တစ်မိသားစုလုံး စိတ်တိုင်းကျခဲ့တဲ့ ကိုရီးယားဆိုင်

စာရေးသူ အကြိုက်တွေ့ခဲ့တဲ့ သံပူပြား ဘူဂိုဂီ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)စာရေးသူ အကြိုက်တွေ့ခဲ့တဲ့ သံပူပြား ဘူဂိုဂီ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ကိုရီးယားယဉ်ကျေးမှုက မြန်မာပြည်မှာ ဘယ်လောက် အတိုင်းအတာအထိ စိမ့်ဝင်လွှမ်းမိုးနေသလဲလို့
မေးမယ်ဆိုရင် အိမ်တိုင်းလိုလိုမှာ ညတိုင်း ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ကြသလို လူငယ်တွေ
ကိုယ်ပေါ်က ကိုရီးယားဖက်ရှင်တွေ၊ ကလေးတွေကြိုက်ကြတဲ့ ကိုရီးယားအသုံး အဆောင်တွေအပြင်
ကိုရီးယားစားသောက်ဆိုင်တွေကိုလည်း ဈေးကြီးကြီးဆိုင်တွေရော၊ ဈေးပေါပေါဆိုင်တွေပါ
နေရာတော်တော်များများမှာ တွေ့လာရတာပါပဲ။

ဒါပေမဲ့လည်း အစားအသောက်နဲ့ ပတ်သက်လို့ ကိုယ့်အတွေ့အကြုံကို ပြောရမယ်ဆိုရင်
ကိုရီးယားစားသောက် ဆိုင်တွေသွားလိုက်ရင် အမြင်အရသာကသာ စားချင်စရာ ဖြစ်နေပေမဲ့
တကယ်စားကြည့်တဲ့အခါ မြန်မာပါးစပ်နဲ့ အရသာမတွေ့တာက များပါတယ်။

ဒါကြောင့် ကိုရီးယားအစားအစာဆို သိပ်မစားဖြစ်တာ များပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့
မိသားစုဆွေမျိုးတွေစုပြီး အပြင်ထွက်စားကြဖို့ ပြင်ကြတာတဲ့အခါ အများစုက မဲပေးကြတာက
ကိုရီးယားစာ ဖြစ်နေပါတယ်။

ဒီတော့ ဆိုင်ကောင်းကောင်းကို ရွေးချယ်ဖို့က စာရေးသူ တာဝန်ကျလာ တာနဲ့အမျှ ကိုရီးယား
အစာအစာဆိုင်ကောင်းကောင်းကို အွန်းလိုင်းကနေ ရှာဖွေရင်းနဲ့ လှည်းတန်းစင်တာမှာရှိတဲ့
Summit ကိုရီးယားစားသောက်ဆိုင်ကို သွားတွေ့ပါတယ်။

သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားတဲ့ စားစရာတွေကလည်း အမြင်မှာတော့
စားချင်စရာကောင်းသလို ဟင်းပွဲနဲ့တွဲတင်ထားတဲ့ ဈေးနှုန်းတွေကလည်း ကျပ် သုံးထောင်၊ လေးထောင်၊
ငါးထောင်ဝန်းကျင်ဆိုတော့ မဆိုးဘူးလို့ အမှတ်ပေးလိုက်မိပါတယ်။

နေရာကလည်း စာရေးသူတို့နေတဲ့ မြေနီကုန်း၊ စမ်းချောင်းကနေဆိုရင် သွားရတာကလည်း
လမ်းကြောသင့်တာမို့ သွားဖို့မဲက တင်းပြည့်ကျပ်ပြည့် ဖြစ်သွားပါတော့တယ်။

ဆိုင်က လှည်းတန်းစင်တာ ဒုတိယထပ်မှာ ရှိတာပါ။ ဆိုင်နေရာက သိပ်အကျယ်ကြီးမဟုတ်ပေမဲ့
ပုံမှန်စားပွဲ အမြင့်နဲ့ ထိုင်ခုံတွေခင်းထားတာကတစ်ခြမ်း၊ ထိုင်ပြီးစားရတဲ့ ကိုရီးယားစတိုင်စားပွဲခုံတွေနဲ့
ထိုင်ဖို့အတွက် ထိုင်ခုံလေးထောင့်လေးတွေ ချပေးထားတဲ့ အခြမ်းဆိုပြီး ခွဲထားပါတယ်။

မြင်ရသလောက် ဧည့်သည်အများစုက ခုံအမြင့်မှာထက် စားပွဲခုံအပုတွေမှာပဲ ထိုင်ချင်ကြပါတယ်။

ကိုယ်တွေလည်း ကိုရီးယားဆန်ဆန်ထိုင်ချင်လို့ ခုံအပုတွေကိုပဲ ရွေးထိုင်ခဲ့ကြပါတယ်။

ဆိုင်မှာ လူတွေကလည်း စားပွဲ အပြည့်နီးပါးပါပဲ။ လာစားကြတဲ့သူတွေကတော့ ထုံးစံအတိုင်း
ကိုရီးယားကား အကြည့်များတဲ့ ကောင်မလေးတွေနဲ့ အမျိုးသမီးတွေ ပိုများတာကိုတွေ့ရပါတယ်။

