အောင်မြင်တဲ့ အိမ်ထောင်ရေး ...

အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ စုံတွဲတစ်တွဲဟာ သိပ်မကြာခင်ကပဲ သူတို့ရဲ့ ၂၅ နှစ်မြောက်
မင်္ဂလာနှစ်ပတ်လည်ပွဲကို ကျင်းပဆင်နွှဲခဲ့ကြပါတယ်။

အိမ်ထောင်သက်တမ်းရှည်တစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမှ ကတောက်ကဆတ်
မဖြစ်ဖူးခဲ့တာကြောင့် သူတို့နေထိုင်ရာမြို့မှာ လူသိများသူတွေလည်း ဖြစ်ကြပါတယ်။

ဒါကြောင့်မို့ သတင်းအဖွဲ့တွေဟာ သူတို့နှစ်ဦးရဲ့ ပျော်ရွှင်ဖွယ် အိမ်ထောင်ရေး လျှို့ဝှက်ချက်ကို
သိရှိတင်ပြနိုင်ဖို့အတွက် အခမ်းအနားကို ရောက်ရှိလာခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက် - "ဆရာတို့ စုံတွဲကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒီလိုမျိုးနေနိုင်အောင်
ဘယ်လိုများ လုပ်ခဲ့ကြတာလဲ"

ခင်ပွန်းသည် - "ဟုတ်တယ်ဗျ .. ကိုယ်တို့ စုံတွဲက စပြီးလက်ထပ်ကတည်းက ပျော်ပျော်ရွှင်ရွှင်
နေခဲ့ကြတာ။ ဒီအတွက်လည်း ဟန်းနီးမွန်းခရီးကို ကျေးဇူးတင်ရမယ်"

ရုပ်သံသတင်းထောက် - "ဟုတ်လား.. ဆရာ.. ဒါဆိုရင် တခြားစုံတွဲတွေလည်း ဆရာတို့လို
ပျော်ရွှင်နိုင်အောင် ဝေမျှပြောပြပေးပါဦး"

ခင်ပွန်းသည် - "တောင်ပေါ်မြို့လေးကို သွားတာပေါ့။ အဲဒီမှာ ကိုယ်တို့တွေ မြင်းစီးထွက်ကြတယ်။
ကိုယ်စီးတဲ့မြင်းက တော်တော်လေးအဆင်ပြေတယ်။ ဒါပေမဲ့ ကိုယ့်မိန်းမစီးတဲ့ မြင်းကတော့
သိပ်ပြီးနိပ်တဲ့ပုံမပေါ်ဘူး။ စီးနေစဉ်တစ်လျှောက်လုံးမှာ ရုတ်တရက် ထထခုန်ပြီး သူ့ကျောပေါ်က
ကိုယ့်ရဲ့ မိန်းမကို ခါချပစ်ဖို့ ကြိုးစားတော့တာပဲ။ မိန်းမဟာ မြင်းပေါ်ကနေ ပြုတ်ကျသွားတယ်။
သူလည်း ပြန်ထပြီး သူ့ကိုယ်အနေထားကို ပြန်ပြင်ပြီးတဲ့နောက် မြင်းကျောကိုပုတ်ပြီး
'ဒါ.. ပထမအကြိမ်နော်'လို့ ပြောလိုက်တယ်။

"နောက်တော့ မြင်းပေါ်ကို ပြန်တက်ပြီး မြင်းကိုဆက်စီးတယ်။ ခဏကြာတော့ စောစောကလို
ထပ်ဖြစ်ပြန်ရော။ ဒီတစ်ကြိမ်မှာတော့ မိန်းမဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ 'ဒုတိယအကြိမ် ရှိပြီနော်'လို့
ပြောလိုက်ပြန်တယ်။

"သုံးကြိမ်မြောက် ခါချခံရတဲ့ အခါမှာတော့ မိန်းမဟာ အိတ်ထဲကနေ ခြောက်လုံးပြူးသေနတ်ကို
ဆွဲထုတ်လိုက်ပြီး မြင်းကို ပစ်သတ်လိုက်တော့တာပဲ။ အဲဒါနဲ့ ကိုယ်လည်း 'ဘယ်လို
လုပ်လိုက်တာလဲကွ.. အရူးရဲ့။ သနားစရာကောင်းတဲ့ တိရစ္ဆာန်တစ်ကောင်ကို မင်းသတ်လိုက်တာပဲ။
မင်းရူးနေသလား'ဆိုပြီး မိန်းမကို အော်တော့တာပေါ့။ မိန်းမက ကိုယ့်ကိုတစ်ချက်ကြည့်လိုက်ပြီး
'ဒါ.. ပထမအကြိမ်နော်' လို့ ပြောတယ်။

"ဒါပါပဲကွာ .. ကိုယ်တို့ဟာ ဘယ်တော့မှ ရန်ဖြစ်တယ်ဆိုတာ ရှိကိုမရှိတော့ဘူး"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။