ထိုင်းစတိုင် ကြက်သားချဉ်စပ်သုပ်

ဒီတစ်ပတ်မှာတော့ ထိုင်းစတိုင် ချဉ်ငံစပ် ကြက်သားစဉ်းကောသုပ်ကို အုန်းထမင်းချိုစိမ့်လေးနှင့်
တွဲစပ်ပြီး ချက်ထားပါတယ်။

ထိုင်းလိုတော့ လာဘ်ပ် (salad) လို့ခေါ်ပြီး ထိုင်းထမင်း ဆိုင်တိုင်းမှာ မရှိမဖြစ် ထည့်သွင်း ရောင်းချ
လေ့ရှိတဲ့ ရိုးရာဟင်းပွဲပါ။

ထိုင်းနိုင်ငံရဲ့ နေရာဒေသအလိုက် အသုပ်သုပ်ပုံနှင့် တွဲစပ်အစာ ပြောင်းသွားလေ့ရှိပါတယ်။

ဩစတြေးလျမှာတော့ လာဘ်ပ်ဟာ ထိုင်းအစားအစာတွေထဲမှာ နာမည်ကြီး ဟင်းတစ်မျိုးဖြစ်ပြီး
စားဖိုမှူးတွေက ရိုးရာအတွဲအစပ် အပေါ် အခြေခံပြီး သူတို့ရဲ့ ဆန်းသစ် တဲ့ အရသာ၊ အပြင်အဆင်
တီထွင် မှုတွေနဲ့ လက်စွမ်းပြလေ့ရှိပါတယ်။

စဉ်းထားတဲ့ အမဲသား၊ ၀က်သား၊ ကြက်သားများကို သုံးလေ့ရှိပါတယ်။

ဖြိုးကတော့ ကြက်ဆင်သားကိုသုံးပြီး သုပ်လေ့ရှိသလို baby iceberg or butter ဆလပ်ရွက်များ
နှင့် ပါဆယ်အထုပ်လေးများထုပ်ပြီး လုပ်စားလေ့ရှိပါတယ်။

နောက်ပြီး ချိုစိမ့်စိမ့် အုန်းထမင်း လေးနဲ့ လိုက်ဖက်လှပါတယ်။ အုန်း ထမင်းကို အနံ့လေးသင်းရုံသာ
အုန်းနို့ရည်နှင့် ချက်ထားတာမို့ အရမ်းကြီးချိုအီနေတာမျိုး မဟုတ်ပါဘူး။

အုန်းသီးနံ့လေးနှင့် သံပုရာနံ့ သင်းသင်းလေးက စားချင်လာအောင် ဆွဲဆောင်နိုင်ပြီး ငရုတ်သီးလေး
စပ်စပ် လေးကတော့ လျှာသွက်လာစေမှာမို့ ဒီဟင်းတွဲလေးကိုကြိုက်နှစ်သက်မှာပါ။

၆ ယောက်စာ ထိုင်းစတိုင်ကြက်သားချဉ်စပ်သုပ်

ပါဝင်ပစ္စည်းများ ကြက်သား(စဉ်းထားသော) ၇၅၀ ဂရမ်
ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
စပါးလင်ခေါင်း (ပါးပါးလှီးလျက်) စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှောက်ရွက် (လိပ်ပြီး ပါးပါးလေး လှီးထားပါ) ၈ ရွက်
ပူစီနံရွက် ၃/၄ ခွက် (ခပ်ဖွဖွလေးထည့်ပြီးချိန်ပါ)
ပင်စိမ်း သို့မဟုတ် ထိုင်း basil ရွက် ၃/၄ ခွက် (ခပ်ဖွဖွလေးထည့်ပြီးချိန်ပါ)
ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးလျက်)
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
သံပုရာရည် စားပွဲဇွန်း ၃ ၁/၂ ဇွန်း
ထန်းလျက် (ခပ်နုပ်နုပ်ခြစ်ထားသော) စားပွဲဇွန်း ၁ /၂ ဇွန်း
ငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
မွှေး ဆန်မှုန့်အကျက် စားပွဲဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

ရှောက်ရွက်၊ ပူစီနံရွက်၊ ပင်စိမ်းရွက် သို့မဟုတ် ထိုင်း ဘျေငူ ရွက်၊ စပါးလင်၊ ကြက်သွန်နီ၊ ငရုတ်သီး
မှုန့်နှင့် ဆန့်မှုန့်လှော်တို့ကို အပူခံနိုင်သော ဇလုံ သို့မဟုတ် ပန်းကန်တစ်ခုထဲတွင် ထည့်ထားပါ။

