ဗေဒါရီရဲ့ ဟင်းလျာ (ခရမ်းသီးမီးဖုတ်သုပ်)

ဒီတစ်ပတ်တော့ ဗေဒါရီက အသား၊ ငါးဟင်း မဟုတ်ဘဲ ပြုလုပ်ရတာ လွယ်ကူပြီး ထမင်းလည်း
မြိန်စေတဲ့ ခရမ်းသီးမီးဖုတ်သုပ်လေးကို ဝေမျှပေးလိုက်ပါတယ်။

တချို့ကတော့ ခရမ်းသီးကိုသုပ်တဲ့အခါ ပုစွန်ခြောက်မှုန့် (သို့) မြေပဲမှုန့် ထည့်သုပ်ကြပေမဲ့
ဗေဒါရီကတော့ အဲဒါတွေကိုမထည့်ဘဲ ကိုယ့်အကြိုက်အတိုင်း ငါးပိမီးဖုတ်လေးကို
ထည့်သုပ်ထားပါတယ်။

လူတိုင်း ထမင်းမြိန်ကြပါစေ။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီးအစိမ်း ၁ လုံး
  • ကြက်သွန်နီ ၃ လုံး
  • နံနံပင် အနည်းငယ်
  • ငရုတ်သီးစိမ်း ၄ တောင့်
  • ငါးပိမီးဖုတ်နဲ့ ဆား အနည်းငယ်
  • ပဲဆီအစိမ်း ထမင်းစားဇွန်း ၂ ဇွန်းခန့်

ပြင်ဆင်ပုံ

ခရမ်းသီးကို အပူညီအောင် လှည့်ပြီးမီးဖုတ်ပါ။

ခရမ်းသီးမီးဖုတ် ရပြီဆိုရင် အခွံသင်ထားပါ။ (အိမ်မှာ မီးဖုတ်ဖို့ အချိန်မပေးနိုင်ပါက
တချို့ခရမ်းသီးဆိုင်တွေမှာ အဆင်သင့်မီးဖုတ်ပြီးသားကို ရောင်းပေးပါတယ်)

ကြက်သွန်နီကို ပါးပါးလှီးထားပြီး ငါးပိကို မီးကင်ထားပါ။

အားလုံး အဆင်သင့်ရပြီဆိုရင် ခရမ်းသီး၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ငါးပိကင်နဲ့
ပဲဆီအားလုံးကိုရောထည့်ပြီးနယ်ပါ။

ပြုလုပ်ရတာ အင်မတန်မှ လွယ်ကူပေမဲ့ အရသာရှိတဲ့ ခရမ်းမီးဖုတ်သုပ်လေး အဆင်သင့်ဖြစ်ပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။