ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်က 'အေးသန်းဦး' အသုပ်စုံဆိုင်

ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

အဆာပြေ ဒါမှမဟုတ် နေ့လယ်စာ ပေါ့ပေါ့ပါးပါး စားချင်သူတွေအတွက် ရွေးချယ်စရာဆိုင်တွေ
အများကြီးရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ ချဉ်ငန်စပ်ခေါက်ဆွဲသုပ်တစ်ပွဲလောက်၊ ကြာဆံဟင်းခါး
ပူပူလေးတစ်ပွဲ၊ ဒါမှမဟုတ် အချဉ်ရည်တို့ထားတဲ့ သခွားသီးနုနုလေး တစ်စိတ်လောက်ကို
မက်မက်မောမော တောင့်တမိတတ်ကြပါတယ်။

ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်၊ စိန့်မေရီဘုရားကျောင်းနံရံကို ကပ်ပြီးဖွင့်ထားတဲ့
'အေးသန်းဦး' အသုပ်စုံဆိုင်က သက်တမ်း နှစ်နှစ်လောက်ပဲ ရှိသေးပေမဲ့ စားသုံးသူတွေနဲ့
အမြဲစည်ကားနေတတ်ပါတယ်။

လမ်းဘေးဆိုင်ဆိုပေမဲ့ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ပြီးရောင်းချနေတာမို့ လူကြိုက်များတာလည်း
ဖြစ်နိုင်ပါတယ်။

ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ညှပ်ခေါက်ဆွဲကြော်၊ ကော်ပြန့်ကြော်၊ လက်ဖက်သုပ်၊
လက်ဖက်ထမင်း၊ ထမင်းသုပ်၊ ချင်းသုပ်တွေအပြင် ကြာဆံချက်၊ ရှောက်သီးသုပ်၊ တိုဟူးသုပ်၊
နန်းကြီးသုပ် စတဲ့ အသုပ်မျိုးစုံကို ပဲပြား၊ အသားတု၊ ရုံးပတီသီး၊ အာလူး၊ သခွားသီး၊ ပဲသွေး စတဲ့
တုတ်ထိုးတွေနဲ့အတူ တွဲပြီး ရောင်းချတာမို့ အကြိုက်မတူတဲ့ သူငယ်ချင်းတွေလည်းအတူ
သွားစားနိုင်ကြပါတယ်။

ဆိုင်ဖွင့်တဲ့ ညီအစ်မတွေက မုံရွာဇာတိဖြစ်တာကြောင့် မုံရွာက ပဲအကျက်မှုန့်ကိုပဲ အသုပ်စုံ
အကုန်လုံးအတွက် သုံးတာကြောင့် တခြားဆိုင်တွေနဲ့ မတူတဲ့ အားသာချက်အဖြစ်
အရသာထူးနေပါတယ်။

နန်းကြီးသုပ်အတွက်တောင်မှ အသားမသုံးဘဲ ပဲမှုန့်ကိုပဲ အားပြုလို့ ခပ်စေးစေးလေးသုပ်ပေးပါတယ်။

ဘူးသီးဟင်းခါးလေးနဲ့ တွဲစားတဲ့အခါ မအီတော့ဘဲ စားကောင်းပါတယ်။

အသုပ်စုံအားလုံး တစ်ပွဲကို ကျပ် ၃၀၀၊ ကြာဆံဟင်းခါး တစ်ပွဲကျပ် ၃၀၀၊ တုတ်ထိုးတစ်ချောင်း
ကျပ် ၅၀ ဆိုတော့ လူတန်းစားမရွေး စားနိုင်ပြီး မနက် ၁၀ နာရီဝန်းကျင်ကနေ စဖွင့်တဲ့ ဆိုင်လေးပဲ
ဖြစ်ပါတယ်။

ဆိုင်ပိတ်ချိန်ကတော့ ဗန်းထဲက ရောင်းစရာအစားအစာတွေ ကုန်သွားတဲ့အချိန်လို့
သတ်မှတ်ထားတာကြောင့် ညနေ ၄ နာရီနောက်ပိုင်းမှာ တစ်ခုခုစားချင်စိတ်ပေါ်လို့ သွားမိရင်တော့
ဟာလာဟင်းလင်း ဆိုင်နေရာပဲ မြင်တွေ့ ရဖို့က ရာခိုင်နှုန်း ၈၀ လောက် သေချာနေပါတယ်။

ဒါကြောင့် ဒီဆိုင်လေးမှာ သွားစားချင်ရင်တော့ ညနေမစောင်းခင် သွားကြဖို့ အကြံပေးလိုက်ပါရစေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။