အလင်းဆိုင် ဂယ်လာရီကဖေး

လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

လွန်ခဲ့တဲ့နှစ်လလောက်ကမှ ဖွင့်လှစ်လိုက်တဲ့ 'အလင်းဆိုင်' ဂယ်လာရီကဖေးက ဆိုင်သက်တမ်း
ဘာမှ မရှိသေးပေမဲ့ ပန်းချီ၊ စာပေနဲ့ ဂီတအသိုင်းအ၀ိုင်းက အနုပညာရှင်တွေကြားမှာတော့
တော်တော်လေး ရေပန်းစားနေပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဆိုင်ပုံတွေ တက်လာတော့လည်း ဆိုင်အပြင်အဆင်၊ အခင်းအကျင်းက
ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့အပြင် သူ့ဆိုင်နာမည်အတိုင်း ပန်းချီကားတွေနဲ့
အလှဆင်ထားတာကလည်း စာရေးသူကို အဲဒီဆိုင် သွားကိုသွားဖြစ်အောင်
ဆွဲဆောင်လိုက်နိုင်တာပါပဲ။

စာရေးသူက ပန်းချီကိုချစ်သလို ကိုယ်တိုင်လည်း ပန်းချီကားတွေ ဖန်တီးရတာကို နှစ်သက်သူပါ။

ဒါကြောင့်လည်း မြောက်ဒဂုံမှာ ဖွင့်ထားတဲ့ 'အလင်းဆိုင်'ကို မြို့ထဲကနေ ဝေးလွန်းလှပေမဲ့ ပြီးခဲ့တဲ့
ရုံးပိတ်ရက်မှာ တကူးတကကို သွားဖြစ်ခဲ့ပါတယ်။

သွားချင်တဲ့ ဆိုင်ကလေးကို ပြည်ထောင်စုလမ်းမကြီးပေါ် ၇/၈ လမ်းဆုံနားကို ရောက်ရင်ပဲ
လှမ်းတွေ့လိုက်ရပါတယ်။

ဆိုင်ဝမှာ ထူးအိမ်သင်ရဲ့ ပုံတူပန်းချီကားတစ်ချပ်ကို ပန်းချီဆွဲတဲ့ ဒေါက်တိုင်နဲ့ ထောင်ထားတာကို
တွေ့ လိုက်ရပြီး ပန်းချီကားပေါ်မှာလည်း 'မျက်ဝန်းများနဲ့ ပြောပါ၊ ဒါအလှဆုံးစကားထက် ပိုပြီးလှမယ်၊
နှစ်ယောက်တည်း သိတဲ့ အပြာရောင်ဘာသာစကား' ဆိုတဲ့ ထူးအိမ်သင်ရဲ့ သီချင်းစာသားတွေကို
ရေးသားထားပါတယ်။

အဲဒီပန်းချီ ဒေါက်တိုင်ရဲ့အောက်မှာတော့ 'အလင်းဆိုင်အနုပညာရပ်ဝန်း အရက်သေစာ
ကင်းစင်နယ်မြေ၊၊ ၀ိုင်လောက်တော့ ရပါ၏' ဆိုတဲ့ ဆိုင်းဘုတ်လေးကိုလည်း တွေ့ရပါတယ်။

ဒီဆိုင်းဘုတ်က နေညိုညိုမှာ ဘီယာလေးတစ်ခွက် လောက်နဲ့ အနားယူမှဆိုတဲ့ သူတွေအတွက်တော့
စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ စာရေးသူကိုရော အဖော်ပါလာတဲ့ မိခင်ကိုပါ နည်းနည်းလေးမှ
စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။

ဆိုင်ထဲဝင်သွားတဲ့အခါ ပန်းချီဆရာများစွာရဲ့ အနုပညာလက်ရာ ပန်းချီကား သေးသေးကြီးကြီး
ဆိုက်စုံတွေကို ချိတ်ဆွဲထားတာတွေ့ရသလို ကဗျာတွေကိုလည်း ဟိုတစ်စဒီတစ်စ နေရာတိုင်းမှာ
တွေ့ရတာမို့ အမျိုးမျိုးသော အနုပညာရသတွေက ကိုယ့်ကို နွေးနွေးထွေးထွေး ဆီးကြိုနေသလို
ခံစားမှုမျိုးပေးတာမို့ တကယ့်ကို သက်သောင့်သက်သာ ရှိလှပါတယ်။

