ကော်ဖီနဲ့ စာပေချစ်သူတွေ အကြိုက်တွေ့မယ့် 'အင်းဝ' စာအုပ်နှင့် ကော်ဖီဆိုင်ကလေး

စာပေချစ်သူတွေ၊ ကော်ဖီကြိုက်သူတွေ အကြိုက်တွေ့ကြတဲ့ 'အင်းဝ'စာအုပ်နှင့် ကော်ဖီဆိုင်ကလေး။ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)စာပေချစ်သူတွေ၊ ကော်ဖီကြိုက်သူတွေ အကြိုက်တွေ့ကြတဲ့ 'အင်းဝ'စာအုပ်နှင့် ကော်ဖီဆိုင်ကလေး။ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)

အခုလိုမိုးရာသီရဲ့ မိုးသည်းချိန်တွေမှာ ကော်ဖီလေးတစ်ခွက်ရှေ့ချပြီး စာအုပ် ဖတ်နေရတဲ့အရသာက စာဖတ်ဝါသနာပါသူတွေနဲ့ ကော်ဖီချစ်သူတွေအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ခံစားမှုမျိုးပါ။

ကိုယ့်ရဲ့ အလုပ်နားရက်မှာ သူငယ်ချင်း တွေနဲ့လည်းတွေ့ချင် ကော်ဖီသောက်ရင်း စာဖတ်တဲ့
အလုပ်ကိုလည်း လုပ်ချင် နဲ့ ဘာကိုဦးစားပေးရမှန်း မသိဖြစ်နေရင် ကော်ဖီသောက်ရင်း၊
စာအုပ်ဖတ်ရင်း သူငယ်ချင်းတွေနဲ့လည်း ဆုံနိုင်မယ့် စာအုပ်ဆိုင်နဲ့ ကော်ဖီဆိုင်တွဲထားတဲ့
ဆိုင်လေးတစ်ဆိုင်ကို ညွှန်းချင်ပါတယ်။

ဆိုင်လေးရဲ့နာမည်က Innwa Books & Cafe ပါ။ ရန်ကင်းမြို့နယ်မှာရှိတဲ့ မြန်မာပလာဇာထဲက
ဒုတိယထပ်မှာ ဖွင့်လှစ်ထားပါတယ်။ 'အင်းဝ' စာအုပ်ဆိုင်က လူတော်တော်များများ သိကြပြီးသားဖြစ်ပေမဲ့
ခုလိုမျိုးကော်ဖီ ဆိုင်လေးနဲ့ တွဲဖွင့်တာကတော့ အသစ်အဆန်းတစ်ခု ဖြစ်နေပါတယ်။ဒီဆိုင်လေးက
အင်းဝစာအုပ်ဆိုင်တွေရဲ့ တတိယမြောက်ဆိုင်ခွဲတစ်ခုဖြစ်ပြီး ကော်ဖီ ဆိုင်ဆိုပေမဲ့စာအုပ်ဦးစားပေးရောင်းတဲ့
ဆိုင်ဖြစ်ပြီး သူ့ဆိုင်ကိုလာတဲ့ပရိသတ်ကလည်း ကော်ဖီသောက်ချင်လို့သီးသန့်လာတဲ့သူထက်
ကော်ဖီသောက်ရင်းစာအုပ်ဖတ်ချင်လို့လာတဲ့သူတွေ၊ စာအုပ်ဝယ်ချင်လို့လာရင်း ကော်ဖီတစ်ခွက်မှာပြီး
ကိုယ်ဝယ်ချင်တဲ့စာအုပ်တွေကို အမြည်းထိုင်ဖတ်ကြတဲ့ သူတွေ များကြပါတယ်။

ဆိုင်ရဲ့အပြင်အဆင်လေးက ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းပြီး ၀င်ဝင်ချင်း ဘယ်ဘက်ထောင့်မှာ
ကော်ဖီဘားလေးနဲ့ ခုံမြင့်လေးတွေ ချထားပြီး အဲဒီခုံမြင့် လေးတွေမှာလည်း
ကော်ဖီထိုင်သောက်လို့ရပါတယ်။

