ဗေဒါရီရဲ့ ဟင်းလျာ (ဍရင်ကောက်ရွက်ကြော်)

ဒီတစ်ပတ်တော့ ဗေဒါရီက နာမည်လေးဆန်းတဲ့ ဍရင်ကောက်ရွက်ကို အရွက်ကြော်ဟင်းပွဲလေးအဖြစ်
ချက်ပေးထားပါတယ်။

အရသာက ဆိမ့်သက်သက်လေးဖြစ်ပြီး ကြော်ရတာလည်း အင်မတန်မှကို လွယ်ကူပါတယ်။

လွယ်တယ်ဆိုပေမဲ့ သူ့ရဲ့ အစွမ်းကိုတော့ အထင်မသေးလိုက်ပါနဲ့။

ဒီ ဍရင်ကောက်ရွက်ကို မကြာခဏစားပေးတယ်ဆိုရင် အဆုတ်နဲ့ ခံတွင်းကင်ဆာကို
ကာကွယ်ပေးတာမို့ ဆေးဖက်ဝင်တဲ့ ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဍရင်ကောက်ရွက် ၃ စည်း
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ လုံး
  • ဆားနဲ့ ပုစွန်ခြောက်မှုန့် အနည်းငယ်စီ

ပြင်ဆင်ပုံ

ဍရင်ကောက်ရွက်တွေကို ရေဆေးပြီး လက်နှစ်ဆစ်ခန့် ဖြတ်ပါ။

ကြက်သွန်နီကို ပါးပါးလှီးပါ။

ဆီအိုးတည်လို့ ဆီကျက်ပြီဆိုရင် ကြက်သွန်နီထည့် ဆီသတ်ပါ။

ဍရင်ကောက်ရွက် ထည့်ပြီး ပုစွန်ခြောက်မှုန့်နဲ့ ဆားထည့်ပြီး မွှေကြော်ပေးပါ။

ဟင်းရွက်တွေ အိလာပြီ၊ အရသာလည်း စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုးကို မီးဖိုပေါ်က
ချလိုက်လို့ရပါပြီ။

ဈေးဝယ်လမ်းညွှန်

ဍရင်ကောက်ရွက်ကို ဟင်းရွက်ဆိုင်တိုင်းမှာတော့ မရနိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဈေးဘေးက
Parkson အဆောက်အအုံ (ယခင် FMI center)ရှေ့မှာ ရောင်းတဲ့ ဟင်းရွက်ဆိုင်တွေမှာ
ဝယ်ယူရရှိနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။