ပင်လယ်စာတွေ ရနိုင်တဲ့ ကိုတံငါဆိုင်လေး

ကိုတံငါဆိုင်မှ ဟင်းလျာများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)ကိုတံငါဆိုင်မှ ဟင်းလျာများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)

ရခိုင်စာဆိုရင် ရခိုင်မုန့်တီနဲ့ ပင်လယ်စာအသုပ် ခပ်စပ်စပ်လေးတွေကို နေ့လယ်နေ့ခင်း
လမ်းဘေးပလက်ဖောင်းပေါ်က ဈေးဆိုင်လေးတွေမှာ လူတော်တော်များများ ထိုင်စားဖူးကြမှာပါ။

ဥတုရာသီ သုံးပါးတိုင်း ပူအိုက်စပ်လောင်တတ်တဲ့ ရန်ကုန်မြို့ကြီးက လမ်းဘေးဆိုင်လေးတွေမှာ
လေအေးပေးစက် မတပ်ထားပေမဲ့ ရခိုင်စာဆိုတာနဲ့ ကြိုက်လွန်းတာမို့ စာရေးသူကတော့ အပူလည်း
ဂရုမစိုက်ဘဲ ထိုင်စားလေ့ရှိပါတယ်။

အခုလည်း ရုံးသွားရုံးပြန် ဖြတ်သွားနေကျ လမ်း တစ်နေရာမှာ ရခိုင်ဆိုင်လေးတစ်ဆိုင်
တွေ့ထားပြန်ပါတယ်။

ဖွင့်ထားတာ ရက်ပိုင်းလောက်ပဲ ရှိသေးပေမဲ့ ဖြတ်သွားလို့ကြည့်လိုက်ရင် လူပြည့်နေတာချည်းပါပဲ။

ဒါနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုံးအပြန် ည ၈ နာရီလောက်မှာ ၀င်ဖြစ်ခဲ့တယ်ဆိုပါတော့။

ဆိုင်နာမည်လေးကတော့ 'ကိုတံငါရခိုင်မုန့်တီနဲ့ ပင်လယ်စာ' ဆိုင်တဲ့။

ဈေးအရမ်းဝယ်လို့ကောင်းတဲ့ သာကေတ ၁ ရပ်ကွက် ဈေးအနီးက၊ အမှတ် ၁၄/၁၅၊
မင်းနန္ဒာလမ်းမဘေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဒီရခိုင်ဆိုင်ကတော့
လေအေးပေးစက်တွေနဲ့ သပ်သပ်ရပ်ရပ် ဖွင့်လှစ်ထားတဲ့ နှစ်ထပ်တိုက် ဆိုင်ခန်းလေးပါ။

ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင်တော့ သူ့ဆိုင်ရှေ့မှာ ကားလေး၊ ငါးစီးလောက်ရပ်ဖို့ နေရာရှိပါတယ်။

ဆိုင်အပြင်အဆင်လေးက သပ်သပ်ရပ်ရပ်ရှိပြီး ငါးပိုက်ကွန်လေးတွေ၊ ပင်လယ်သတ္တ၀ါ
အရုပ်လေးတွေနဲ့ အလှဆင်ထားတာကြောင့် ချစ်စရာကောင်းနေပါတယ်။

စားသုံးသူတွေက အောက်ထပ်က စားပွဲတွေမှာ အပြည့်ပါပဲ။

စာရေးသူတို့ သွားစားတုန်းကတော့ ဆိုင်ဖွင့်တာ ရက်ပိုင်းပဲရှိသေးတာမို့ ဆိုင်ရဲ့အပေါ်ထပ်ကိုတော့
ပြင်ဆင်နေဆဲပါပဲ။

ဒါတောင် အောက်ထပ်မှာ အနည်းဆုံး လူနှစ်ယောက်ကနေ လေးယောက်အထိ ထိုင်လို့ရတဲ့
စားပွဲခုံတစ်ဒါဇင် ကျော်လောက်ရှိတာကို တွေ့ရပါတယ်။

ဆိုင်ထဲဝင်ကတည်းက စားသုံးသူတွေ ပြည့်နေတာရယ်၊ သူတို့စားပွဲတွေထက်က
အငွေ့တထောင်းထောင်းထနေတဲ့ ပင်လယ်စာဟင်းရည်ပွဲတွေကို တွေ့ရတာကြောင့်
တစ်ချက်မဆိုင်းဘဲ မီနူးကို ဖွင့်ကြည့်လိုက်မိပါတယ်။

