ဗေဒါရီရဲ့ ဟင်းလျာ (ကင်းပုံသီးကြော်ချက်)

ဒီတစ်ပတ်တော့ ဗေဒါရီက ကင်းပုံသီးကြော်ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
အသား၊ ငါးဟင်းတွေကို ငြီးငွေ့နေတယ်ဆိုရင် ဒီဟင်းလေးက တကယ့်ကို ထမင်းမြိန်စေမယ့်
ဟင်းတစ်မည်ပါပဲ။

ချက်ရတာလည်း အင်မတန် လွယ်ကူတာမို့ အိမ်ရှင်မတွေ အကြိုက်တွေ့ကြမယ်လို့ ထင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကင်းပုံသီး ၃၀ ကျပ်သား
  • ဆီ ၅ ကျပ်သား
  • ပုဇွန်ခြောက်မှုန့် ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးခွဲခြမ်း ၁ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ  ၃ မြွှာ
  • ကြက်သွန်နီ ၂ ဥ
  • ဆားနဲ့ ဟင်းခတ်မှုန့် အနည်းငယ်စီ

ပြင်ဆင်ပုံ

ကင်းပုံသီးတွေကို လေးစိတ်စိတ်၊ ရေဆေးပြီး ဆန်ခါတစ်ခုထဲမှာ ရေစစ်ထားလိုက်ပါ။

ကြက်သွန်အဖြူ၊ အနီကိုထောင်းပြီး ငရုတ်သီးခွဲခြမ်းနဲ့ ဆီသတ်ပါ။

ကြက်သွန်ကျက်ပြီဆိုရင် ပုစွန်ခြောက်မှုန့် ထည့်မွှေပါ။

ရေစစ်ထားတဲ့ ကင်းပုံသီးစိတ်တွေကိုလည်း ထည့်ချက်ပါ။

ဆားနဲ့ ဟင်းခတ်မှုန့် တို့ထည့်ပါ။

နှံ့အောင်မွှေပေးပြီး ခဏလောက် တည်ထားလိုက်ပါ။

အပေါ့အငန်မြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် ကင်းပုံသီးတွေ မနွမ်းခင်မှာ ဟင်းအိုးကိုချပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။