ဗိုလ်တထောင် ၄၈ လမ်းထိပ်က 'မချော' ရခိုင်မုန့်တီနဲ့ အသုပ်မျိုးစုံဆိုင်

ငြိမ်းဆုဝေကျော်/မြန်မာတိုင်း(မ်)ငြိမ်းဆုဝေကျော်/မြန်မာတိုင်း(မ်)

မြန်မာလူမျိုးတွေ တော်တော်များများဟာ ချဉ်ငန်စပ်အရသာဆို တကယ်ကိုခံတွင်းတွေ့ကြပါတယ်။

ကျွန်တော်လည်း အပါအ၀င်ပေါ့။

ဘယ်လောက်ပဲ ရာသီပူပူ၊ ဘယ်လောက်ပဲ မိုးတွေရွာရွာ၊ နောက်ဆုံးဖျားနာနေချိန်မှာတောင်
ဒီလိုအာထိလျှာထိအရသာမျိုးကို တောင့်တတတ်ကြပါတယ်။

ဒါကြောင့်လည်း ဒီလိုအရသာအစုံကိုရနိုင်တဲ့ အသုပ်စုံဆိုင်တွေ နေရာတိုင်းမှာ ရှိနေကြတာ
ဖြစ်နိုင်ပါတယ်။

အထူးသဖြင့်တော့ ရန်ကုန်မြို့မှာပေါ့။

အသုပ်ဆိုင်လို့ ပြောလိုက်ရင် အသုပ်မျိုးစုံနဲ့အတူ ရခိုင်မုန့်တီကိုပါ တွဲရောင်းတဲ့ဆိုင်တွေက များပါတယ်။

အသုပ်ဆိုင်တွေထဲမှာ ကျွန်တော် အကြိုက်ဆုံးဆိုတဲ့ဆိုင်တွေက တစ်ဆိုင်ထက်မကပါဘူး။

ဒီထဲက တစ်ဆိုင်ဆိုရင်တော့ ၄၈ လမ်း (အပေါ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်မှာ ဖွင့်ထားတဲ့
'မချော' ရခိုင်မုန့်တီဆိုင်က အသုပ်တွေကတော့ ကျွန်တော့်အကြိုက်ဆုံးတွေထဲက တစ်ဆိုင်ပါ။

တခြားဆိုင်တွေလိုပဲ ဒီဆိုင်မှာလည်း ရခိုင်မုန့်တီနဲ့အတူ အသုပ်မျိုးစုံ ရပါတယ်။

ခေါက်ဆွဲ၊ ကြာဇံ၊ တို့ဟူး၊ ပဲပြား၊ ငါးဖယ်၊ နန်းကြီး၊ နန်းပြား၊ သင်္ဘောသီး၊ ရှောက်သီး၊ မုန့်ဖတ်၊
ထမင်း စတဲ့ အသုပ်တွေ အကုန်ရပါတယ်။

ဗမာသုပ်လည်း ရသလို ရခိုင်သုပ်ဆိုလည်း သုပ်ပေးပါတယ်။

အစားအစာတွေနဲ့ ပတ်သက်ပြီး ညွှန်းရမယ်ဆိုရင် ကျွန်တော့်ခံတွင်းအတွေ့ ဆုံး အသုပ်တွေဖြစ်တဲ့
အစုံသုပ် (ကြာဆံ၊ ခေါက်ဆွဲ၊ မုန့်ဖတ်၊ ဂေါ်ဖီ၊ တို့ဖူး)၊ ထမင်းသုပ်နဲ့ မုန့်တီသုပ် (ဗမာသုပ်)တို့ကိုပဲ
ညွှန်းရပါမယ်။ တကယ်ကို အရသာ ရှိပါတယ်။

မုန့်တီသုပ် (ဗမာသုပ်)နဲ့ ထမင်းသုပ်မှာ ကြိုက်တဲ့အချက်က အာလူးအနှစ်လေး ထည့်သုပ်တာပါပဲ။

အသုပ်ကို စေးစေးလေးနဲ့ ပိုလို့အရသာရှိစေပါတယ်။

ကျွန်တော်ဆိုရင်တော့ ကြိုက်လွန်းလို့ အားလူးအနှစ်လေး ပိုထည့်သုပ်ခိုင်းပါတယ်။

ငြိမ်းဆုဝေကျော်/မြန်မာတိုင်း(မ်)ငြိမ်းဆုဝေကျော်/မြန်မာတိုင်း(မ်)

ဒီဆိုင်က ရခိုင်မုန့်တီဟင်းရည်ကိုတော့ စားဖူးသမျှဆိုင်တွေထဲ အရသာရှိတဲ့ ဆိုင်တွေစာရင်းထဲ
ထည့်ထားပါတယ်။