ညာဘက်အခြမ်းမှာတော့ ခုံတန်းရှည်လေးနဲ့ စားပွဲလေးချထားပြီး ဆိုဖာလေးတွေနဲ့ သက်သောင့်
သက်သာ စာဖတ်လို့ရပါတယ်။ အလယ်မှာ အသစ်ထွက်တဲ့စာအုပ်တွေထားတဲ့ ကောင်တာလေးတစ်ခု
ရှိနေပြီး အဲဒီကောင်တာလေးရဲ့နောက်မှာ လည်း စားပွဲဝိုင်းလေးနှစ်ဝိုင်း ရှိပါသေးတယ်။
စားပွဲဝိုင်းလေးတွေမှာ ထိုင်ခုံ လေးငါးလုံးချထားပြီး ကိုယ်ကြိုက်တဲ့စာအုပ်လေးယူပြီး
ကိုယ်ကြိုက်တဲ့စားပွဲ မှာ စိတ်ကြိုက်စာဖတ်နိုင်ပါတယ်။

ကလေးတွေအတွက်လည်း စာအုပ်တွေရှိတာမို့ ကလေးစာအုပ်တန်းရှေ့ မှာ သင်ဖြူးဖျာတစ်ချပ်
ခင်းထားပြီး ဖျာပေါ်မှာ အ၀တ်ဆိုဖာလေးငါးခုချကာ ကလေးတွေ သက်သောင့်သက်သာ
စာထိုင်ဖတ်နိုင်အောင် လုပ်ပေးထားပါတယ်။ စာအုပ်စင်တွေကြားက ကော်ဖီဝိုင်းလေးတွေမှာ သက်သောင့်သက်သာ ကော်ဖီထိုင်သောက်ရင်း ကြိုက်တဲ့စာအုပ်တွေကို စိတ်ကြိုက်ယူပြီး
ဖတ်ရှုနိုင် တာကတော့ ဒီဆိုင်လေးရဲ့အားသာချက်ပါပဲ။ ဒါပေမဲ့ ကိုယ်ယူဖတ်တဲ့စာအုပ်တွေကို ဖတ်ပြီးတဲ့အခါ နေရာတကျပြန်ထားဖို့ကိုတော့ ကော်ဖီစားပွဲဝိုင်းလေးတွေတိုင်းမှာ သတိပေးစာတွေ
ထောင်ထားပါတယ်။ ဒီဆိုင်လေးမှာ Cappuccino၊ Latte ၊ Americano ၊ Mocha နဲ့ Caramel
Macchiato စတဲ့ ကော်ဖီအပူအအေးမျိုးစုံ၊ နွားနို့အပူအအေးနဲ့ အချိုရည်တွေလည်းရသလို
Italian Sodaလည်း အမည်ခြောက်မျိုး လောက်ရနိုင်ပါတယ်။

ဆိုင်ရဲ့အဓိကအစားအစာကတော့ ပျားရည်ဆမ်းထား တဲ့ ချောကလက်ဘရောင်နီကိတ်ပါ။ စားသုံးသူတွေ
အတွက် Free Wifi လည်း ပေးထားပြီး ဆိုင်က လူကြိုက်များတဲ့ Cappuccino, Espresso နဲ့ Latte
ကော်ဖီတွေအတွက် တနင်္လာနေ့တိုင်းမှာ ၁၅ ရာခိုင်နှုန်းဈေး လျှော့ဈေးနဲ့ ရောင်းချပေးတယ်လို့ ဆိုင်က ကော်ဖီဖျော်စပ်သူက ပြောပါတယ်။ ဒီဆိုင်ရဲ့ အဓိကကော်ဖီဖြစ်တဲ့ အင်းဝကော်ဖီ
(ကျပ် ၁,၀၀၀) ကတော့ နှပ်ထားတဲ့ သာမန်ကော်ဖီတစ်ခွက်ပဲဖြစ်ပြီး အရသာကတော့ အရမ်းကြီး
ထူးခြားကောင်းမွန်တာမျိုးတော့ မဟုတ်ပါဘူး။ ပျားရည်ဆမ်းထားတဲ့ ချောကလက်ကိတ် (ကျပ် ၁,၀၀၀)
ကတော့ တော်တော်လေး စားကောင်းပါ တယ်။ ကျန်တဲ့ကော်ဖီတွေကတော့ ကျပ် ၂,၅၀၀ ၀န်းကျင်တွေပါ။ ကော်ဖီဆိုင်ဆိုပေမဲ့ ကော်ဖီထက် စာအုပ်ကို ပိုဦးစားပေးထားတဲ့ဆိုင် ဖြစ်လို့ စာအုပ်တွေကတော့ တော်တော်လေးစုံစုံလင်လင် ရှိပါတယ်။

