မြန်မာကဗျာ ရေစီးကြောင်းမှ ထွက်ခွာသွားတဲ့ ကဗျာဆရာလှသန်း ကို အမှတ်ရတမ်းတကြခြင်း

"၀ိသုဒ္ဓိမဂ်ကို မဖတ်ဖူးဘဲ
ငါ ကဗျာတွေကို ရေးနေမိ
... ... ...
အာက်စဖို့ဒ်တက္ကသိုလ် မတက်ဖူးဘဲ
ငါ ကဗျာတွေကို ရေးနေမိ
ကိုယ်ပိုင် ၀က်ဘ်ဆိုက်မရှိဘဲ
ငါ ကဗျာတွေကို ရေးနေမိ
ငါ ကဗျာတွေကို ရေးနေမိ
မိခင်အိုကြီးအကြောင်း တွေးမိသလို
ကမ္ဘာအိုကြီးအကြောင်း တွေးမိလို့ပါ"
ဆိုတဲ့ ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်းရဲ့ နာမည်ကြီး ကဗျာ တွေထဲက တစ်ပုဒ်ဖြစ်တဲ့
'ကဗျာတွေကို ရေးနေမိ' ဆိုတဲ့ ကဗျာရဲ့ တစ်စိတ်တစ် ပိုင်းကတော့ သူ့ရဲ့ကဗျာဆရာဘ၀ ဖြစ်
တည်မှုကို ပုံဖော်ထားတဲ့ ကဗျာတစ်ပုဒ် လည်း ဖြစ်ပါတယ်။  

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကဗျာဆရာလှသန်း ကွယ်လွန်တဲ့ တစ်နှစ်ပြည့်
အမှတ်တရအခမ်းအနားကို ဗိုလ်အောင်ကျော်လမ်းက ဟုမ်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ခေတ်ပေါ်ကဗျာလေးတွေ ရေးသား ပုံဖော်ပြီး မြန်မာကဗျာလမ်းကြောင်းမှာ တမူထူးခြားသူ
ဖြစ်တဲ့  ကဗျာဆရာ လှသန်းကို  ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး
ကျောက်ကပ်ရောဂါကြောင့် သူ့ချစ်တဲ့ စာပေကဗျာတွေကို ကျောခိုင်းသွားခဲ့ရရှာသူဖြစ်ပါတယ်။

"သတင်းနဲ့ နည်းပညာခေတ်ကြီးပြီး ရင် ကဗျာခေတ်ကြီး မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ"
လို့ ရေးထားတဲ့'ကျွန်တော့ရဲ့ တော်ရုံတန်ရုံ အဓိပ္ပာယ်'အမည်ရကဗျာထဲမှာ သူရေးသားထား
သလိုပဲ ကဗျာကို ရူးသွပ်သူတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ရဲ့ကဗျာတွေမှာ ပုံစံတူအပြိုင်အဖွဲ့ကို ထိထိရောက်ရောက်သုံးတာတွေနဲ့ ဘာသာစကားကို
လိုအပ်သလောက်သာ ကစားထားတာတွေကြောင့် လူကြိုက်များလှပါတယ်။ 

ကဗျာဖတ်သူကို မေးခွန်းထုတ်တဲ့အတတ် ပညာမှာလည်း ထင်ရှားတဲ့သူဖြစ်ပါတယ်။ 

ဒါ့ကြောင့်လည်း သူ့ရဲ့ကဗျာတွေဟာ ခေတ်ပြိုင်မြန်မာကဗျာလောကမှာပြောစမှတ်ပြုခဲ့ရတာ
ဖြစ်ပါတယ်။

 "သူကွယ်လွန်သွားတာဟာ ခေတ် ပေါ်၊ ခေတ်ပြိုင် မြန်မာကဗျာ ရေစီး ကြောင်းထဲက
မောင်လေးအောင်၊ ဖော် ဝေး၊ မြေချစ်သူ၊ မောင်ချောနွယ်တို့ စွန့်ခွာသွားသလိုမျိုး ခေတ်ပြိုင်
မြန်မာ ကဗျာအတွက် ကွက်လပ်ကြီးတစ်ခုပါ ပဲ" လို့ ဆရာလှသန်းအတွက် ရေးသား ကြတဲ့
အမှတ်တရစာတမ်းကို ကဗျာ ဆရာမျိုးသန့်က ဖတ်ပြခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။