ဒယ်အိုးထဲတွင် ဟင်းသီးဟင်းရွက် ဆီကို ထည့်ကာ မီးမပြင်းတပြင်းဖြင့် အပူပေးပါ။

ဆီပူလာလျှင် စဉ်းထားသော ကြက်သားများကို ထည့်ကာ ကြော်ပါ။

ပဲငံပြာရည်အကြည်ကို ထည့်ပြီး မွှေပေးပါ။

သစ်သားယောင်းမကို သုံးပြီး အသားများကို လုံးမသွားအောင် နာနာလေးချေပေးပါ။

ကြက်သားများကျက်ပြီဆိုလျှင် မီးဖိုပေါ်မှ ဖယ်ကာ ၂-၃ မိနစ်မျှ အအေးခံပြီးလျှင် dressing (ချဉ်စပ်
ရည်)ကို ကြက်သားများပေါ်လောင်းချကာ နောက်ထပ် ၃ မိနစ်မျှ နှပ်ထား ပေးပါ။

နောက်ဆုံးအနေနဲ့ ကြက်သား များနှင့် အရည်များကို အရွက်များ ထည့်ထားသော ဇလုံ သို့မဟုတ်
ပန်းကန်အတွင်းသို့ ပြောင်းထည့်ကာ သမအောင် မွှေပေးပြီးလျှင် စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။

Dressing

ပန်းကန်အသေးတစ်လုံးထဲတွင် ခြစ်ထားသော ထန်းလျက်မှုန့်များကို ငံပြာရည်ထဲတွင် ပျော်သွား
အောင် ဖြေးဖြေးချင်းမွှေပေးပါ။

ပြီးလျှင် သံပုရာရည်ကို ထည့်ကာ သမအောင် မွှေပေးပါ။

အုန်းထမင်း ပါဝင်ပစ္စည်းများ

ဆန် ၂ ခွက် ရေ ၂ ၁/၂ ခွက် (၆၂၅ မီလီလီတာ) အုန်းနို့ရေ ၁/၂ ခွက် (၁၂၅ မီလီလီတာ)

ပြင်ဆင်ပုံ

ဆန်ကို ဆေးပြီးလျှင် အုန်းနို့ရည် နှင့် ရေကို ထမင်းပေါင်းအိုးထဲတွင်ရော ထည့်ကာ ချက်ပါ။

ထမင်းကျက်သွား လျှင်၊ ခက်ရင်း သို့မဟုတ် ယောင်းမနှင့် အသာအယာဖွကာ အုန်းနို့အနှစ်များ
ပျံ့သွားအောင် မွှေပေးပါ။

ထမင်းရေခမ်းကို မီးဖိုပေါ်မှာ ချက်လိုလျှင် ဆန်၊ အုန်းနို့ရည်နှင့် ရေကို အိုးထဲတွင် ရောထည့်ကာ
အဖုံးပိတ်၍ မီးမပြင်းတပြင်းပေါ်၌ တည်ပါ။

အရည်များ စပွက်ပြီဆိုလျှင် မီးကို ခပ်အေးအေး အနေအထားသို့ လျှော့ကာ ၁၀ မိနစ်မျှတည်ပါ။

အဖုံး လုံးဝ မဖွင့်ပါနှင့်။ ပြီးလျှင် မီးဖိုပေါ်မှ ချကာ အဖုံးအုပ်လျက် ၁၀ မိနစ်ခန့် နှပ်ထားပါ။

ထမင်းမခူးခင် ခက်ရင်း သို့မဟုတ် ယောင်းမနှင့် အသာအယာဖွကာ အုန်းနို့ အနှစ်များပျံ့သွားအောင်
မွှေပေးပါ။

Main tips

အုန်းနို့ရည်ကို သိပ်ပြီးမစားရဲဘူး ဆိုရင် အုန်းနို့ရည်ကို ၁/၄ ခွက် ပဲထည့်ပြီး ရေကို နောက်ထပ် ၁/၎
ခွက် ပိုထည့်ပြီးလည်း ချက်လို့ ရပါတယ်။

ကြက်သားအစား ၀က်သားကို လည်း ထည့်လို့ရပါတယ်။

ကြက်သားကို မချက်ခင်မှာ မီးဖိုချောင်သုံး tissue တစ်သျှူးစက္ကူ နှင့် အရည်များကို စုပ်ယူပြီး
ခြောက်အောင်လုပ်ပါ။

နို့မို့ဆိုရင် ကြက်သားကို ကြော်နေစဉ်မှာ အရည်များ အများကြီးထွက်လာပြီး ချက်ရတာ ကြာတတ်
ပါတယ်။

အစပ်ကြိုက်တတ်သူများ အနေနဲ့ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်တို့ကို ပိုထည့်ပြီး သုပ်လို့ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။