အညာထမင်းဝိုင်း စားကြမလား

အညာထမင်းဝိုင်းပုံစံ တည်ခင်းတဲ့ 'အညာအထာ' မြန်မာ့စားစရာဆိုင်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)အညာထမင်းဝိုင်းပုံစံ တည်ခင်းတဲ့ 'အညာအထာ' မြန်မာ့စားစရာဆိုင်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

'အညာအထာ' ဆိုတဲ့ မြန်မာဆန်တဲ့ ဆိုင်နာမည်လေးကြောင့် ဆိုင်ဖွင့်ဖို့ စပြင်နေကတည်းက
စိတ်ဝင်တစားနဲ့ မျှော်လင့်ခဲ့ရတဲ့ ဆိုင်လေးပါပဲ။

ဒီဆိုင်လေးကို စဖွင့်တာကတော့ စက်တင်ဘာလ ၁၅ ရက်ကမှဆိုတော့ သိပ်တော့မကြာသေးပါဘူး။

ဆိုင်းဘုတ်လေးကအစ မြန်မာ့အငွေ့အသက်ကို ပေးနိုင်တဲ့ ကျူထရံချပ်ပေါ်မှာ မြန်မာစာလုံးရော
အင်္ဂလိပ်စာလုံးနဲ့ပါ ရောရေးထားသလိုပဲ ဒီဆိုင်လေးကို ရောက်သွားတဲ့အခါ မြန်မာတွေအပြင်
နိုင်ငံခြားသားတွေပါ လာရောက်စားသုံးကြတာကို တွေ့ရပါတယ်။

ဆိုင်နာမည်နဲ့ ဆိုင်းဘုတ်ဒီဇိုင်းက ဆွဲဆောင်မှုရှိသလိုပဲ ဆိုင်ထဲ ၀င်သွားတဲ့အချိန်မှာလည်း
အညာရဲ့ အငွေ့အသက်တွေ ပေးစွမ်းနိုင်တဲ့ ပန်းချီကားတွေ ချိတ်ဆွဲထားတာကို တွေ့လိုက်ရပါတယ်။

ထိုင်စရာခုံတွေကတော့ သစ်သားရောင် သစ်သားခုံတန်းရှည်တွေနဲ့ အနက်ရောင်သုတ်ထားတဲ့
သစ်သားစားပွဲ ရှည်ရှည်တွေက ရိုးရိုးရှင်းရှင်းနဲ့ အေးအေးလူလူရှိတာမို့ သဘောကျမိပါတယ်။

ရေနွေးကြမ်းတည်ခင်းပြီး ဆိုင်တော်တော်များများမှာ ပေးနေကျ တစ်ရှူးကိုမပေးဘဲ
စက္ကူကြမ်းအပိုင်းလေးတွေကို ၀ါးဆစ်ခွက်လေးထဲ ထည့်ပေးထားတာက သဘာကျစရာပါပဲ။

နောက်တစ်မျိုးကတော့ မိသားစုဆန်ဆန် စားပွဲတစ်လုံးမှာ အ၀တ်လက်သုတ်ပ၀ါတစ်ထည်စီ
ချပေးထားပေမဲ့ အဲဒီစိတ်ကူးကိုတော့ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ပြီး သိပ်သဘောမတွေ့မိပါဘူး။

ဆိုင်တစ်ဆိုင်လုံးရဲ့ အပြင်အဆင်ကို ခြုံပြီးပြောရမယ်ဆိုရင်တော့ နှစ်လို့ဖွယ်ကောင်းပေမဲ့
သာမန်ထမင်းဆိုင်တစ်ဆိုင်ရဲ့ သွင်ပြင်မျိုးပါပဲ။

ဆိုင်ရှင်က အနုပညာရှင်တစ်ဦး (ပန်းဆိုးတန်းနဲ့ ပန်းဆိုးတန်း ရှုမျှော်ခင်းပြခန်းတို့ရဲ့ ပဲ့ကိုင်ရှင်)
ဖြစ်တာမို့လားတော့ မသိပါဘူး။