ထိုင်စရာခုံတွေကိုလည်း ကိန်းကြီးခန်းကြီးပုံစံမျိုး ပြင်ဆင်မထားဘဲ သစ်သားရောင်အတိုင်း
သစ်သားခုံတွေကို ခင်းကျင်းထားတာကလည်း လွတ်လပ်မှုကို ခံစားရပြီး သဘာဝဆန်တယ်လို့လည်း
ခံစားရစေပါတယ်။

ဒါတွေအပြင် ဆိုင်ထဲက နေရာတိုင်းမှာရှိနေတဲ့ ချစ်စရာပစ္စည်း သေးသေးလေးတွေကလည်း
(ဆိုင်းဝိုင်းသေးသေးလေးတွေ၊ ပတ္တလားသေးသေးလေးတွေ၊ မီးအိမ်လေးတွေ၊ နာရီလေးတွေ၊
ပန်းပုရုပ်သေးသေးလတ်လတ်လေးတွေ) ဆိုင်လေးကို ပိုပြီးအသက်ဝင် ပြည့်စုံစေပါတယ်။

ဆိုင်ထဲမှာရှိနေတဲ့ ရှေးဟောင်းမှန်တင်ခုံလေး၊ မှန်တင်ခုံပေါ်က သနပ်ခါးပါးကွက်ကျား၊ ဆံရစ်ဝိုင်းနဲ့
ကောင်မလေး ပန်းချီကား၊ ထန်းခေါက်ဖာ၊ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး၊ မြန်မာထန်းလက်ငါးရုပ်ကလေး၊
ဘူးသီးခြောက်၊ စက္ကူ နွားရုပ်ကလေးတွေနဲ့ ပစ်တိုင်းထောင်သေးသေးလေးတွေကလည်း
ချစ်စရာကောင်းလှတာမို့ မြန်မာဆန်တဲ့အငွေ့ အသက်လေးတချို့ကို ရင်ထဲရောက်လာစေပါတယ်။

အုတ်ကွက်နီနီဒီဇိုင်းကို ဓနိမိုးထားကာ သစ်သီးတွေ၊ ဘူးသီးခြောက်တွေ၊ ကော်ဖီဆိုင်းဘုတ်လေးတွေ၊
ပန်းပုရုပ်တွေနဲ့ အလှဆင်ထားတဲ့ ကော်ဖီနဲ့ သစ်သီးအဖျော်ယမကာတွေ ပြင်ဆင်တဲ့
နေရာလေးကလည်း ချစ်စရာကောင်းပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော ထူးအိမ်သင်ရဲ့ ပုံတူပန်းချီကားတွေ၊ ခေါင်မိုးကနေ
တွဲလောင်းချထားတဲ့ ဓာတ်ပြားချပ်အ၀ိုင်းကြီးတွေနဲ့ စနေနေ့ညနေတိုင်းမှာ သက်ဝင်လှုပ်ရှားမှု
ရှိနေတယ်ဆိုတဲ့ တီးဝိုင်းလေးပါပဲ။

စနေနေ့တိုင်း JTS Band ရဲ့ ဖျော်ဖြေမှုရှိပြီး တစ်ခါတလေလည်း နာမည်ကြီးအနုပညာရှင်တွေက
ဒီဆိုင်လေးကို လာရင်းနဲ့လည်း အဆိုအတီးလေးတွေကို ဖန်တီးတတ်တယ်လို့ ဒီဆိုင်လေးရဲ့ ပိုင်ရှင်
မအိက ပြောပါတယ်။

လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ဆိုင်အပြင်အဆင်က အနုပညာရှင်တွေအကြိုက် စိတ်ဝင်စားစရာကောင်းသလို
မြန်မာအစားအသောက်တွေကလည်း အရသာကောင်းပါတယ်။

မှာစားခဲ့တဲ့ တစ်ပွဲ ကျပ် ၃,၅၀၀ ဆိုတဲ့ ဆိတ်သားထောင်းက တော်တော်လေး စားကောင်းပြီး
ထည့်ပေးတာကလည်း များပါတယ်။

ဆိတ်သားခြောက်ကြော်၊ ဆိတ်သားခြောက် မီးကင်ဆီဆမ်းတွေကတော့ တစ်ပွဲကို ကျပ် ၃,၀၀၀ ပါ။

ငါးရံ့ခြောက်မီးကင်ဆီဆမ်းနဲ့ ပုစွန်ကြော်ကတော့ ကျပ် ၂,၀၀၀ ပါ။

တခြားအမည်(အမယ်)တွေဖြစ်တဲ့ မြန်မာဘူးသီးကြော်၊ ကြက်သွန်ကြော်၊ တိုဟူးကြော်၊
ခရမ်းသီးကြော်၊ အာလူးချောင်းကြော်၊ အာလူးပြားကြော်နဲ့ ဆီထမင်း၊ ငါးရံ့ ခြောက်တွေကတော့
တစ်ပွဲမှ ကျပ် ၁,၅၀၀ ပါပဲ။