လူကြီး တွေအကြိုက် နာမည်ကြီးစာရေးဆရာကြီးတွေရဲ့ စာအုပ်တွေကိုလည်း စာရေးဆရာတွေရဲ
့နာမည်တွေနဲ့ ရှာဖွေနိုင်ပြီး နိုင်ငံရေးစာပေ၊ တက်ကျမ်း၊ ရသ စာပေ၊ ဘာသာပြန်စာပေ၊ ကဗျာ၊ ၀တ္တူတို
ဝတ္ထုရှည်ပေါင်းချုပ်စတဲ့ စာအုပ် တွေအပြင် အင်္ဂလိပ်ဝတ္ထုတွေနဲ့ ဘာသာရပ်ဆိုင်ရာစာအုပ်တွေကိုလည်း စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ပါတယ်။

လူလတ်ပိုင်းတွေ စိတ်ဝင်စားမယ့် နိုင်ငံတကာကမဂ္ဂဇင်းတွေ၊ မြန်မာမဂ္ဂဇင်းတွေလည်း
တော်တော်များများ ရှိပါတယ်။ မဂ္ဂဇင်းအဟောင်းတွေကိုတော့ လျှော့ဈေးနဲ့ ရောင်းပေးနေပါတယ်။

ကလေးတွေအတွက်လည်း ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်နဲ့ ပုံဝတ္ထုလေးတွေကို အင်္ဂလိပ်လိုရော
မြန်မာလိုပါ တော်တော်များများရှိပြီး ပန်းချီ စိတ်ဝင်စားတဲ့ ကလေးငယ်တွေအတွက်လည်း ပန်းချီစာအုပ်လေးတွေ၊ ဆေးရောင်ခြယ်စရာစာအုပ်တွေနဲ့ ဆေးရောင်ခြယ်လို့ရတဲ့ ရေဆေးတချို့ကိုလည်း
တွေ့ရပါတယ်။ ဒီဆိုင်လေးက စာဖတ်ဖို့စိတ်ဝင်စားတဲ့ လူငယ်တွေအချင်းချင်း ကော်ဖီလေးသောက်ရင်း၊
စာဖတ်ရင်း သူတို့သိသမျှ အကြောင်းအရာလေးတွေ မျှဝေနိုင်တဲ့ နေရာလေးလည်းဖြစ်သလို
လူကြီးတွေအနေနဲ့လည်း အလုပ်နားရက်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး စာအုပ်လေးဖတ်ရင်း ကော်ဖီသွားသောက်လို့ကောင်းတဲ့ နေရာလေးပဲဖြစ်ပါတယ်။

မိသားစုလိုက်ဆိုရင်လည်း လူကြီးတွေက ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်တွေဝယ်ဖို့ ကော်ဖီသောက်ရင်း
စာမြည်းနိုင်သလို ကလေးတွေကလည်း သူတို့ကြိုက်တဲ့ ပုံပြင်ကာတွန်းတွေ၊ ပုံဝတ္ထုတွေ ဖတ်နိုင်တာမို့
စာဖတ်ဝါသနာပါတဲ့ မိသားစုတွေအတွက်တော့ တကယ့်ကို အဆင်ပြေစေမယ့် ကော်ဖီနဲ့စာအုပ်
တွဲထားတဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။

ဒါပေမဲ့ တချို့လူငယ်တွေက လူစုမိသွားရင်း စကားကျယ်ကျယ်ပြော ဖြစ်သွားတာမို့ ဒီဆိုင်ထဲမှာ
စာဖတ်သူတွေကို အနှောင့်အယှက်ဖြစ်စေတတ်တာလေးကိုတော့ သတိထားစေချင်ပါတယ်။
ဒီဆိုင်လေးက ပုံမှန်ကော်ဖီဆိုင်သီးသန့်မဟုတ်ဘဲ စာအုပ်ဆိုင်နဲ့တွဲနေတဲ့အတွက် ဆိုင်ကိုလာတဲ့
သူတွေကလည်း ကော်ဖီသောက်ချင်လို့ သက်သက်လာတာမျိုးမဟုတ်ဘဲ စာအုပ် လေး အေးအေးဆေးဆေးဖတ် ကော်ဖီလေးသောက်ရင်း အနားယူချင်လို့ လာတဲ့
သူတွေချည်းပဲ ဖြစ်လို့ပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။