ဇလုံနဲ့ ထမင်းသုပ်စားမလား

ဇလုံထမင်းသုပ်ဆိုင်က ပုန်းရည်ကြီးထမင်းသုပ်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)ဇလုံထမင်းသုပ်ဆိုင်က ပုန်းရည်ကြီးထမင်းသုပ်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

စားချင့်စဖွယ်နယ်ထားတဲ့ ထမင်းသုပ်ကို တို့စရာအသီးအရွက်အနည်းငယ်၊ ကြက်ဥကြော်
တစ်လုံးတို့နဲ့အတူ စတီးဇလုံထဲမှာ ထည့်ပြင်ပေးတဲ့ 'ဇလုံ' ထမင်းသုပ်ဟာ ရန်ကုန်မြို့ရဲ့
အစားအသောက် ချစ်သူတွေကြားမှာ လတ်တလော ရေပန်းစားနေပါတယ်။

Feel စားသောက်ဆိုင်လုပ်ငန်းကနေ တန်ဖိုးသင့်စားသောက်ဆိုင်တစ်ခုအဖြစ် စမ်းချောင်းမြို့နယ်၊
ဇေယျဝတီလမ်း(ဗဟိုလမ်း)၊ ဂွဈေးအနီးမှာ 'ဇလုံ' ထမင်းသုပ်ဆိုင်ကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က
စတင်ဖွင့်လှစ်ခဲ့တာကြောင့် ဆိုင်သက်တမ်းက နှစ်လတောင် မပြည့်သေးပါဘူး။

ဆိုင်မှာ ကျပ် ၈၀၀ တန် ဇလုံထမင်းသုပ်ခြောက်မျိုး ရှိပြီး ပုန်းရည်ကြီး၊ လက်ဖက်၊ သရက်သီးသနပ်၊
ချဉ်ပေါင်ကြော်၊ စစ်ကိုင်းနဲ့ ရှယ်ငါးပိကြော်လို့ သတ်မှတ်ထားတဲ့အတွက် အရသာကို
ကိုယ်ကြိုက်ရာရွေး မှာယူနိုင်ပြီး ထမင်းသုပ်ပွဲတိုင်းမှာ ကြက်ဥကြော်တစ်လုံးစီ ထည့်ပေးပါတယ်။

ငါးဘဲဖြူအိုးကပ်၊ ငါးပြေမဟင်း၊ ခရမ်းချဉ်သီးငါးပိချက်၊ ပဲငါးပိချက်၊ အာပြဲခြောက်ကြော်တို့လို
ပေါ့ပေါ့ပါးပါးဟင်းအမည်လည်း ၁၈ မျိုးလောက်ရှိပြီး ဈေးအကြီးဆုံး ကြက်သားဆီပြန်ဟင်းကို
တစ်ပွဲကျပ် ၇၀၀ သတ်မှတ်ထားကာ ဈေးအနည်းဆုံးဖြစ်တဲ့ ငါးပိချက်၊ ငါးခြောက်ကြော်တွေကိုတော့
ကျပ် ၂၀၀ စီနဲ့ ရောင်းချပေးပါတယ်။

ထမင်းသုပ်ကို အသုပ်တွေနဲ့ တွဲစားနိုင်ဖို့လည်း အသုပ်အမည် ၁၀ မျိုးလောက် ရှိပါတယ်။

ကြက်ခြေထောက်သုပ်၊ ၀က်ခေါင်းသုပ်ကစပြီး သရက်ချဉ်သုပ်၊ ငါးပိသုပ်၊ ဆေးဘဲဥသုပ်နဲ့
ပုန်းရည်ကြီးသုပ်တွေကို တစ်ပွဲကို ကျပ် ၈၀၀ ကနေ ကျပ် ၃၀၀ ၀န်းကျင်အထိ အလွန်ချိုသာတဲ့
ဈေးနှုန်းတွေနဲ့ ရနိုင်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက်လေးတစ်ခွက်ပါမှ စားဝင်တဲ့သူတွေအတွက် ပဲနီလေးကြာဆံ
ဟင်းချိုနဲ့ သီးစုံပဲကုလားဟင်းတို့ကို တစ်ယောက်စာ တစ်ပွဲကျပ် ၁၀၀ နဲ့ ၁၅၀ နှုန်းနဲ့ ရောင်းချပေးနေပြီး
အနည်းငယ်လေးတဲ့ ထမင်းသုပ်အတွက် တခြားဟင်းအမည်တွေမလိုတော့ဘဲ ဟင်းချိုနဲ့
တွဲစားကြည့်ဖို့က အဆင်ပြေဆုံး ဖြစ်နေပါတယ်။

မုန့်ဟင်းခါးနဲ့ မုန့်ဖက်သုပ်ပါ ရောင်းချပေးနေတဲ့ ဇလုံထမင်းသုပ်ဆိုင်ကို မနက် ၈ နာရီကနေ
ည ၈ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ပုံမှန်ရက်တွေမှာတောင် လူပြည့်နေတဲ့
ဆိုင်ဖြစ်တာကြောင့် စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာတော့ စောစောမသွားရင် စားပွဲနေရာ
ရဖို့အတွက် ဆိုင်ရှေ့တန်းစီစောင့်ရမှာ ဖြစ်ပါတယ်။

