Monday, April 24, 2017

လက်ဖက်စိမ်းပူတင်း လုပ်ကြည့်ရအောင်

ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ ဧည့်သည်စားဖိုမှူးကတော့ N's Sweet Cakery က မြတ်နိုးဆွေ
ဖြစ်ပါတယ်။

မုန့်ဖုတ်တဲ့ အလုပ်ကို စိတ်ဝင်စားတဲ့ မြတ်နိုးဆွေဟာ ဘွဲ့ရပြီးတဲ့နောက်မှာ သူ့ရဲ့
အွန်လိုင်းမုန့်ဆိုင်လေးကို စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

"စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ချင်ခဲ့တာ"လို့ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ မြတ်နိုးဆွေက
ပြောပါတယ်။

"ဒီတော့ ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲဆိုတာ စပြီးစဉ်းခဲ့တယ်။ အဲဒီအချိန်မှာ မုန့်ဖုတ်တဲ့
အလုပ်ကို အရမ်းလုပ်ချင်နေတာကို ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတယ်"လို့လည်း သူကဆိုပါတယ်။

"ဒီအလုပ်နဲ့ ပတ်သတ်ပြီး အကောင်းဆုံး အစိတ်အပိုင်းကတော့ ကိုယ့်လုပ်ပေးတဲ့ မုန့်တွေကို
လူတွေကြိုက်ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ပါပဲ"လို့လည်း မြတ်နိုးဆွေက ဆိုပါတယ်။

မုန့်ဖုတ်တာကို အနုပညာတစ်ရပ်လို့ သူက မြင်ပြီး အကြိမ်ကြိမ် စမ်းသပ်ထားတဲ့ သူ့ရဲ့
မုန့်လုပ်နည်းတွေနဲ့ သူ့ရဲ့ သူငယ်ချင်းတွေ၊ ဖောက်သည်တွေကို သူ့လက်ရာကို တစ်ကြိမ်စားပြီးတဲ့အခါ
နောက်တစ်ကျော့ထပ်စားချင်အောင် ဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာတိုင်း(မ်)စာဖတ်ပရိသတ်တွေကို မျှဝေပေးထားတာကတော့ လက်ဖက်စိမ်းပူတင်းပဲ ဖြစ်ပါတယ်။

စားရတာ တကယ်ကိုနူးညံ့လှပြီး ကော်ဖီနဲ့တွဲသောက်ဖို့ အင်မတန် လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လက်ဖက်စိမ်းမှုန့် (Green Tea Powder) ၃ ဂရမ်
  • ခပ်ပူပူရေနွေးအဖြူ  ၁၅ ဂရမ်
  • လတ်လတ်ဆတ်ဆတ်နွားနို့ ၁၂၅ ဂရမ်
  • Cream Cheese ၁၀၀ ဂရမ်
  • Whipping Cream ၉၄ ဂရမ်
  • ကြက်ဥအနှစ် ၂ ခု
  • Icing Sugar ၅၀ ဂရမ်
  • Gelatine ၆ ဂရမ်

ပြင်ဆင်ပုံ

Gelatine ကို အပူဒဏ်ခံနိုင်တဲ့ ခွက်တစ်ခုထဲမှာ ထည့်ပြီး ရေကို gelatine ပမာဏထက် ငါးဆပိုပြီး
ထည့်ရောလိုက်ပါ။

မွှေပေးပြီး ခွက်ကို ဘေးမှာ ခဏဖယ်ထားလိုက်ပါ။

လက်ဖက်စိမ်းမှုန့်တွေကို အရွယ်ခပ်လတ်လတ်ခွက်တစ်ခုထဲ စစ်ထည့်လိုက်ပြီး ရေနွေးအဖြူ
ရောထည့်ကာ မွှေပေးပါ။

နွားနို့နဲ့ Icing Sugar တို့ပါ ရောထည့်ပြီး သကြားတွေ လုံးဝပျော်သွားတဲ့အထိ ခပ်နာနာလေး
မွှေခေါက်ပေးပါ။

ပြီးရင် အဲဒီခွက်ကိုလည်း ဘေးကို ခဏဖယ်ထားလိုက်ပါ။

Gelatine ထည့်မွှေထားတဲ့ခွက်ကို နှစ်ထပ်ပေါင်းအိုးထဲ ထည့်ပြီး အပူပေးပါ။

လုံးဝ အရည်ပျော်သွားပြီဆိုရင် ဘေးမှာ ခဏဖယ်ထားလိုက်ပါ။

နောက်ထပ်ခွက်တစ်ခုထဲမှာ cream cheese နဲ့ whipping cream တို့ကို ထည့်ပြီး
electric mixer နဲ့ မွှေပေးပါ။

အိမ်မှာ electric mixer အဆင်သင့်ရှိမနေဘူးဆိုရင်လည်း မွှေတံနဲ့သာ နာနာလေး ခေါက်ပေးပါ။

ပြီးပြီဆိုရင် ရောမွှေထားတာတွေကို လက်ဖက်စိမ်းမှုန့် ထည့်မွှေထားတဲ့ခွက်ထဲကို
လောင်းထည့်လိုက်ပါ။

အပူပေးထားတဲ့ gelatine နဲ့ ကြက်ဥ အနှစ်တွေကိုလည်း ထည့်ပါ။

အားလုံး ရောထည့်ပြီးပြီဆိုရင် ချောမွတ်တဲ့အနှစ်တွေ ရလာတဲ့အထိ မွှေပေးပါ။

စိတ်ကြိုက်အနှစ်ရပြီဆိုရင် နောက်ဆုံးတစ်ခေါက် ထပ်ပြီး စစ်ပေးပါ။

စစ်ပြီးသွားတဲ့ အနှစ်တွေကိုမှ မုန့်လုပ်ခွက်ငယ်ကလေးတွေထဲ လောင်းထည့်ပါ။

ပြီးတော့မှ အဲဒီခွက်ကလေးတွေကို ရေခဲသေတ္တာထဲမှာ အနည်းဆုံး လေးနာရီလောက်
ထည့်သိမ်းထားပါ။

စားတော့မယ်ဆိုမှ ထုတ်ပြီးတော့ စားပါ။

အေးအေးလေးနဲ့ အရသာရှိလှတဲ့ လက်ဖက်စိမ်းပူတင်းလေးပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။