ဘဲရုပ်ပုံစံ အီကလဲမုန့်ကလေးတွေ လုပ်စားကြမယ်

ဒီတစ်ပတ်အတွက် မြန်မာတိုင်း(မ်)ရဲ့ ဧည့်သည်စားဖိုမှူးကတော့ တောင်ဥက္ကလာပမြို့နယ်မှာ
ဖွင့်လှစ်ထားတဲ့ WAKE n' BAKE Coffe & Bakery က မပိုးအိယဉ်မွန်ပဲ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်တွေအတွက် မပိုးအိက အီကလဲမုန့်ကိုမှ ချစ်စရာဘဲရုပ်ပုံစံပြုလုပ်နည်းကို
ဝေမျှပေးထားပါတယ်။

"အချိုပွဲအတွက် မုန့်တွေ လုပ်ရတာကို အမြဲစိတ်ဝင်စားခဲ့တာ။ ဒါကြောင့်မို့ ၀ါသနာကို လိုက်စားဖို့
အတွက် မုန့်လုပ်သင်တန်းကို သုံးလကြာ တက်ရောက်ခဲ့တယ်"လို့ မပိုးအိက ဆိုပါတယ်။

အစပိုင်းမှာတော့ မုန့်လုပ်ငန်းကို အွန်လိုင်းကနေ တစ်ဆင့် လုပ်ကိုင်ခဲ့ပြီး ဖောက်သည်
အများစုကတော့ သူ့အိမ်နီးနားချင်းတွေနဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။

"လုပ်ငန်းချဲ့ထွင်ချင် တာကြောင့် ဆိုင်ဖွင့်ဖြစ်ခဲ့တယ်။ ဆိုင်ဖွင့်လိုက်တော့ ပီဇာတို့၊ ဘာဂါတို့၊ sandwich
တို့ကို မီနူးထဲတိုးချဲ့ပြီး ထည့်နိုင်သွားတယ်" လို့ အသက် ၂၅ နှစ်အရွယ် စားဖိုမှူးက ဆိုပါတယ်။

ဒီဆိုင်ကို မပိုးအိနဲ့ သူ့ချစ်သူတို့က ဖွင့်လှစ်ထားတာဖြစ်ပြီး ပွဲတွေအတွက် အထူးမှာကြားတဲ့
ကိတ်မုန့်တွေကိုလည်း ပြုလုပ်ပေးပါတယ်။

piping bagpiping bag

ဘဲရုပ်ပုံစံမုန့်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

  • Cake flour ၁၅၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ်
  • ရေ ၁၀၀ ဂရမ်
  • ကြက်ဥ ၅ လုံး

အထူးလိုအပ်တဲ့ပစ္စည်း - မုန့်ဖုတ်စက် (Oven)

ဘဲရုပ်ထဲထည့်တဲ့အဆာသွတ်အနှစ် ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • နို့ ၂၀၀ ဂရမ်
  • Custard powder ၅၀ ဂရမ်
  • သကြား ၅၀ ဂရမ်

ပြုလုပ်ပုံ

မုန့်ဖုတ်စက်ကို ၁၀၀ စင်တီဂရိတ်မှာ ထားပြီး ကြိုတင်အပူပေးပါ။

ထောပတ်နဲ့ ရေကို ခွက်တစ်လုံးထဲမှာ ရောထည့်ပြီး မွှေပေးပါ။

ကြက်ဥတွေကို တစ်လုံး ထည့်မွှေပြီးမှ နောက်တစ်လုံး ထည့်ပါ။

နောက်တစ်ဆင့်မှာ cake flour ထည့်ပြီး ချောမွေ့တဲ့အနှစ်တွေ ဖြစ်လာတဲ့အထိ မွှေပေးပါ။

မုန့်ထည့်ဖုတ်မယ့်ဗန်းကို မုန့်ဖုတ်တဲ့အခါသုံးတဲ့ ဆီသုတ်လိမ်းပေးထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် piping bag လို့ခေါ်တဲ့ မုန့်လုပ်ရာမှာသုံးတဲ့ အိတ်ထဲကို
မုန့်နှစ်တွေကို လောင်းထည့်လိုက်ပါ။

အိတ်အပေါက်မှာ နှုတ်သီးချွန်အကြီးကို တပ်လိုက်ပါ။

အိတ်ကို ညှစ်လိုက်တဲ့အခါ မုန့်နှစ်တွေဟာ အဲဒီ နှုတ်သီးချွန်ကနေ ထွက်လာမှာဖြစ်ပါတယ်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မုန့်ဖုတ်စက္ကူရွက်ပေါ်မှာ မုန့်နှစ်တွေကို ညှစ်ချပြီး သင့်တော်တဲ့
အရွယ်အစားအတိုင်း ဘဲကိုယ်လုံးလေးတွေကို ဖန်တီးပါ။

piping gunpiping gun

ဘဲခေါင်းလေးတွေ ပြုလုပ်ဖို့အတွက်ကိုတော့ နှုတ်သီးချွန်အကြီးအစား အသေးကို ပြောင်းတပ်လိုက်ပါ။

ဘဲခေါင်းလေးတွေကို သီးခြားမုန့်ဖုတ်စက္ကူရွက်ပေါ်မှာ ပြုလုပ်ပြီး နောက်မှ ဘဲကိုယ်ပေါ်မှာ
တပ်ဆင်ပေးနိုင်ပါတယ်။

ဘဲကိုယ်တွေနဲ့ ခေါင်းလေးတွေ ရလာပြီဆိုရင်တော့ စောစောက ကြိုတင်ပြီးအပူပေးထားတဲ့
မုန့်ဖုတ်စက်ထဲမှာထည့်ပြီး ၃၅ မိနစ်လောက် ဖုတ်ပေးပါ။

မုန့်ဖုတ်နေစဉ်မှာ အဆာသွတ်မယ့် အနှစ် ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ အားလုံးကို
ခွက်တစ်ခုထဲမှာ ရောမွှေထည့်ပါ။

ဘဲခေါင်းနဲ့ ကိုယ်တွေကို ဖုတ်ပြီးလို့ အချိန်စေ့ပြီဆိုရင် အပြင်ထုတ်ယူလိုက်ပါ။

နည်းနည်းလေး အေးသွားပြီဆိုမှ အဆာသွတ်အနှစ်တွေကို piping gun ထဲ ထည့်ပြီး
ဘဲရုပ်ကလေးတွေထဲ ထိုးထည့်ပါ။

နောက်ဆုံးအဆင့်မှာတော့ ဘဲကိုယ်လုံးလေးရဲ့ အရှေ့ဘက်ပိုင်းမှာ သွားကြားထိုးတံ ကလေးနဲ့
အပေါက်သေးသေးလေးဖြစ်အောင် ဖောက်လိုက်ပြီး ခေါင်းကလေးနဲ့ တွဲဆက်ပေးလိုက်ပါ။

ဒီလိုဆိုရင် ဘဲရုပ်ပုံစံ အီကလဲမုန့်ကလေးတွေ ရပါပြီ။

မုန့်အပူချိန် လုံးဝ အေးသွားတော့မှ သုံးဆောင်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။