ဗိုလ်ချုပ်ဈေးထဲက အဘကြီး တို့ဟူးသုပ်

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

တို့ဟူးသုပ်တစ်ပွဲမှာ ဘယ်လိုအင်္ဂါရပ်တွေ ပါဝင်ဖို့ လိုအပ်ပါသလဲ။ တို့ဟူး၊ ဆီချက်၊ အချဉ်ရည်၊
ရှောက်ရွက် စသဖြင့်ပေါ့။

ရန်ကုန်မြို့က လမ်းဘေးရခိုင်မုန့်တီဆိုင်တိုင်းမှာ တို့ဟူးသုပ်ကို ရနိုင်သလို သူက လူကြိုက်များတဲ့
တစ်နည်းအားဖြင့်ဆိုရရင် စားလိုအားများတဲ့ သရေစာအသုပ်တစ်မည်ပါပဲ။

စာဖတ်သူတို့က ဘာကြောင့်များ တို့ဟူးဋီကာဖွဲ့နေလဲဆိုပြီး တွေးကောင်းတွေးမိ နေကြမှာပါ။

ဟုတ်ပါတယ် .. ရန်ကုန်မြို့က အကောင်းဆုံး တို့ဟူးသုပ်ဆိုင်တစ်ဆိုင်အကြောင်းကို ဒီတစ်ပတ်မှာ
စာဖတ်ပရိသတ်တွေကို ဝေမျှပေးသွားမှာကြောင့် တို့ဟူးဋီကာဖွင့်နေရခြင်းပါ။

စာရေးသူငယ်စဉ်က အမေ ဗိုလ်ချုပ်ဈေးသွားပြီဆိုရင် အလွန်အမင်းကို လိုက်ချင်ခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ အ၀တ်အစား အသုံးအဆောင်တွေကို ပူဆာချင်လို့ထက် ဈေးထဲက
အထမ်းသည် တို့ဟူးသုပ်ကို စားချင်လို့ပါပဲ။

စားတိုင်းလည်း ဘယ်တော့မှ ရိုးမသွားရတဲ့ အဲဒီဆိုင်ရဲ့ တို့ဟူးသုပ်ဟာ နှစ်ပေါင်းများစွာကြာတဲ့တိုင်
ဒီနေ့အထိကို အကြိုက်တွေ့ဆဲပဲလို့ပြောရင် အပိုလို့ မထင်လိုက်ပါနဲ့။

တို့ဟူးအပေါ်ကို ဆီချက်ဝါ၀ါလေးဆမ်း၊ ပဲမှုန့်ထည့်၊ ငံပြာရည်နဲ့ မကျည်းအချဉ်ရည်ဆမ်း၊
ရိပ်ရိပ်လှီးထားတဲ့ ရှောက်ရွက်လေးတွေနဲ့ ကြက်သွန်နီကြော်တို့ကို နိုင်းချင်းဖြူးလို့ သုပ်ပေးတဲ့
အထမ်းသည် အဘကြီးရဲ့အသုပ်က ဘာများထူးခြားနေလို့လဲလို့ မေးစရာရှိပါတယ်။

သူ့ရဲ့ ထူးခြားမှုကတော့ ကိုယ်တိုင်ကျိုပြီးလုပ်ထားတဲ့ တို့ဟူးသားက တခြားဆိုင်တွေက
တို့ဟူးနဲ့မတူဘဲ သူ့ချည်းစားရင်တောင် နူးညံ့ပြီးစားကောင်းတာကြောင့်ပါပဲ။

တို့ဟူးအရောင်ကလည်း အရမ်းဝါထိန်နေအောင် ဆိုးဆေးသုံးထားတာမျိုး၊ နနွင်းတွေ
အရမ်းထည့်ထားတာမျိုးမဟုတ်တာကြောင့် အ၀ါခပ်ဖျော့ဖျော့ပါပဲ။

အချဉ်ရည်ကိုလည်း ဆိုးဆေးရဲရဲတွေ မသုံးဘဲ မကျည်းရည်အချဉ်ကိုပဲ အဘကြီးဆိုင်က သုံးပါတယ်။

ကြက်သွန်ဖြူလေးတွေကို ခပ်နုတ်နုတ်စင်းပြီး ထည့်ထားတဲ့အတွက်လည်း အချဉ်ရည်အနံ့လေးက
မွှေးနေပါတယ်။

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

နောက်ထပ်ထူးခြားချက်က ဈေးသည်အဘကြီး သုပ်ပေးတဲ့ တို့ဟူးသုပ်ဟာ ဘယ်သူ့အတွက်ကိုမဆို
ထပ်ပြင်စရာမလိုလောက်အောင် အစပ်အဟပ်တည့်လွန်းတာပါပဲ။

ချဉ်ငံစပ်စားချင်တယ်ဆိုတဲ့ သူကို ချဉ်ငံစပ်သုပ်ပေးပေမဲ့ ပုံမှန်ပဲဆိုရင်တော့ အလေးသိပ်မထည့်ဘဲ
ခပ်ပေါ့ပေါ့နဲ့ တို့ဟူးအရသာပေါ်အောင် သုပ်ပေးလေ့ရှိပါတယ်။

စာရေးသူကိုယ်တိုင်လည်း အစပ်ကြိုက်ပေမဲ့ အဘကြီးဆိုင်က တို့ဟူးသုပ်ကိုစားရင်တော့
တို့ဟူးအရသာ ခပ်ဆိမ့်ဆိမ့်လေးပိုပေါ်စေတဲ့ အချိုသုပ်စားရတာကို ပိုပြီးသဘောကျပါတယ်။

