ဟန်ဂေရီစတိုင်ဟင်းတစ်ခွက် ချက်စားကြည့်ရအောင်

ဒီတစ်ပတ်တော့ မြန်မာတိုင်း(မ်)စာဖတ်ပရိသတ်တွေအတွက် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့
ဟန်ဂေရီနိုင်ငံမှာ လူအစားများကြတဲ့ goulash soup ပြုလုပ်နည်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အသားကို ဟင်းသီးဟင်းရွက်မျိုးစုံရောပြီး ငရုတ်သီးမှုန့်နဲ့ ရောချက်စားကြတဲ့ ဒီဟင်းလျာက
ခပ်စပ်စပ်ကလေးမို့ မြန်မာလူမျိုးတွေ အကြိုက်တွေ့ကြမှာပါ။

အင်္ဂလိပ်လို့ အခေါ်အဝေါ်မှာ soup လို့ သုံးနှုန်းထားပေမယ့် မြန်မာအချဉ်ဟင်းတွေလိုမျိုး ဟင်းရည်တွေ
အများကြီးတော့ မဟုတ်ပါဘူး။

အရည်စပ်စပ်ပုံစံမျိုးလေး ချက်ထားတာပါ။

ဒီဟင်းရည်ပြုလုပ်နည်းကို Mahlzeit စားသောက်ဆိုင်က GM လည်းဖြစ်၊ စားဖိုမှူးလည်းဖြစ်တဲ့
Magnus Sherr က ဝေမျှပေးထားတာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသား (သို့) ဟင်းသီးဟင်းရွက်ပြုတ်ရည် ၇၅၀ မီလီလီတာ
  • အနီရောင်ဝိုင် ၁၀၀ မီလီလီတာ
  • အမဲသား ၄၀ ကျပ်သား (သို့) ၇၀၀ ဂရမ် (အတုံးလေးတွေတုံးထားပါ)
  • အာလူး ၃၅ ကျပ်သား (သို့) ၅၀၀ ဂရမ်
  • ၀က်အဆီသား အနည်းငယ်
  • ခရမ်းချဉ်သီးအနှစ် အနည်းငယ်
  • Smoked paprika powder အနည်းငယ်
  • ကရဝေးစေ့ အနည်းငယ်
  • marjoram အနည်းငယ်
  • ခရမ်းချဉ်သီး ၃ လုံး (ထက်ခြမ်းခြမ်းထားပါ)
  • မုန်လာဥ ၃ ဥ (အတုံးလေးတွေတုံးထားပါ)
  • ကြက်သွန်နီ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးအနီရောင် ၂ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်ပွ ၂ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • ရေအပူ လီတာတစ်ဝက်

ပြင်ဆင်ပုံ

ဝက်အဆီသားတွေကို ဒယ်အိုးပြားထဲမှာ ထည့်ပြီး အပူပေးပါ။

ကြက်သွန်ဖြူ၊နီနဲ့ ဟင်းခတ်တွေဖြစ်တဲ့ (ကရဝေးစေ့၊ marjoram နဲ့ paprika powder) တို့ကို ထည့်ပြီး
တစ်မိနစ်လောက် မွှေပေးပါ။

တုံးထားတဲ့အမဲသားတွေကို သီးခြားအိုးတစ်လုံထဲမှာ ထည့်ပြီး အသားတွေ ညိုသွားတဲ့အထိ လှော်ပါ။

ပြီးတော့မှ စောစောက ၀က်အဆီသားချက်ထားတဲ့ အိုးထဲကို အမဲသားတွေကို ရောထည့်ပါ။

အာလူး၊ မုန်လာဥ၊ ငရုတ်ပွနဲ့ ခရမ်းချဉ်းသီးအနှစ်တို့ ထည့်ပြီး တစ်အိုးလုံး နှံ့စပ်သွားအောင် ရောမွှေပါ။

ရေနဲ့ ပြုတ်ရည် ထည့်ပါ။

ဝိုင်ပါ ထည့်ပြီး မီးမျှင်းမျှင်းလေးနဲ့ မိနစ် ၃၀ လောက်ချက်ပါ။

အချိန်ပြည့်ပြီဆိုရင် ခရမ်းချဉ်သီးနဲ့ အနီရောင်ငရုတ်သီးတောင့်တို့ ထည့်လိုက်ပြီး ဟင်းအိုးကို
ချလို့ရပါပြီ။

ဒီဟင်းလေးက ခပ်ပူပူလေးရှိတုန်းမှာ စားတဲ့အခါ အရသာပိုပြီးတော့ ကောင်းပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။