Monday, April 24, 2017

အကြံတူနေသူများ ...

အမျိုးသားတစ်ဦးဟာ သူတစ်ခါမှ မတွေ့ဖူးတဲ့ မိန်းကလေးတစ်ဦးနဲ့ မနေ့ညက ချိန်းတွေ့ခဲ့ပါတယ်။

မသိတဲ့သူနဲ့ တွေ့ရမှာမို့ သူနဲ့ လာတွေ့တဲ့ မိန်းကလေးဟာ သူလုံးဝမကြိုက်တဲ့ ပုံစံမျိုးဖြစ်နေရင်
ဘယ်လိုများ လုပ်မလဲဆိုပြီး အမျိုးသားဟာ အနည်းငယ် စိုးရိမ်ပူပန်မှုဖြစ်နေပါတယ်။

ချက်ချင်းထပြန်လို့ မရမှာကိုလည်း စိတ်ပူမိတာမို့ အကြံထုတ်တဲ့အခါ အင်တာနက်ကနေ
အက်ပလီကေးရှင်းတစ်ခုကို သွားတွေ့ပါတယ်။

အဲဒီ အက်ပလီကေးရှင်းအမည်က "အမေ.. အဆင်ပြေရဲ့လား"တဲ့။

မိန်းကလေးနဲ့ စတွေ့ပြီးချိန်လောက်ကိုမှန်းပြီး သူ့ဖုန်းမှာ ဖုန်းခေါ်သံမြည်လာအောင် အမျိုးသားဟာ
အက်ပလီကေးရှင်းကို အသုံးပြုပြီး ဖန်တီးလိုက်ပါတယ်။

သူ့ရဲ့အကြံကတော့ ဆုံရတဲ့ မိန်းကလေးကို သဘောကျတယ်ဆိုရင် ဖုန်းလာတဲ့အခါ ဖုန်းကိုမဖြေဘဲ
လျစ်လျူရှုထားလိုက်ဖို့ဖြစ်ပြီး အဲဒီနေရာမှာ ဆက်မနေချင်တော့ဘူး ဆိုရင်တော့ ဖုန်းကိုပြန်ဖြေလိုက်ပြီး
"အမေလား.. ဘာဖြစ်လို့လဲ.. အဆင်ပြေရဲ့လား" လို့ မေးလိုက်ရုံပါပဲ။

ဒီလိုနဲ့ အမျိုးသားဟာ သူတွေ့မယ့် မိန်းကလေးရဲ့ အိမ်တံခါးကို သွားခေါက်ပါတော့တယ်။

တံခါးဖွင့်လို့ ကောင်မလေးကို မြင်လိုက်တဲ့အချိန်မှာ ချောလွန်း လှလွန်းတာမို့ သူစိတ်ပူစရာ
မလိုတော့ဘူးဆိုတာ သိလိုက်ရပါတယ်။

ဒါကြောင့်မို့ အမျိုးသားဟာ စိတ်အားထက်သန်စွာနဲ့ပဲ မိန်းကလေးကို နှုတ်ဆက်ဖို့ ကြိုးပမ်းစဉ်မှာပဲ
မိန်းကလေးရဲ့ ဖုန်းသံက ထမြည်လာပါတယ်။

အမျိုးသမီးလေးဟာ ဖုန်းကို ကောက်ကိုင်ပြီး "အမေလား.. ဘာဖြစ်လို့လဲ.. အဆင်ပြေရဲ့လား"လို့
ပြောလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။