ရိုးရှင်းပေမဲ့ အနုပညာဆန်နေတာကတော့ ဒီဆိုင်လေးရဲ့ အားသာချက်ဖြစ်နေတာပါ။

ဆိုင်အပြင်အဆင်ကို ပြောပြပြီးပြီဆိုတော့ အစားအသောက်တွေအကြောင်းကို ဝေမျှပါမယ်။

ဒီဆိုင်လေးက မနက်ခင်းကတည်းက စဖွင့်တာမို့ မနက်ပိုင်းမှာ ကျောက်ပန်းတောင်း ပလာတာသုပ်ကို
တစ်မျိုးကောင်း အနေနဲ့ပဲ ရောင်းပါတယ်။

ကော်ဖီ၊ လက်ဖက်ရည် စတာတွေလည်း ရပါတယ်။

နေ့လယ်ခင်းစာတွေကမှ 'အညာအထာ'ရဲ့ အဓိက ဇာတ်လိုက်ကျော်တွေပါ။

အမည်(အမယ်)တွေအများကြီး ရနိုင်ပြီး အားလုံးက အညာစတိုင်ဟင်းပွဲတွေပါ။

ဆိတ်သားလုံးကြော်၊ အမဲခြောက်ကြော်၊ ၀က်အူချောင်းကြော်၊ အမဲခြောက်ထောင်း စတဲ့
ဟင်းပွဲတွေကို ရနိုင်ပြီး ဈေးနှုန်းကတော့ ကျပ် ၃,၀၀၀ ပါ။

အဲဒီထဲက ဆိတ်သားလုံးကြော်ကို မြည်းကြည့်ချင်ခဲ့ပေမဲ့ စာရေးသူတို့ ရောက်သွားတဲ့အချိန်မှာ
ကုန်သွားပြီမို့ ၀က်အူချောင်းကြော်ပဲ မှာစားဖြစ်ခဲ့ပါတယ်။

သူ့အရသာကို ပြောရမယ်ဆိုရင်တော့ 'အညာဝက်အူချောင်း' ရဲ့ အရသာက ဘယ်လိုများ
ဖြစ်လိမ့်မလဲဆိုပြီး မျှော်လင့်တကြီးဖြစ်တဲ့ သူဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားပါလိမ့်မယ်။

အကြောင်းကတော့ ဘာမှ ထူးထူးခြားခြားကြီး မဟုတ်လို့ပါ။

အညာထမင်းဝိုင်းပုံစံ တည်ခင်းတဲ့ 'အညာအထာ' မြန်မာ့စားစရာဆိုင်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)အညာထမင်းဝိုင်းပုံစံ တည်ခင်းတဲ့ 'အညာအထာ' မြန်မာ့စားစရာဆိုင်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

နောက်မှာစားခဲ့တာကတော့ ကြက်ကာလသား ချက်ဟင်းပါ။

တစ်ပွဲကို ကျပ် ၂,၅၀၀ ပါ။ အသားတုံးက ငါးတုံး၊ ခြောက်တုံးလောက် ပါပါတယ်။
အရည်လေးသောက်လိုက်၊ ကြက်ကလည်း အရိုး၊ အသားလေးဆိုတော့ မှာစားခဲ့သမျှထဲ
အကြိုက်ဆုံးဟင်းပွဲပါပဲ။

ဒီဆိုင်နာမည်နဲ့ အလိုက်ဖက်ဆုံးဟင်းလျာကတော့ 'အညာထမင်းဝိုင်း'လို့ နာမည်ပေးထားတဲ့
အရန်ဟင်းပွဲတွေပါပဲ။

သစ်စေးသုတ်ထားတဲ့ ဆန်ကောဝိုင်းလေးထဲမှာ ဟင်းရံလေးမျိုး ထည့်ပြင်ပေးတာပါ။

ဆန်ကော တစ်ဝိုင်းကို ကျပ် ၂,၀၀၀ နဲ့ ရောင်းပါတယ်။

ပဲနှပ်၊ သရက်ချဉ်သုပ်၊ ငါးခြောက်ထောင်း၊ ငါးပိချက် လေးမျိုးတွဲကို တစ်တွဲပြင်ရောင်းပြီး ရှောက်ချဉ်သုပ်၊
ပုံးရည်ကြီးသုပ်၊ ဒန့်သလွန်ခြစ်ချက်နဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ကိုတစ်တွဲ တွဲဖက်ပေးထားပါတယ်။