တကယ်တမ်းတော့ 'ဇလုံ' ထမင်းသုပ်ဆိုင်က နိုင်ငံတကာစားသောက်ဆိုင်တွေ နိုင်ငံထဲကို
ထိုးဖောက်ဝင် ရောက်လာချိန်မှာ အရသာရှိပြီး ဈေးအလွန်သက်သာတဲ့ ကိုယ်ပိုင်ရိုးရာ
ထမင်းသုပ်တွေလည်း ရှိကြောင်းကို Feel စားသောက်ဆိုင်လုပ်ငန်းကနေ စားသုံးသူတွေကို
ပြချင်တာကြောင့် ဖွင့်လှစ်ခဲ့တာလို့ 'ဇလုံ' စားသောက်ဆိုင်ရဲ့တာဝန်ခံမန်နေဂျာ ကိုငြိမ်းသူက
ပြောပါတယ်။

ဇလုံထမင်းသုပ်ဆိုင် ရှေ့မျက်နှာစာမြင်ကွင်း။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)ဇလုံထမင်းသုပ်ဆိုင် ရှေ့မျက်နှာစာမြင်ကွင်း။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

ဒါကြောင့် Corporate System Responsibility (CSR) အစီအစဉ်တစ်ခုအဖြစ် တန်ဖိုးသင့်
စားသောက်ဆိုင်တွေဖြစ်တဲ့ 'ဇလုံ'စားသောက်ဆိုင်နဲ့ ၀ါးတန်းလမ်းပေါ်က Feel 3 တို့မှာ ထမင်းသုပ်နဲ့
ဟင်းအမည်တချို့ ကို ဈေးလျှော့ချသတ်မှတ်ခဲ့ပါတယ်။

"တကယ်တော့ ဒီ 'ဇလုံ' ထမင်းသုပ်ဆိုင်ကနေ အမြတ်အစွန်းရဖို့ဆိုတာတော့ ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး။ Feel စားသောက်ဆိုင်တွေက ဟင်းတွေက ဈေး နည်းနည်းမြင့်တယ်။ ဒါပေမဲ့
ခုလို တန်ဖိုးသင့်ဆိုင်ကတော့ စားသုံးသူ လူတန်းစားမရွေးကို ရည်ရွယ်ပါ တယ်"လို့ ကိုငြိမ်းသူက
ပြောပါတယ်။

နေ့စဉ် ဇလုံထမင်းသုပ်ပွဲပေါင်း ၆၀၀ နဲ့ ၇၀၀ ကြား ရောင်းချရပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေ
မှာတော့ ပိုရောင်းရပါတယ်။

'ဇလုံ' ထမင်းသုပ်ဆိုင်မှာ ရောင်းချတဲ့ ဟင်းအမည်တွေအားလုံးက ၀ါးတန်းလမ်းမှာရှိတဲ့ Feel
စားဖိုဆောင်က ချက်ပြုတ်ပေးတာဖြစ်ပြီး မနက် ၈ နာရီမထိုးခင်မှာ ဆိုင်ကို သယ်ယူကြပါတယ်။

ထမင်းသုပ်အတွက် ထမင်းကိုတော့ 'ဇလုံ' ဆိုင်မှာပဲ ချက်ကြတာဖြစ်ပါတယ်။

'ဇလုံ' ထမင်းသုပ်ဆိုင်ခွဲကိုလည်း မကြာခင်မှာ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ထပ်ဖွင့်မှာဖြစ်ပြီး
သုံးထပ်အဆောက်အအုံတစ်ခုလုံးကို နေရာယူ ဖွင့်လှစ်မှာဖြစ်ပါတယ်။

"ဒီမှာလာစားကြတဲ့ စားသုံးသူတွေက ဈေးသက်သာတာ တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
အရသာ ရှိပြီး သန့်လဲသန့်တယ်လို့ အာမခံတဲ့အပြင် လွယ်ကူပြီး ရိုးရှင်းတဲ့ နေ့စဉ်မြန်မာအစားအစာ
တွေကိုလည်း ချစ်ကြတဲ့အတွက်ပါ"လို့ ကိုငြိမ်းသူက ပြောပါတယ်။

သူ့ဆိုင်က စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ နေကြာဆီနဲ့
ဟင်းခပ်အမည်တွေအားလုံးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုစိုက်တယ်ဆိုတဲ့
အကြောင်းကိုလည်း ဇလုံထမင်း သုပ်ဆိုင်က အာမခံထားပါတယ်။


မြန်မာတိုင်း(မ်)မှာ ဆောင်းပါးရေးသားမယ်လို့ ကြိုတင် ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ
သွားရောက်စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို
မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။