့ တွဲစားရပါတယ်။

ဒါပေမဲ့ မာလာတို့ဖူး (ကျပ် ၃,၅၀၀) ကတော့ ပေါ့ရွှတ်ရွှတ်နဲ့ တို့ဖူးမှာလည်း အရသာသိပ်မပါဘူး။

နောက်ထပ်မှာတဲ့ ဟင်းပွဲကလည်း အင်္ဂလိပ်လို ရေးမထားပေမယ့် ပုံကို ကြည့်ရတာနဲ့တင်
စားကြည့်ချင်စိတ်ဖြစ်စေပါတယ်။

ကံကောင်းချင်တော့ ထင်ထားသလို စားကောင်းပါတယ်။

ခရမ်းသီးနဲ့ ခရမ်းချဉ်သီးဟင်း (ကျပ် ၄,၀၀၀) ဟာ နှစ်လိုဖွယ်ကောင်းပြီး သဘာဝဆန်ပါတယ်။

စမုန်စပါး ကြက်ဥမွှေကြော် (ကျပ် ၄,၀၀၀) ပေါ်မှာ ဆော့ဖြန်းပြီးစားရတာကလည်း
စားကောင်းနေပြန်ပါတယ်။

ကျွန်တော့် မိတ်ဆွေတစ်ဦးကတော့ ဒီဟင်းက သူငယ်စဉ်က တီထွင်ခဲ့တဲ့ သူ့ကိုယ်ပိုင်
အစားစားနည်းအတွက် အသင့်လျော်ဆုံးပဲလို့ ဆိုပါတယ်။

သူစားပုံကတော့ အစားအသောက်တွေ အားလုံးကို ထမင်းပန်းကန်ထဲမှာ ရောမွှေပြီး စားတာပါ။

ဒီလိုစားပုံက တချို့သူတွေအတွက် မနှစ်မြို့စရာဖြစ်ပေမယ့် အရသာသိပ်မကောင်းလှတဲ့
မာလာတို့ဖူးကိုတောင် အစပ်အဟပ်တည့်လှတဲ့ အာလူးထောင်း အရသာမျိုးဖြစ်သွားစေတယ်လို့
သူက သူ့စားနည်းကို အမွှန်းတင်ပြီးပြောပါတယ်။

အာရှစားသောက်ဆိုင်တော်တော်များများမှာ စားဖူးတဲ့ ကျွန်တော့် အတွေ့အကြုံအရ ဒီဆိုင်ဟာ
လူများနိုင်သလောက် များများစုပြီး ဟင်းပွဲတွေ အများကြီးကို အတူမှာပြီးစားဖို့အတွက်
အကောင်းဆုံးပါပဲ။

ကျွန်တော်တို့ ငွေရှင်းတော့ တစ်ခွက်ကို ကျပ်၂,၀၀၀ စီကျတဲ့ သစ်သီးဖျော်ရည်တွေ အပါအ၀င်
တစ်ယောက်ကို ကျပ် ၁၅,၀၀၀ စီလောက်နဲ့ အားလုံးပေါင်း ကျပ် ၄၄,၀၀၀ ကျပါတယ်။

အိမ်ကိုထုပ်သွားဖို့ ဟင်းကျန်တွေ အများကြီးနဲ့ပေါ့။

ခုပ်ဖူစားသောက်ဆိုင်
အမှတ်၂၄၊ ဗဟိုလမ်း၊ တရုတ်သံရုံးအနီး

Food - 9
Drink - 7
Service - 8
X-factor - 8
Value - 8
Restaurant Rating - 4/5

ဇာဇာစိုး ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။