ဗေဒါရီရဲ့ ဟင်းလျာ (ငါးသောက်ဆမ်းဟင်း)

ဒီတစ်ပတ်မှာတော့ ဗေဒါရီက ဆီပြန်ဟင်းတွေ စားနေရတာကို ငြီးငွေ့နေသူတွေအတွက် ဆီတစ်စက်
တစ်ပေါက်မှကို မသုံးရဘဲ ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းကို ဝေမျှပေးထားပါတယ်။

ချဉ်ငံစပ်ဟင်းလျာလေးပါ။ အစပ်ကြောက်သူတွေကတော့ ငရုတ်သီးစိမ်း လျှော့ထည့်ပြီး
ချက်လို့ရပါတယ်။

အချဉ်အတွက်ကိုတော့ ရန်ကုန်ချက်နည်းလို မကျည်းသီးအနှစ်အရည်ကို မသုံးဘဲ မွန်စတိုင်
ချက်နည်းလေးအတိုင်း မရမ်းပြားလေးတွေကို ဟင်းခတ်ထည့်ထားပါတယ်။

အရည်များများလေးနဲ့ ချက်ထားတာမို့ အရည်လေး သောက်ရင်း၊ ဆမ်းစားရင်း စားနိုင်တာမို့
ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း ၃၀ သား
  • စပါးလင် ၃ ချောင်း
  • ကြက်သွန်ဖြူ  ၃ မြွှာ
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • စိမ်းစားငါးပိ အနည်းငယ်
  • အာပူရွက် ၆ ရွက်
  • မရမ်းပြားခြောက် ၄ ပြား

ချက်ပြုတ်ပုံ

ရေဆေးသန့်စင်ပြီး တုံးထားတဲ့ ငါးကြင်းများကို ဆား၊ နနွင်းနယ်ထားပါ။

ငါးပိကို ကွမ်းသီးလုံးခန့် ကင်ထားပါ။

စပါးလင်တွေကို ထုထားပါ။

ငါးပိကင်ရပြီဆိုရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နဲ့ ရောထောင်းထားပါ။

ပြီးပြီဆိုရင် ရောထောင်းထားတာတွေကို ချက်မယ့် အိုးထဲမှာ ငါးနဲ့ရောနယ်ပြီး ရေအနည်းငယ်ထည့်ပြီး
တည်ပါ။

ထုထားတဲ့ စပါးလင် ထည့်ပါ။ မရမ်းပြားနဲ့ အာပူရွက် ထည့်ပါ။

ပွက်လာပြီဆိုရင် အပေါ့အငန် မြည်းကြည့်ပြီး ငါးလည်း ကျက်ပြီဆိုရင် ဟင်းအိုးကို မီးဖိုပေါ်ကနေ
ချလို့ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။