စာရေးသူတို့အုပ်စုကတော့ မိသားစုလိုက် ကိုရီးယားစာ အစုံစားလို့ရအောင် တစ်ယောက်တစ်မျိုးစီ
မတူတာကို မှာကြပါတယ်။

ကိုယ်က အသားကြိုက်သူမို့ ဒီဆိုင်မှာ စိတ်အ၀င်စားဆုံးက သံပူပြားဘူဂိုဂီပါပဲ။ သံပူပြားဘူဂိုဂီ
ဆိုတာက ကြက်သား၊ ၀က်သား၊ အမဲသားထဲကမှ ကိုယ့် စိတ်တိုင်းကျမှာထားတဲ့ အသားပြားကို
ကင်မ်ချီနဲ့ ပဲငပိထည့်ပြီး ဆလပ်ရွက်နဲ့ ထုပ်စားရတာမျိုးပါ။ စာရေးသူကတော့ ၀က်သားကို
မှာလိုက်ပါတယ်။

ကိုရီးယားဇာတ်ကားတွေထဲမှာတော့ မီးဖိုနဲ့ အသား စိမ်းတွေချပေးပြီး ကိုယ်တိုင်ကင်ပြီး ဆလပ်ရွက်နဲ့
ထုပ်စားတာတွေ့ရတာ စားချင်စရာမို့ ကိုယ်လည်း ဘူဂိုဂီမှာလိုက်ပေမဲ့ ကိုယ်မျှော်လင့်ထားသလို
မီးဖိုနဲ့ အသားအစိမ်းနဲ့ လာမချဘဲ ကင်ပြီးသား အသားပြားတွေကို သံပူပြားထဲ ထည့်ပြီးတော့ပဲ
လာချပါတယ်။

ဘာလို့ မီးဖိုမပေးသလဲ မေးကြည့်တော့ လှည်းတန်းစင်တာက ဂက်စ်မီးဖို ပေးသုံးခွင့်မပြုတဲ့အတွက်
ဆိုင်ကတစ်ခါတည်း ကင်ပေးတာလို့ ပြောပါတယ်။

အမှန်တိုင်းပြောရရင် နည်းနည်းတော့ စိတ်ပျက်သွားပါတယ်။ ဒီမှာ စင်တာကနေ ဂက်စ်မီးဖိုပေးသုံးခွင့်
မပြုတာနဲ့ ပတ်သက်ပြီး နောက်ထပ်အံ့ဩစရာတစ်ခုကတော့ မီးဖိုဆောင်မှာလည်း ဂက်စ်မီးဖိုကို
ပေးမသုံးတာမို့ လျှပ်စစ်မီးဖိုကိုသုံးပြီး ချက်ပြုတ်ရပါသတဲ့။

ဒီတော့ စာရေးသူတို့လို စားသုံးသူတွေဟာ စားစရာရောက်လာဖို့ကို အချိန်တော်တော်ကြာ
စောင့်လိုက်ရပါတယ်။

စားစရာတွေ စောင့်ရလို့ စိတ်တိုရပေမဲ့ ကိုယ့်ရှေ့ကိုရောက်လာတဲ့ သံပူပြားပေါ်က ၀က်သားကင်ရနံ့က
မွှေးနေတာမို့ စိတ်တိုတာတွေ မေ့သွားပါတယ်။

အသားဖတ်က နူးအိနေတာမို့ စားလိုက်တာနဲ့ လျှာထဲမှာ အရည်ပျော်သွားသလိုတောင်
ခံစားရပါတယ်။ အရသာကလည်း အနေတော်ပဲမို့ အတော်လေး စားကောင်းပါတယ်။

ဘူဂိုဂီ တစ်ပွဲမှာလိုက်ရင် အသားပြားကင်ရယ်၊ အဲဒါနဲ့တွဲစားရတဲ့ ဆလပ်ရွက်၊ မုန့်ညင်းကင်မ်ချီနဲ့
သခွားသီးကင်မ်ချီ၊ ငါးခြောက်ကျော်၊ ပဲငပိနဲ့ ထမင်းအဖြူ တစ်ပန်းကန်ပါ တွဲပြီးချပေးပါတယ်။

အဲဒီ အတွဲအစပ်အားလုံးကိုမှ ကျပ် ငါးထောင်ဖြစ်ပြီး တစ်ယောက်စာအတွက်ဆိုရင်တော့ ဗိုက်ပြည့်ဖို့
လုံလောက်ပါတယ်။

နောက်တစ်မျိုး မှာလိုက်တာကတော့ ကင်မ်ချီပန်ကိတ် ပါ။ ကိုရီးယားကားတွေထဲမှာ စားနေကြတာ
တွေ့ရတတ်တဲ့ ကင်မ်ချီပန်ကိတ်ကို ကိုယ်တွေလည်း တစ်မိသားစုလုံး မြည်းစမ်းကြည့်ချင်ကြလို့လေ။

