ဗေဒါရီရဲ့ ဟင်းလျာ (သီးစုံဟင်းလှော်)

ဒီတစ်ပတ်တော့ ဗေဒါရီက ရခိုင်ဟင်းလျာတစ်မျိုးဖြစ်တဲ့ သီးစုံဟင်းလှော် ချက်ပေးထားပါတယ်။

ဆီမပါတာမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟင်းလျာလေးပါ။

ငရုတ်သီးစိမ်းနဲ့ ငါးပိစိမ်းစား ထည့်ထားတာမို့ ခပ်စပ်စပ်၊ လေးလေးပင်ပင်အရသာနဲ့ ထမင်းမြိန်စေမယ့်
အရန်ဟင်းကောင်းတစ်ခွက်ပါလို့။

ပါဝင်ပစ္စည်းများ

  • ရုံးပတီသီး ၆ တောင့်
  • ကြက်ဟင်းခါးသီးအသေး ၂ လုံး
  • ပဲသီး ၁ စည်း
  • ပြုတ်ခရမ်းသီး ၁ စည်း
  • ငရုတ်သီးစိမ်း ၁၅ တောင့်
  • ငါးပိစိမ်းစား ဆီးဖြူသီးတစ်လုံးစာ
  • ဟင်းခတ်မှုန့် အနည်းငယ်
  • ပုစွန်ခြောက်မှုန့် အနည်းငယ်
  • ဆား အနည်းငယ်

ပြင်ဆင်ပုံ

ငရုတ်သီးစိမ်းတွေကို ရေအနည်းငယ်နဲ့ ပြုတ်ပါ။

ပြီးတော့မှ ညက်အောင်ထောင်းပါ။

အသီးအနှံတွေ အားလုံးကို ရေဆေးပြီး တစောင်းပုံစံ လှလှလေး လှီးဖြတ်ထားပါ။

အားလုံးပြီးပြီဆိုရင် လှီးထားတဲ့ အသီးအနှံတွေကို ချက်မယ့် အိုးထဲမှာ ထည့်ပါ။

ငါးပိကို အရည်ဖျော်ထည့်ပါ။

ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့်ပါ။

ပုစွန်ခြောက်မှုန့်၊ ဆားနဲ့ ဟင်းခတ်မှုန့် တို့ပါရောထည့် ပြီး ဟင်းအိုးကို မွှေပေးပါ။

အသီးအနှံတွေ အရောင်နည်းနည်း ပြောင်းလာပြီဆိုရင် အပေါ့အငန်မြည်းပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင်
ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလို့ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။