ပင်လယ်စာဆိုင်ဆိုတဲ့အတိုင်း မီနူးထဲမှာ ပင်လယ်စာနဲ့ ပတ်သက်လို့ တော်တော်လေးအမယ်
(အမည်)စုံတာကို တွေ့ရပါတယ်။

မီနူးကလည်း စနစ်တကျရှိပါတယ်။

အရင်ဆုံး အဆာပြေ၊ မုန့်တီ၊ အသီးအရွက်၊ ငါး၊ ပုစွန်၊ ကဏန်း၊ ရေဘ၀ဲ၊ ရေခူ၊ ပြည်ကြီးငါး၊ ကင်းမွန်၊
ခုံးယောက်မ၊ ခရု၊ အရည်သောက်၊ အချိုပွဲနဲ့ သောက်စရာဆိုပြီး အဆင့်ဆင့်ခွဲခြားထားတာကြောင့်
ကိုယ်စားချင်တဲ့ ခေါင်းစဉ်အောက်က ရနိုင်မယ့် ဟင်းအမယ်(အမည်)ကို အဆင့်သင့်ရွေးရုံပါပဲ။

မုန့်တီခေါင်းစဉ်အောက်မှာဆိုရင် မုန့်တီသုပ်၊ ဘူးသီးကြော်အပြင် ထမင်းသုပ်တို့စတာတွေက
လမ်းဘေးဆိုင်လေးတွေကဈေးနှုန်းနဲ့ မတိမ်းမယိမ်းပါပဲ။

အကြော်၊ အလှော်၊ အချက်၊ အကင်၊ အပေါင်း၊ အသုပ်တွေကို ဟင်းအမည်တစ်ခုစီအောက်မှာ
မှာယူစားသုံးနိုင်ပြီး ဈေးနှုန်းတွေကိုလည်း ထည့်ပေးထားပါတယ်။

တချို့ပင်လယ်စာဟင်းပွဲတွေဆိုရင်တော့ ဘာတွေ ပါဝင်တယ်ဆိုတာကို စားသုံးသူတွေနဲ့
မေးမြန်းဖို့သင့်တယ်လို့ အကြံပေးပါရစေ။

တစ်ခုရှိတာက ကြက်သား၊ ၀က်သား (၀က်ဆီဖတ်ကြော် ကလွဲလို့)၊ အမဲသားတွေကိုတော့
မတွေ့မိပါဘူး။

ဟင်းပွဲတွေရဲ့ ဈေးနှုန်းကလည်း အနည်းဆုံး ကျပ် ၅၀၀ ကနေ အများဆုံး ၅,၅၀၀ အထိရှိပါတယ်။

စာရေးသူတို့ ရွေးချယ်ခဲ့တာကတော့ ဆိုင်ရဲ့အဓိကဟင်းလျာလို့ခေါ်နိုင်တဲ့ ကိုတံငါဟင်းပါပဲ။

ကျပ် ၅,၅၀၀ ဆိုတော့ ဆိုင်က ဈေးအကြီးဆုံးဟင်းပွဲဆိုပေမဲ့ ပါဝင်တဲ့အမည်တွေကတော့ စုံလို့ပါပဲ။

ကဏန်း၊ ခရု၊ ခုံး၊ ရေဘ၀ဲ၊ ငါး၊ ပုစွန်တို့ကို ငရုတ်သီးစိမ်း၊ တခြားဟင်းခတ်အမွှေးအကြိုင်တို့နဲ့
ရောချက်ထားပြီး ဟင်းရည်လေးနဲ့ တွဲပြီးစားရတာပါ။

ငါးသံပရာပေါင်း စားသလိုပါပဲ။

ပင်လယ်စာတွေကို ကြွေပန်းကန် လှလှလေးပေါ်မှာ ထည့်ပေးထားပြီး အောက်က
မီးအပူပေးထားပါတယ်။

အဲဒါကို စားတဲ့သူတွေက တွဲစပ်ချပေးတဲ့ ဟင်းရည်ကို ပင်လယ်စာတွေထဲ နည်းနည်းစီလောင်းထည့်ပြီး
စားရတာပါ။

