အနော်ရထာနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က မုန့်လင်မယားဆိုင်ကလေး

အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က မုန့်လင်မယားဆိုင်ကလေး။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က မုန့်လင်မယားဆိုင်ကလေး။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ကျွန်မတို့ ခေတ်သစ်လူငယ်တွေဟာ အဘိုး၊ အဘွား၊ အဖေ၊ အမေတို့ ခေတ်ကာလကထက်
ပိုပြီးတော့ အလုပ်တွေရှုပ်လာကြတာနဲ့အမျှ အစားအသောက်၊ အနေအထိုင်ပုံစံတွေလည်း
ပြောင်းလဲလာကြပါတယ်။

အဖေ၊ အမေတို့က သူတို့ငယ်ငယ်ကတည်းက မနက်၊ နေ့လယ်၊ ညစာ ဆိုပြီးတော့ တစ်နေ့ကို
သုံးကြိမ် ပုံမှန်စားလေ့စားထရှိကြပါတယ်။

ဒီနေ့ခေတ်လူငယ်တွေကတော့ အစားအစာကို ပုံမှန်စားတာမျိုးထက် ကျောင်း၊ သင်တန်းတွေနဲ့
အိမ်ကြား၊ အလုပ်၊ သင်တန်းတွေနဲ့ အိမ်ကြားမှာ အဆင်ပြေသလို စားလိုက်တာက ပိုများပါတယ်။

ကျွန်မဆိုရင် မနက်စာနဲ့ နေ့လယ်စာကြားမှာ အဆာပြေ မြန်မာမုန့် တစ်မျိုးစားသလို နေ့လယ်စာနဲ့
ညစာမစားခင်စပ်ကြားမှာလည်း အဆာပြေ လမ်းဘေးမုန့် တစ်မျိုးမဟုတ်တစ်မျိုးတော့
စားလေ့ရှိပါတယ်။

တစ်နေ့ကို လေးကြိမ်လောက်စားလို့ စားလှချည်လားလို့တော့ မထင်လိုက်ပါနဲ့။

ခုလိုမျိုး ကားအရမ်းပိတ်တဲ့ ကာလမျိုးမှာ အိမ်ပြန်ရောက်ချိန်ကလည်း တော်တော်လေးကို
နောက်ကျတာမို့ အဆာပြေစာလေးမှ ကြိုပြီးမစားထားရင် အိမ်အပြန်လမ်းမှာ ဗိုက်ထဲက တဂီဂီနဲ့
ဆန္ဒပြသံကို မနားတမ်း နားဆင်ရတော့တာပါပဲ။

ဒီတော့ ညနေ ၄ နာရီလောက်ဆိုရင် ရုံးနားနဲ့လည်းနီးတဲ့ ပန်းဆိုးတန်းကားမှတ်တိုင်
(အနော်ရထာဘလောက်)နားတစ်ဝိုက်ကို အဆာပြေတစ်ခုခု စားဖို့ လမ်းလျှောက်လိုက်တာပါပဲ။

ဒီအချိန်ဆို ကားမှတ်တိုင်နားက ၃၈ လမ်းဈေးကလည်း ဈေးသည်၊ ဈေးဝယ်တွေနဲ့ စတင်ပြီး
စည်ကားလာပါပြီ။

ကျွန်မ ပုံမှန်ဝယ်စားလေ့ရှိတဲ့ လမ်းဘေးမုန့်တစ်မျိုးကတော့ အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာ
လမ်းထောင့်မှာ ရောင်းချတဲ့ မုန့်လင်မယားပါ။

အညာအခေါ်ကတော့ မုန့်အုပ်ကလေး၊ မုန့်မောင်နှံလို့လည်း ခေါ်ပါတယ်။

မုန့်လင်မယားဆိုတဲ့အတိုင်း မုန့်ဝိုင်းခြမ်းကလေးနှစ်ခု ပေါင်းပြီးမှ မုန့်ဝိုင်းလုံးလေးတစ်ခုအဖြစ်
ပုံစံထွက်လာတာပါ။

ဒီလိုမုန့်ဆိုင်လေး တွေကို ရန်ကုန်မြို့လယ်ကောင်လို နေရာမျိုးမှာပဲဖြစ်ဖြစ်၊ မြို့စွန်ချောင်ကြို
ချောင်ကြားမှာပဲဖြစ်ဖြစ် အမည်းရောင် ဒယ်ပြားဝိုင်းကြီး (ပုံစံခွက်သေးသေးလေးတွေ
၄၀ လောက်ပါဝင်) ချပြီး မီးသွေးမီးဖိုတစ်ခု၊ မုန့်နှစ်ရည်ခွက်၊ မုန့်ဗန်းတစ်ဗန်းနဲ့အတူ
ရောင်းချနေကြတာကို တွေ့နိုင်ကြမှာပါ။

အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က မုန့်လင်မယားဆိုင်ကလေး။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က မုန့်လင်မယားဆိုင်ကလေး။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ဆိပ်ကမ်းသာလမ်းထောင့်မုန့်ဆိုင်က ဆိုင်ရှင်အစ်ကိုကြီးရဲ့ မုန့်လင်မယားပြုလုပ်ပုံပြောရရင်
သူ့မုန့်ပုံကလည်း အနုပညာလက်ရာတစ်မျိုးကို ဖန်တီးနေသလိုပါပဲ။

ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ချင်း၊ ဆား၊ ကြက်သွန်မြိတ်၊ ဟင်းခတ်မှုန့်၊ သကြား၊ ရေတို့နဲ့အတူ
ရောစပ်ထားတဲ့ မုန့်နှစ်ရည်ကို မုန့်ခွက်လေးတွေထဲ တစ်ခွက်ချင်းစီ သပ်သပ်ရပ်ရပ်နဲ့
ကျွမ်းကျွမ်းကျင်ကျင် လောင်းထည့်လိုက်ပါတယ်။

နောက်တစ်ဆင့်မှာတော့ စားတော်ပဲပြုတ်လေးကို လိုက်ထည့်ပါတယ်။

မီးသွေးမီးကို အချိန်အဆ မှန်မှန်နဲ့ ဗန်းကြီးထဲက မုန့်ကလေးတွေ တူးမသွားအောင် ဟန်ချက်ညီညီနဲ့
သူမုန့်လုပ်နေတာက ကြည့်လို့တောင် ကောင်းပါသေးတယ်။

ရလာတဲ့ မုန့်လင်မယားတွေကို နှမ်းထောင်းလေးဖြူးစားရုံပါပဲ။

ရိုးရိုးမုန့်မဟုတ်ဘဲ ငုံးဥလေးနဲ့လည်း စားချင်တယ်ဆိုရင်လည်း ငုံးဥနဲ့ ဘယ်လောက်ဖိုးဆိုပြီး
မှာလို့ရပါတယ်။

ဒါပေမဲ့ ကျွန်မသွားလေ့ရှိတဲ့ဒီဆိုင်မှာတော့ ငုံးဥနဲ့ မရောင်းတာကြောင့် စားချင်တယ်ဆိုရင်တော့
တခြားဆိုင်ရွေးရမှာပါ။

မုန့်လုပ်တဲ့သူက အမျိုးသားဖြစ်ပေမဲ့ သူကတော့ ဈေးဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့သူတော့
မဟုတ်ပါဘူး။

ဈေးဝယ်တွေ မေးတာကိုလည်းဖြေ၊ လက်ကလည်း ခပ်သွက်သွက်ထည့်ပေးတဲ့ သူကတော့
မျက်နှာကို အမြဲစူပုပ်ထားတဲ့အဒေါ်ကြီးပါ။

သူ့ဆိုင်မှာ အနည်းဆုံး ကျပ် ၃၀၀ ဖိုးကနေ ရောင်းချပေးပါတယ်။

၃၀၀ ဖိုးဆို ၁၀ ခုရတာမို့ သူငယ်ချင်းတွေနဲ့ မျှစားဖို့အတွက် ငါးရာဖိုးလောက်ဆို လုံလောက်ပါပြီ။

အဒေါ်ကြီးက မျက်နှာမချိုပေမဲ့ ၅၀၀ ဖိုးဝယ်တယ်ဆိုရင်တော့ ကိုယ်မတောင်းခင်ကတည်းက
သူက အဆစ်ထည့်ပေးပြီးသားပါ။

ပြီးရင် မုန့်ဆိုင်ကနေ မုန့်လင်မယားထုပ်လေးကိုင်ရင်း ကျွန်မလို လမ်းလျှောက်ရင်းနဲ့ စားတာပဲဖြစ်ဖြစ်၊
အိမ်သယ်သွားမယ်ဆိုရင်လည်း အိမ်ရောက်ရင် ရေနွေးကြမ်းကျကျလေးနဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ်
စားလို့ ကောင်းလှပါတယ်။

အရသာဆိမ့်ဆိမ့်လေးနဲ့ မုန့်လင်မယားကြွပ်ကြွပ်ရွရွလေးက သူ့ဈေးနှုန်းလေးနဲ့သူ စားသုံးသူကို
ကျေနပ်နှစ်သိမ့်မှုလည်း ပေးနိုင်ပါတယ်။

သူ့ဆိုင်နားက Lotteria ကြက်ကြော်ထက်စာရင်လည်း အပြတ်အသတ်ကို
ဈေးသက်သာပါသေးတယ်။

တစ်ခါတလေတော့ လမ်းမှာ စားမလာတော့ဘဲ မုန့်ထုပ်လေးကိုင်ပြီး ရုံးရောက်မှ အလုပ်စားပွဲမှာ
ထိုင်ပြီး သူငယ်ချင်းတွေနဲ့ ဝေမျှစားလိုက်တာပါပဲ။

ဘာလို့လဲဆိုတော့ ဝေမျှခြင်းဆိုတာ ဂရုစိုက်ခြင်းတစ်မျိုးပဲ မဟုတ်လား။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။