စာရေးသူတို့ကတော့ ဒန့်သလွန်ခြစ်ချက်ကို စိတ်ဝင်စားတာမို့ ဒုတိယအတွဲကို မှာလိုက်ပါတယ်။

အတောင့်လိုက်လေးတွေပဲ ပိုင်းဖြတ်ပြီး ဟင်းချက်စား ဖူးကြတာမို့ ခြစ်ပြီးချက်တယ်ဆိုတာက
စာရေးသူတို့ အားလုံးကို ဆွဲဆောင်နိုင်ခဲ့တာပါ။

စားကြည့်လိုက်တော့ အတောင့်လိုက်ချက်သလို အခွံတွေကို ကိုက်နေစရာမလိုဘဲ
အသားအနှစ်ချည်းပဲ စားရတာမို့ နှစ်သက်စရာဖြစ်ပေမဲ့ သုံးထားတဲ့ ဒန့်သလွန်သီးတွေက
ရင့်နေတာမို့ စားရတဲ့အရသာပါ ပျက်သွားပါတော့တယ်။

ဒီဟင်းလျာအတွက် ဒန့်သလွန်သီး ခပ်နုနုလေးတွေကိုသာ သေချာရွေးပြီး သုံးမယ်ဆိုရင်တော့
စားရတာ ခံတွင်းမြိန်စေမှာ သေချာပါတယ်။

ဆန်ကာဝိုင်းလေးထဲမှာပါတဲ့ ရှောက်ချဉ်သုပ်ကိုတော့ တော်တော်လေးကြိုက်ပါတယ်။

ရှောက်သီး အတွင်းသားအဖတ်လေးတွေပဲ သုတ်ထားတာမဟုတ်ဘဲ ရှောက်သီးနုနုကို
အခွံပါပါးပါးလှီးပြီး သုပ်ထားတာမို့ စားလိုက်တဲ့အခါ အခါးအရသာခပ်ပါးပါးလေးနဲ့ အချဉ်အရသာကို
တွဲဖက်ပြီးခံစားနိုင်ပါတယ်။

ပုံးရည်ကြီး ကိုလည်း အရသာတွေ့ပေမဲ့ ပန်ထွေဖျော်ကိုတော့ မြေပဲမှုန့်တွေထည့်ဖျော်ထားပြီး
အစပ်လည်းမကဲတာမို့ စာရေးသူတို့ သွားစားခဲ့တဲ့ သုံးယောက်စလုံး သဘာညီစွာနဲ့ မကြိုက်ကြပါဘူး။

ဆိုင်က၀န်ထမ်းတွေကတော့ ပြောစရာမရှိအောင် ဖော်ရွေပါတယ်။

စားရတာအစပ်မပါလို့ မျက်နှာရှုံ့နေတဲ့ စာရေးသူတို့ကို ဆိုင်ကဖော်ရွေတဲ့ ဦးလေးကြီးတစ်ဦးက
ဝယ်စားရတဲ့ ငါးပိချက်တစ်ခွက်နဲ့ ဆီးဖြူသီးကို အလကား ချကျွေးပါတယ်။

ငါးပိချက်ကြောင့် မျက်နှာတွေ ၀င်းလက်သွားကြတဲ့ စာရေးသူတို့ တစ်သိုက်ဟာ
တစ်အောင့်အကြာမှာတော့ ငါးပိချက်ထဲက ဆံပင်ချည်တစ်ပင်ကြောင့် မျက်နှာတွေမည်းပြီး
စားပြီးသားတွေ ပြန်ထွက်ချင်သလိုဖြစ်သွားကြပါတယ်။

ဆိုင်ဝန်ထမ်းတွေကို ပြတဲ့အခါ အားနာတဲ့ အမူအရာပြကြပေမဲ့ အဲဒီဟင်းခွက်ကိုတော့
ပြန်လဲပေးပါမယ်လို့ မပြောကြပါဘူး။