ခပ်ပေါ့ပေါ့အရသာရှိတဲ့ ဟင်းရည်ကတော့ ငါးသံပရာပေါင်းဟင်းရည်လောက် သောက်မကောင်းပေမဲ့
ပင်လယ်စာအစုံကို မြည်းစမ်းချင်တဲ့သူတွေအတွက်တော့ အဆင်ပြေလှပါတယ်။

ဆိုင်ထဲက စားသုံးသူအများစုက ဒီဟင်းပွဲကိုမှာကြသလို တချို့တွေက ဒီတိုင်း ပင်လယ်စာအသုပ်တွေနဲ့
တွဲစားပေမဲ့ စာရေးသူတို့ကတော့ ထမင်းနဲ့ တွဲစားခဲ့ပါတယ်။

စာရေးသူ အကြိုက်တွေ့ခဲ့တာတော့ ကျပ် ၄,၀၀၀ တန်တဲ့ ကဏန်းပျော့ချက်ပါ။

ဒီဟင်းက စာရေးသူလို ကဏန်းကို လူလယ်ကောင်မှာ ကိုင်တွယ်စားရမှာ ကြောက်တဲ့သူတွေအတွက်
အရမ်းအဆင်ပြေပါတယ်။

ဒီဆိုင်မှာ အသုပ်နဲ့ ဟင်းရည်အချို့ကိုတော့ ရခိုင်စတိုင်နဲ့တွေ့ရပေမဲ့ ဒီလိုမျိုး ချက်ပြုတ်ထားတာနဲ့
ပေါင်းထားတဲ့ ဟင်းအမည်တွေကိုတော့ ထိုင်းစတိုင်၊ တရုတ်စတိုင်လိုလို အရသာမျိုးပါပဲ။

ကဏန်းပျော့ချက်ကလည်း ထိုင်းပုံစံမျိုးချက်ထားတာပါ။

စားလို့သင့်တော်တဲ့ ချဉ်ငံအရသာလေးနဲ့ အစပ်လည်းပေါ့ပါတယ်။

စာရေးသူကတော့ နောက်တစ်ခေါက် သွားစားရင် ဒီကဏန်းပျော့ချက်ကိုပဲ ရွေးဖြစ်မှာပါ။

နောက်ထပ်စားဖြစ်တဲ့ ဟင်းပွဲကတော့ ကကတစ်ငါးပေါင်းပါပဲ။

ဒီမှာ တစ်ခု စောဒကတက်ချင်တာက ငါးအမည်အောက်မှာ ကကတစ်နဲ့ ငါးမုတ်နှစ်မျိုးတည်း
ရတာကိုပါ။

စာရေးသူတို့ စားခဲ့တဲ့ ကကတစ်ငါးပေါင်းက အချိုပေါင်းထားတယ်ဆိုပေမဲ့ ငါးသလောက်ပေါင်းလို
အရိုးတွေ တစ်ခါတည်း ၀ါးစားလို့မရပါဘူး။

ဒါပေမဲ့ ငါးအသားက နူးအိနေပြီး ငါးပေါင်းအရည်ကလည်း ချိုအီနေတာကြောင့် များများစားရင်တော့
အီလည်လည်ဖြစ်စေပါတယ်။

အဲဒီအတွက်တော့ မပူပါနဲ့။

ခပ်စပ်စပ်အရသာရှိတဲ့ ကျားပုစွန်သုပ်က အီနေတာတွေကို တစ်ခါတည်း ယူပစ်လိုက်သလိုပါပဲ။

ကျပ် ၅,၀၀၀ တန် ကျားပုစွန်သုပ်က ရခိုင်စတိုင်ဆီနည်းနည်း အစပ်များများနဲ့ သုပ်ထားတာပါ။

အစပ်မစားနိုင်သူတွေတော့ ဒီဟင်းပွဲကို မှာမယ်ဆိုရင် အစပ်လျှော့ခိုင်းပေါ့။

စာရေးသူတို့ကတော့ အီလာရင် ပုစွန်သုပ်စားလိုက်၊ စပ်လာရင် ငါးပေါင်းစားလိုက်နဲ့ တကယ့်ကို
ဗျာများခဲ့တာပါ။