ဒါပေမဲ့ သူက သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဆန်မုန့်နှစ်ထဲကို ကင်မ်ချီထည့်
ဆီအိုးကင်းပူတိုက်ပြီး ကြော်ထားတာမျိုးပါ။

အနံ့ကတော့ ဆန်မှုန့်နဲ့ ကင်မ်ချီ ပေါင်းထားတဲ့ ရနံ့သင်းပြီး တော်တော်မွှေးပေမဲ့ စားရတာတော့
ကင်မ်ချီရဲ့ ချဉ်စပ်အရသာနဲ့ ဆန်မုန့်အရသာသာ များနေပြီး အငံပေါ့တာမို့ မြန်မာပါးစပ်နဲ့တော့
အရသာက ပေါ့တယ်လို့ ပြောရပါမယ်။

ဒီမှာ အရသာပေါ့တာနဲ့ ပတ်သက်ပြီး ထပ်ပြောစရာရှိတာက သူနဲ့ တွဲချတဲ့ ငရုတ်သီးစိမ်း
လှီးထည့်ထားတဲ့ အချဉ်နဲ့ တွဲစားရင်တော့ အပေါ့ကို ထိန်းပေးပါတယ်။

ကင်မ်ချီ ပန်ကိတ်လည်းရသလို ပင်လယ်စာပန်ကိတ်လည်းရပါတယ်။ ကင်မ်ချီပန်ကိတ်ကတော့
ချဉ်စပ်အရသာဖြစ်ပြီး တစ်ပွဲကို ကျပ် ၃,၅၀၀ ပါ။ ပင်လယ်စာပန်ကိတ်ကတော့ အချိုပါ။ သူကတော့
တစ်ပွဲကို ၄,၀၀၀ ပါ။

နောက်တစ်မည်ကိုတော့ ခပ်ဆိမ့်ဆိမ့်လေးစားချင်လို့ ကြက်ဥလိပ်ကြော်မှာ လိုက်ပါတယ်။
ကြက်ဥလိပ်ကြော်ကတော့ ကြက်ဥထဲကို မုန်လာဥနီနဲ့ ကြက်သွန်မိတ် ထည့်ကြော်ထားတာမို့
အ၀ါထဲမှာ လိမ္မော်ရောင်နဲ့ အစိမ်းရောင်ရောပြီး စားချင်စရာဖြစ်နေတဲ့အပြင် အပေါ်ကနေ ငရုတ်ဆော့စ်
ဆမ်းပေးထားတာမို့ အမြင်ကတော့ စားချင် စဖွယ်ပါပဲ။ အရသာကို ပြောပါဆိုရင်တော့ နူးညံ့ပြီး
ခပ်ဆိမ့်ဆိမ့်နဲ့ စားကောင်းပါတယ်။ ကြက်ဥကို ကြော်ပြီးမှ သေချာပြန်လိပ်လှီးထားပြီး
ဆော့စ်ဆမ်းထားတာမို့ ကြည့်လိုက်တာနဲ့ကို ကောက်စားချင်စရာပါ။ တစ်ပွဲကို ၃,၀၀၀ ပါ။

ဒါက စားဖြစ်ခဲ့တဲ့တာတွေထဲက တချို့ပါ။ ကျန်တဲ့ သူတွေ မှာကြလို့ ငါးအူချောင်း၊ တို့ဖူးကင်မ်ချီဟင်းချို
(ထမင်းနဲ့တွဲလာ)၊ ထမင်းသုပ်နဲ့ ချိစ့်ထမင်းလိပ်ကိုလည်း မြည်းစမ်းခဲ့ရပါသေးတယ်။

ငါးအူချောင်းမှာတော့ ဘာကွာလို့လည်းတော့ သေချာမသိပေမဲ့ အလုံးနဲ့အပြား နှစ်မျိုးရှိပြီး
စာရေးသူတို့ကတော့ အပြားရဲ့ အရသာကို ပိုသဘောကျ ကြပါတယ်။

ဒီဆိုင်မှာ စားခဲ့ရတာတွေကို ခြုံပြီးပြောရမယ်ဆိုရင်တော့ စားသမျှအားလုံးကို သဘောကျပြီး
ကိုရီးယားဆိုင်တွေထဲမှာ စိတ်တိုင်းကျတဲ့ ဆိုင်တစ်ဆိုင်ပါပဲ။

စာဖတ်သူတွေလည်း ကိုရီးယားကားတွေ ကြည့်ရင်း သူတို့စားတာလေးတွေ မြင်လို့
စိတ်ထဲစားချင်လာတယ်ဆိုရင် ဒီဆိုင်လေးက မဆိုးဘူးလို့ လမ်းညွှန်ချင်ပါတယ်။

ဆိုင်လိပ်စာကတော့ ပြည်လမ်းနဲ့ လှည်းတန်း လမ်းထောင့်က Hledan Center ဒုတိယ ထပ်မှာပါ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြော မထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက် စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။