တစ်ပွဲဆို တော်တော်လည်းများတဲ့အပြင် စားရတာလည်း အချဉ်လေးရော အစပ်အဟပ်တည့်လှတာမို့
မြန်မာအစားအစာကြိုက်သူတွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။

ထမင်းဟင်းစားချင်သူတွေအတွက်လည်း ထမင်း၊ ဟင်းလည်း ရနိုင်ပါတယ်။

ကြက်ခွေးတောက်ဟင်းချို၊ ကြက်တောင်ပံကြော်၊ ကြက်ပေါင်ကြော်တို့ရသလို ဈေးနှုန်းကတော့
ကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ ၀န်းကျင်ပါ။

ကြက်ကောင်လုံးကြော်ကတော့ ကျပ် ၁၄,၀၀၀ ၀န်းကျင်ပါ။

အာလူးထောင်း (ကျပ် ၂,၀၀၀)လည်းရပြီး ပုစွန်မီးဖုတ်သုပ်၊ ပုစွန်ခြောက်သုပ်၊ ပြည်ကြီးငါးသုပ်၊
ငါးကျည်းခြောက်သုပ်၊ ကြက်သားသုပ်၊ ငါးသေတ္တာသုပ်၊ ရှောက်သီးသုပ်၊ ကြောင်လျှာသီးသုပ် စသဖြင့်
အသုပ်မျိုးစုံ ၁၆ မျိုးလောက် ရပါတယ်။

ဈေးနှုန်းတွေကတော့ အမည်ပေါ်မူတည်ပြီး ကျပ် ၁,၀၀၀ ကနေ ၃,၀၀၀ ၀န်းကျင်လောက် ရှိပါတယ်။

သစ်သီးဖျော်ရည်တွေကတော့ သင်္ဘောသီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊
ပန်းသီး၊ စပျစ်သီး စတဲ့ဖျော်ရည်မျိုးစုံရပြီး သစ်သီးအမျိုးအစားအလိုက် ကျပ် ၁,၀၀၀ ကနေ
၂,၀၀၀ လောက် ရှိပါတယ်။

ပေါ့ပေါ့ပါးပါး စားချင်သူတွေအတွက်တော့ ဆန်းဝှစ်ခ်ျတွေနဲ့ ပေါင်မုန့်ကြက်ဥကြော်၊ ပေါင်မုန့်ယိုသုပ်၊
ပေါင်မုန့် ထောပတ်သုပ်တွေ ရပါတယ်။

ဈေးနှုန်းကတော့ ကျပ် ၁,၅၀၀ နဲ့ ၂,၀၀၀ ၀န်းကျင်ပါ။

ကော်ဖီကတော့ သိပ်ထူးထူး ခြားခြားတွေ မရပေမဲ့ Town Hazelnut, Town Classic
ကော်ဖီတွေတော့ (ကျပ် ၁,၅၀၀) ရှိပါတယ်။

အလင်းသစ်ကော်ဖီကတော့ တစ်ခွက်ကို ကျပ် ၅၀၀ ပါ။

တစ်ဆိုင်လုံးက အစားအသောက်တွေကိုတော့ မမြည်းကြည့်နိုင်ခဲ့ပေမဲ့ မြည်းခဲ့ရတဲ့
အလင်းဆိုင်ကော်ဖီ၊ ဆိတ်သားထောင်းနဲ့ မြန်မာအကြော်စုံကတော့ စာရေးသူကို ကျေနပ်စေပါတယ်။

ဒီဆိုင်က ဂယ်လာရီကဖေးဖြစ်တဲ့အတွက် ပန်းချီကားတွေလည်း ရောင်းတာမို့ ဆိုင်ထဲမှာ ချိတ်ထားတဲ့
ပန်းချီကားတွေထဲက ကိုယ်ကြိုက်တဲ့ ကားတွေကို ၀ယ်ယူချင်တယ်ဆိုရင်လည်း ၀ယ်ယူစုဆောင်းလို့
ရပါတယ်။

အနုပညာချစ်မြတ်နိုးသူတိုင်းလည်း ဒီဆိုင်လေးကို သဘောတွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အလင်းဆိုင် ဂယ်လာရီကဖေး
အမှတ် ၁၀၅၁၊ ပြည်ထောင်စုလမ်း၊ ၃၈ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။