ကိုတံငါဆိုင်မှာ ငါးအမည်နည်းပေမဲ့ ပုစွန်ကတော့ ရွေးချယ်စရာတော်တော်များပါတယ်။

ရေချိုပုစွန်၊ ကျားပုစွန်၊ ကင်းပုစွန်နဲ့ နောက် ပုစွန်ထုပ်ကြီးတွေလည်း ရပါတယ်။

ဟင်းပွဲတွေက အချို၊ အငံ၊ အစပ်၊ အချဉ်စုံလင်ခဲ့တာကြောင့် ငှက်ပျောပေါင်းလေးစားဖို့
အချိုပွဲဘက်တောင် မလှည့်ဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ ကော်ဖီကြိုက်တဲ့စာရေးသူ အဖို့တော့ ကော်ဖီနှပ်ဖျော်လေးတစ်ခွက် ဆွဲခဲ့ပါသေးတယ်။

တစ်ခွက်မှ ကျပ် ၅၀၀ တည်းပါပဲ။

ဆိုင်ကို လာကြသူတွေထဲမှာ ပင်လယ်စာ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး အစာတွေဖြစ်တဲ့ မုန့်တီ၊ မုန့်တီသုပ်၊
နောက် ဘူးသီးကြော်တို့ကို မှာစားကြသူတွေကိုလည်း တွေ့ရပါတယ်။

ထမင်းသုပ်ကိုလည်း ကြက်ဥကြော်လေးအုပ်လို့ စားသုံးကြပါတယ်။

ထမင်းသုပ်နဲ့ မုန့်တီစားလို့ကတော့ ကျပ် ၁,၅၀၀ အပြင် ပိုမကုန်ပါဘူး။

ဘာလို့လဲဆိုတော့ ထမင်းသုပ်က ကျပ် ၆၀၀ နဲ့ မုန့်တီက ကျပ် ၅၀၀ တည်းမို့လို့ပါ။

အစားပိုင်းပြီးရင် အသောက်ပိုင်းကို ပြောပါမယ်။

ဒီကိုတံငါဆိုင်မှာ ကော်ဖီ၊ အအေးစုံနဲ့ ရာသီပေါ်အသီး ဖျော်ရည်တွေပဲ ရပါတယ်။

ဘီယာတို့၊ အရက်တို့ကိုတော့ ဆိုင်ရဲ့မီနူးထဲမှာ မရပါဘူး။

ဒါပေမဲ့ စာရေးသူတို့ဘေးဝိုင်းက စားသုံးသူ ဦးလေးတစ်ယောက်ကတော့ Grand တစ်ပုလင်း
ထောင်ထားတာ တွေ့ရပါတယ်။

ဝန်ထမ်းတွေရဲ့ ၀န်ဆောင်မှုက ကောင်းမွန်ပေမဲ့ အစားအသောက်မှာယူရင်တော့ အချိန်အနည်းငယ်
ကြာတာကိုတော့ သတိထားမိခဲ့ပါတယ်။

ဆိုင်ပိုင်ရှင်နဲ့ စကားပြောဖြစ်တော့ ဒီဆိုင်က သူ့ရဲ့ ငါးဆိုင်မြောက် စားသောက်ဆိုင်လို့ ဆိုပါတယ်။

တခြားဆိုင်တွေက ထိုင်းနဲ့ ဥရောပအစားအစာဆိုင်တွေဖြစ်ပြီး တစ်ခါမှမရောင်းဖူးတဲ့ ရခိုင်ဆိုင်ကို
ဖွင့်ဖြစ်တာလို့ သူက ဆိုပါတယ်။

ဆိုင်လေးကို မနက် ၁၁ နာရီကနေ ည ၉ နာရီအထိ နေ့စဉ်ဖွင့်လှစ်ထားတာမို့လို့ ပင်လယ်စာ
ကောင်းကောင်းလေးတွေ သုံးဆောင်ချင်သူတွေကို သတင်းကောင်းပါးပါရစေ။

ဒီဆိုင်ကိုသွားမယ်ဆိုရင်တော့ မြို့ထဲကလာတဲ့ သူတွေအနေနဲ့ မင်းနန္ဒာလမ်းမအတိုင်း လာရမှာပါ။

ဆိုင်က Capital Hyper Market နားမရောက်ခင်မှာ ရှိပါတယ်။

ဒါမှမဟုတ် သုဝဏ္ဏ၊ တာမွေဘက်က လာမယ်ဆိုရင်တော့ Capital ကို ဖြတ်မောင်းလာပြီး
၁ ရပ်ကွက်ဈေးကျော်ကျော်လေးမှာ တည်ရှိပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။