အချိုသုပ်စားတဲ့အခါ တကယ်ကောင်းတဲ့ တို့ဟူးရဲ့ အရသာက ပိုပြီးပေါ်လွင်တယ်လို့ခံစားရလို့ပါပဲ။

တို့ဟူးသုပ်စားပြီးတဲ့အခါ တို့ဟူးအတုံးလေး ဒီတိုင်းစားချင်လို့ နည်းနည်းပေးပါဆိုလည်း
ခပ်ပါးပါးတို့ဟူးတုံးလေး လှီးပြီးအဆစ်ကျွေးတတ်သေးတာကလည်း ၀ယ်သူတိုင်းအပေါ်
စေတနာထားတတ်တဲ့ အဘကြီးရဲ့ အကျင့်ပါပဲ။

ဗိုလ်ချုပ်ဈေးထဲမှာ တို့ဟူးသုပ်တစ်မည်ထဲကို ရောင်းချလာတာ နှစ်ပေါင်း ၄၀ လောက်ရှိပြီမို့
အဘကြီးတို့ဟူးသုပ်ဆိုရင် ဈေးထဲက လူတိုင်းကလည်း သိနေကြပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ရုံးကလုပ်ဖော် ကိုင်ဖက်တွေနဲ့ အဘကြီးဆိုင်ကို ရောက်သွားကြတဲ့အခါ
အဘကြီးကို မတွေ့ရဘဲ သူ့မြေး အမျိုးသားငယ်တစ်ဦး ရောင်းချနေတာနဲ့ ကြုံခဲ့ရပါတယ်။

အဘကြီးကိုမေးတော့ အရွယ်ရောက်လာတဲ့အခါ ကျန်းမာရေး မကောင်းတဲ့အချိန်တွေဆို
ဆိုင်လာမထိုင်နိုင်တော့ဘူးလို့ သိရပါတယ်။

အဘကြီးမရှိပေမဲ့ တို့ဟူးအရသာမပြောင်းလဲဘဲ အသုပ်လက်ရာကလည်း အဖိုးဖြစ်သူရဲ့ လက်ရာကို
မီတာမို့ စာရေးသူကတော့ မျိုးဆက်သစ် လူငယ်လေးရဲ့ တို့ဟူးသုပ်ကို ခံတွင်းတွေ့ခဲ့ပါတယ်။

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဒါပေမဲ့လည်း အဘကြီးနဲ့ သူ့ဆိုင်လေးကို ဟိုးနှစ်ပေါင်းများစွာကတည်းက တွဲသိလာရာကနေ
မတွေ့ရတဲ့အခါ တစ်မျိုးလိုနေသလို လစ်ဟာသလိုနဲ့ အသုပ်စားရတဲ့အရသာက မပြီးပြည့်စုံသလို
ခံစားရပါတယ်။

ကိုယ်တွေရောက်တဲ့အချိန်မှာ တိုးရစ်အုပ်စုတစ်စုလည်း ရောက်နေပြီး တို့ဟူးသုပ်ကို
အားရပါးရစားနေရင်း "ဒါကို ဘာလို့ခေါ်သလဲ။ အရမ်းစား ကောင်းတယ်"လို့ ပြောသွားတာကို
ကြားလိုက်ရပါတယ်။

အဘကြီးအသုပ်က အချိန်တိုင်း မရပါဘူး။ တစ်နေ့ကို တို့ဟူးနှစ်ပိဿာကုန်ပြီး ရောင်းကောင်းလွန်းတာမို့
၂ နာရီခွဲလောက် ဆိုင်လာထွက်ရင် ၄ နာရီ၊ ၄ နာရီခွဲလောက်ဆို ကုန်ပါပြီ။

ဈေးထဲက ပုံမှန်စားတဲ့ ဖောက်သည်တွေလည်းရှိသလို ဈေးဝယ်လာရင်းနဲ့ စားကြသူတွေအပြင်
စာရေးသူတို့လို ဘာမှဝယ်စရာမရှိဘဲ ဈေးကိုတကူးတကလာပြီး စားကြသူတွေလည်း ရှိပါတယ်။

တချို့လည်း တို့ဟူးသုပ်ထိုင်စားတဲ့အပြင် အိမ်မှာသုပ်စားရအောင် တို့ဟူးအတုံးလိုက်
ဝယ်သွားတာမျိုးတွေလည်း ရှိပါတယ်။

တို့ဟူးသုပ်တစ်ပွဲက ကျပ် ၅၀၀ နဲ့ ရောင်းချပေးပြီး ရခိုင်မုန့်တီဆိုင်တွေမှာ စားရသလို
ဟင်းခါးရည်တော့ မတိုက်ပါဘူး။

ဆိုင်ဖွင့်တဲ့နေရာ ကတော့ ဗိုလ်ချုပ်ဈေးအနောက်ဘက် ခုံးတံတားအဆင်းသံဖြူရုံနဲ့
ကျောက်မျက်ရတနာတန်းကြားမှာပါ။

အညွှန်းကောင်းလို့ တို့ဟူးသုပ် စားချင်တယ်ဆိုရင်တော့ ၂ နာရီခွဲကနေ ၄ နာရီအတွင်းကို
ရောက်အောင်သွားပါ။

စောသွားလည်း ဆိုင်မဖွင့်သေးသလို နောက်ကျရင်လည်း တို့ဟူးကုန်သွားတာနဲ့ ကြုံရမှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။