ကျွန်တော်ဆိုရင် ဟင်းရည်ကို နောက်တစ်ခွက် ထပ်တောင်းရလောက်အောင် ကြိုက်တာပါ။

ကောင်းတယ်ဆို့လို့ ရခိုင်ဆိုင်လားဆိုတော့ မဟုတ်ပါဘူး။

မချောတို့ဆိုင်က ဆိုင်ပိုင်ရှင် မချောရော ၀န်းထမ်းတွေပါ တစ်ယောက်မှ ရခိုင်မဟုတ်ပါဘူး။

ဗမာတွေပဲ ချက်တဲ့ ရခိုင်မုန့်တီပါ။

ဘာလို့ကောင်းလဲဆို ဟင်းရည်က အပူအစပ် အချိုအပေါ့အငန် မျှမျှတတဖြစ်နေလို့ပါပဲ။

တချို့ဆို တအားပူစပ်နေတာမျိုး၊ အချိုများနေတာမျိုး၊ အပေါ့အငန် မမျှတာမျိုးနဲ့ စားရတာ
ခံတွင်းမတွေ့ပါဘူး။

အရသာကောင်းလို့လည်း ဒီဆိုင်က နေ့တိုင်းလိုလိုကို လူကျပါတယ်။

တစ်ခါတလေဆို စောင့်တောင်စောင့်ရပါတယ်။

သိပ်အကြာကြီးတော့ မဟုတ်ပါဘူး။

ဒီဆိုင်က စနစ်ကျတဲ့အချက်တစ်ချက်က သူများဆိုင်တွေထက် အသုပ်သုပ်တာ ပိုမြန်တာပါပဲ။

အသုပ်နယ်မယ့်ဇလုံကို တစ်ခုမကပြင်ထားပြီး အသုပ်တစ်ပွဲမှာလိုက်တယ်ဆို ဇလုံထဲ အစာပလာနဲ့
အချဉ်အငံထည့်သူက တစ်ယောက်၊ ပြီးတာနဲ့ နယ်တဲ့လူဆီကို လက်လွှဲလိုက်ပါတယ်။

နယ်တဲ့လူက နယ်ပြီးပြီဆို အသင့်ပြင်ထားတဲ့ ပန်းကန်ထဲကို ထည့်ပြီး နောက်တစ်ယောက်က
ပန်းကန်ထဲက အသုပ်ပေါ်မှာ ထပ်ထည့်ရမယ့် အစာပလာတွေ ထည့်သင့်တာထည့်၊ ဖြူးသင့်တာဖြူးပြီး
စားသုံးသူရှေ့ကို ချပေးပါတယ်။

ငြိမ်းဆုဝေကျော်/မြန်မာတိုင်း(မ်)ငြိမ်းဆုဝေကျော်/မြန်မာတိုင်း(မ်)

ဟင်းရည်ပိုင်းကိုလည်း တာဝန်ယူတဲ့သူက တစ်ယောက်ဆိုတော့ လူများရင်တောင်မှ
ကိုယ်မှာထားတာကိုရဖို့ အကြာကြီး ထိုင်စောင့်မနေရပါဘူး။

အသုပ်သုပ်တာကလည်း စက်နဲ့ထုတ်သလား မှတ်ရလောက်ကို ဘယ်အချိန် ပဲသွားစားစား
အစပ်အဟပ် အကုန်အဆင်ပြေနေတတ်တာမို့ ပြန်ပြင်ခိုင်းရတယ်ဆိုတာ ရှားပါတယ်။

ဈေးနှုန်းတွေကို ပြောရမယ်ဆိုရင် မုန့်တီအရည်က အလွတ်ဆို ကျပ် ၂၀၀၊ ပဲကြော်နဲ့ဆို ၃၀၀၊ ငါးဖယ်နဲ့
ဆိုရင်တော့ ၄၀၀ ပါ။

အသုပ်တွေကတော့ အမည်အပေါ်လိုက်လို့ ၄၀၀ နဲ့ ၅၀၀ အမျိုးမျိုးရှိပြီး အကြော်ထည့်မယ်ဆို
အကြော်တစ်ခုက ၁၀၀၊ ငါးဖယ်ဆိုရင်တော့ တစ်ခုကို ၂၀၀ ထပ်ဆောင်း ပေးရမှာပါ။

ဆိုင်ကတော့ ရှာရတာ ခက်မယ်မထင်ပါဘူး။

ဗိုလ်ချုပ်လမ်းဘက်နဲ့ ၄၈ လမ်းထောင့်တည့်တည့်မှာပါ။

နေ့လယ် ၁ နာရီဆို စဖွင့်ပြီး ည ၇ နာရီထိ ဖွင့်ပါတယ်။

များသောအားဖြင့် ၇ နာရီထိတောင် မရောက်ဘဲ စောစောကုန် တတ်ပါတယ်။

မြို့ထဲရောက်ခဲ့လို့ အသုပ်ဆိုင်ကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီဆိုင်လေးက
သင်ရှာနေတဲ့ ဆိုင်ပဲလို့ ပြောချင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။