ဗေဒါရီရဲ့ ဟင်းလျာ (ခ၀ဲသီးပုစွန်အချိုချက်)

ဒီတစ်ပတ်မှာတော့ ဗေဒါရီက ခ၀ဲသီးပုစွန်အချိုချက်ကို ဝေမျှပေးလိုက်ပါတယ်။

မိုးတွင်းရောက်ပြီမို့ ဈေးထဲမှာ ခ၀ဲသီးတွေ ပေါသလို ပုစွန်တွေလည်း ပေါလာပါတယ်။

ဒါကြောင့် ခုချိန်က ဒီဟင်းလေးချက်စားဖို့ အချိန်ကောင်းပါပဲ။

အရန်ဟင်းအနေနဲ့ စားနိုင်သလို ပုစွန်တွေပါတာမို့ ငါးပိကြော်တစ်မည်လောက် ထပ်ပါတယ်ဆိုရင်
အဓိကဟင်းအနေနဲ့ စားနိုင်ပါတယ်။

ဝမ်းမီးအေးစေတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပြီး ဟင်းရည်လိုပဲသောက်သောက်၊ ထမင်းနဲ့ နယ်ပြီးတော့ပဲ
စားစား ထမင်းမြိန်စေမှာ သေချာပါတယ်။

ပါဝင်ပစ္စည်းများ

  • ခ၀ဲသီး ၂ တောင့်
  • ပုစွန်ကျော့ အစိတ်သား
  • ဆီ ထမင်းစားဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ  ၃ မြွှာ
  • ကြက်သွန်နီ ၂ ဥ
  • နနွင်းမှုန့် အနည်းငယ်
  • ငံပြာရည် အနည်းငယ်

ချက်ပြုတ်ပုံ

ပထမဆုံး ပုစွန်တွေကို အခွံချွတ်၊ ကျောခွဲချေးထုတ် သန့်စင်ပြီးဆား၊ နနွင်းမှုန့်နဲ့ နယ်ထားပါ။

ခ၀ဲသီးကို အခွံနွှာပြီး မထူမပါးလေး တစောင်း လှီးထားပြီး ရေဆေးသန့်စင်ပါ။

အားလုံး လုပ်ပြီးပြီဆိုရင် ဟင်းချက်မယ့်အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူ၊ နီ ဆီသတ်ပါ။

ဆီသတ်တဲ့အခါမှာ နနွင်းမှုန့်ပါအနည်းငယ်ထည့်ပြီး ဆီသတ်ပါ။

ဆီသတ်နံ့ မွှေးလာပြီဆိုပါက ပုစွန်ထည့်ပြီး ခ၀ဲသီး ထည့်မွှေပါ။

အပေါ့အငန်အတွက် ငံပြာရည်အနည်းငယ် ထည့်ပါ။

ရေကို လိုချင်သလောက် ထည့်ချက်ပါ။

ခ၀ဲသီး အိလာပြီ အရသာလည်း စိတ်ကြိုက်ဖြစ်ပြီဆိုရင် မီးဖိုပေါ်က ဟင်းအိုးချလို့ရပါပြီ။

ခ၀ဲသီးအပြင် ပုစွန်အချိုကြောင့် ဟင်းခတ်မှုန့် သုံးစရာမလိုလောက်အောင် ချိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။