ဒါကတော့ အညာအထာမှာ နေ့လယ်စာစားခဲ့တဲ့ အတွေ့အကြုံပါ။

အညာထမင်းဝိုင်းပုံစံ တည်ခင်းတဲ့ 'အညာအထာ' မြန်မာ့စားစရာဆိုင်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)အညာထမင်းဝိုင်းပုံစံ တည်ခင်းတဲ့ 'အညာအထာ' မြန်မာ့စားစရာဆိုင်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ထမင်းစားပြီးကြတော့ စာရေးသူက နွားနို့နဲ့ ဖျော်ပေးတဲ့ ကော်ဖီ (တစ်ခွက် ကျပ် ၅၀၀)ကို
မှာသောက်ခဲ့ပြီး အတူပါတဲ့သူငယ်ချင်း နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဖျော်ရည်
အမည်တွေအများကြီးရတဲ့အထဲက မုန်လာဥပျားရည်ဖျော်ရည်ကို မှာသောက်ပါတယ်။

ကျန်တဲ့တစ်ယောက်ကတော့ စားပွဲပေါ်မှာတင်ပေးထားတဲ့ ဖန်ပုလင်းထဲက ထန်းလျက်ပဲစားမယ်ဆိုပြီး
ဘာမှထပ်မမှာတော့ပါဘူး။

ဒါပေမဲ့ သူမှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါဘူး။

ပုလင်းထဲက ထန်းလျက်ခဲတွေ အကုန်လုံးဟာ အကောင်းအတိုင်း တစ်ခုမှမရှိဘဲ တော်တော်လေးကို
ပျော့ပြဲနေတာကြောင့်ပါ။

အပူရှိန်ကြောင့်ပဲလားတော့ မသိပါဘူး။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စာရေးသူတို့တွေ ကော်ဖီသောက်၊ အအေးသောက်နေချိန်မှာတော့
သူကတော့ ဘာမှမစားမသောက်ရဘဲ ငုတ်တုတ် ထိုင်နေခဲ့ရပါတယ်။

နေ့လယ်ခင်းတွေမှာ ရေနွေးကြမ်းနဲ့တွဲဖက်ပြီး အဆာပြေအသုပ်လေးတွေ စားချင်တယ်ဆိုရင်လည်း
အသုပ်မျိုးစုံ ဒီဆိုင်မှာရပါတယ်။

စည်ဘီယာလည်းရပါတယ်။ တစ်ခွက်ကို ကျပ် ၈၀၀ ပါ။

ဒီဆိုင်လေးကို စာရေးသူရဲ့ မိတ်ဆွေတွေ တော်တော်များများကလည်း စိတ်ဝင်စားပြီး
သွားစားဖူးပြီးကြပါပြီ။

ဒီဆိုင်လေးအပေါ် သူတို့ရဲ့အမြင်ကတော့ အငြင်းပွားဖွယ်ပါပဲ။

တချို့ကျတော့ ဒီဆိုင်လေးကို ဈေးတန်တယ်၊ အညာစာတွေကို ကြိုက်တယ်လို့ဆိုကာ
သဘောကျကြပြီး တချို့ကတော့ တော်တော်လေးကောင်းမယ်လို့ မျှော်လင့်ထားပေမဲ့
တကယ်တမ်းစားကြည့်တဲ့အခါ ထင်သလောက် စိတ်တိုင်းမကျဘူး၊ အစပ်အဟပ်က
ထိထိမိမိမရှိဘူးလို့ ဆိုကြပါတယ်။

လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အလုံးစုံအကြိုက်တူဖို့ ဆိုတာ မဖြစ်နိုင်တာမို့ ဒါက
သဘာဝကျပါတယ်။

ဘယ်သူပြောတာမှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာကတော့ ကိုယ့်အကြိုက်ပေါ်မှာပဲ
မူတည်ပါတယ်။

ဒီတော့ ကိုယ်တိုင် သွားခံစားကြည့်ချင်တယ်ဆိုရင်တော့ အညာအထာရဲ့ လိပ်စာက
၃၇ လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်ပဲ ဖြစ်ပါတယ်။


မြန်မာတိုင်း(မ်)မှာ ဆောင်းပါးရေးသားမယ်လို့ ကြိုတင် ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ
သွားရောက်စားသုံး ခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို
မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။