Monday, April 24, 2017

စမ်းချောင်း၊ ဗဟိုလမ်းက 'မအေးသက်' အသုပ်ဆိုင်

မျိုးဆက်/မြန်မာတိုင်း(မ်)မျိုးဆက်/မြန်မာတိုင်း(မ်)

စမ်းချောင်းလို အစားအသောက်ပေါတဲ့ နေရာမျိုးမှာနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရှိတာလည်း
စာရေးသူလို အစားမက်တဲ့ Foodie တစ်ယောက်အတွက် ကံကောင်းခြင်းလို့ ဆိုရမလားပဲ။

အားရင်အားသလို လမ်းကြုံရင်ကြုံသလို သူတို့ဆီသွားလည်မိတိုင်း စမ်းချောင်း (အထူးသဖြင့်
ဗဟိုလမ်းပေါ်) က ကောင်းပေ့ဆိုတဲ့ ဆိုင်တွေစားတာလည်း ကုန်သလောက်ရှိနေပါပြီ။

ဒီတစ်ခေါက် ဗဟိုလမ်းပေါ်က စာရေးသူ မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးက အသုပ်ဆိုင်လေးတစ်ဆိုင်ပါ။

ဆိုင်နာမည်မရှိတော့ ဆိုင်ရှင်အစ်မကြီး မအေးသက်နာမည်ကိုပဲ အစွဲပြုလို့ မအေးသက်အသုပ်ဆိုင်လို့ပဲ
မှတ်ထားပါတယ်။

မအေးသက်အသုပ်ဆိုင်က ပုသိမ်လမ်းထိပ်မှာ ဖွင့်ထားတာပါ။ သာမန် အသုပ်ဆိုင်လေးပါပဲ။
ဒီဆိုင်မှာက အသုပ်အပြင် မုန့်တီနဲ့ အုန်းနို့ခေါက်ဆွဲပါ ရပါတယ်။

သူ့ဆိုင်ကို စာရေးသူကြိုက်တဲ့ အချက်ထဲမှာ အုန်းနို့ခေါက်ဆွဲ ရောင်းတာလည်း ပါပါတယ်။
ဒါကြောင့်မို့ သူ့ဆိုင်ရောက်တိုင်း အစားဖြစ်ဆုံးဆိုလည်း အုန်းနို့ခေါက်ဆွဲလို့ ပြောရမှာပါ။

ဒီမှာမေးစရာရှိတာက ဒီဆိုင်က အုန်းနို့ခေါက်ဆွဲကို ဘာလို့ကြိုက်သလဲလို့ပေါ့။

မအေးသက်က ခေါက်ဆွဲဟင်းရည်ကို ခုခေတ်မှာ ဆိုင်အများစုသုံးကြတဲ့ အုန်းနို့အစားထိုး နို့စိမ်းကို
မသုံးလို့ပါ။

စာရေးသူက အုန်းနို့ခေါက်ဆွဲကို အုန်းနို့ဟင်းရည်စစ်စစ်နဲ့မှပဲ ကြိုက်ပါတယ်။
ပြီးတော့ မအေးသက်ဟင်းရည် က အုန်းနို့နဲ့ပေမဲ့ မအီဘဲအရမ်းစားကောင်းပါတယ်။

အုန်းနို့ခေါက်ဆွဲအလွတ်တစ်ပွဲကို ကျပ် ၅၀၀ ပေးရပါတယ်။ ပဲကြော်တို့၊ ပဲသွေးတို့၊ ငါးဖယ်တို့ကတော့
တစ်ခုကို ကျပ် ၁၀၀ ပါ။

ခေါက်ဆွဲဖက်နဲ့ မစားချင်ရင်လည်း ကြက်ခြေထောက်နဲ့ အုန်းနို့ အရည်နဲ့ပဲလည်း ရောင်းပေးပါတယ်။
သူလည်း ကျပ် ၅၀၀ ပါပဲ။

သူ့ဆိုင်က ရခိုင်မုန့်တီကလည်း သူ့ရဲ့ဖောက်သည်တွေအကြား နာမည်ကြီးပါတယ်။

မျိုးဆက်/မြန်မာတိုင်း(မ်)မျိုးဆက်/မြန်မာတိုင်း(မ်)

မုန့်တီဟင်းရည်ကို ငါးရွှေကြပ်တိုက်လေးနဲ့ ချက်ထားတာမို့ မွှေးနေပြီး ငါးရဲ့အချိုအရသာကလည်း
ဟင်းရည်ထဲမှာ ပေါ်လွင်နေပါတယ်။

ငရုတ်ကောင်း အရမ်းမများတော့ သိပ်ပူစပ်မနေဘဲ အစပ်မစားနိုင်တဲ့ သူတွေအတွက်လည်း
အဆင်ပြေပါတယ်။

စာရေးသူကတော့ သူ့ဆိုင်မှာ မုန့်တီစားရင် ကြက်သွန်ကြော်ဖတ်လေးတွေနဲ့ ဆီချက်မွှေးမွှေးလေး
ထည့်ပြီးမှ စားတတ်ပါတယ်။

ဆီချက်ထည့်တာ ကြိုက်ရင် စာရေးသူလို စားကြည့်ဖို့လည်း အကြံပေးချင်တယ်နော်။
မုန့်တီကတော့ အလွတ်ကို ကျပ် ၃၀၀ ပါ။

ကဲ ... အသုပ်ကဏ္ဍလာပါပြီ။ မအေးသက်ဆိုင်မှာ အသုပ်ကတော့ အစုံရပါတယ်။ ခေါက်ဆွဲ၊ ကြာဆံ၊
မုန့်ဖတ်၊ ပဲပြား၊ ငါးဖယ်၊ ပဲသွေး၊ တို့ဟူး စုံလို့ပါပဲ။

စာရေးသူကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သွားစားခဲ့ တာ ဘယ်ဟာရွေးရမှန်း မသိတာနဲ့ အစုံသုပ်ပဲ
စားခဲ့ပါတယ်။

မျိုးဆက်/မြန်မာတိုင်း(မ်)မျိုးဆက်/မြန်မာတိုင်း(မ်)

မအေးသက် လက်ရာကတော့ ကိုယ်လိုချင်တဲ့ အတိုင်းသာ သေချာပြောလိုက်။ နောက်တခါ
ပြင်စရာမလိုအောင် ကောင်းပါတယ်။

အသုပ်ကို ငရုတ်ချဉ်နဲ့လည်း သုပ်ခိုင်းလို့ရသလို မန်ကျည်းအချဉ်နဲ့လည်း သုပ်ခိုင်းလို့ရပါတယ်။

နောက်တစ်ခု တခြားဆိုင်တွေနဲ့မတူတာက တို့ဟူးသုပ်မှာရင်လည်း တို့ဟူးအစိမ်းကို သုပ်ပေးတာ
မဟုတ်ပါဘူး။

တို့ဟူး အပြင်ပိုင်းကို ကျွတ်အောင်ကြော်ထားတာကိုမှ သုပ်ပေးတာပါ။

အသုပ်အပြင် ငါးဖယ်အဆာသွပ်နဲ့ ပဲပြားအဆာသွပ်တို့လည်း ရပါသေးတယ်။

အသုပ်မှာ အလွတ်ကို ကျပ် ၅၀၀၊ ပဲပြားအဆာသွပ်လည်း တစ်ပွဲ ၅၀၀ ဖြစ်ပြီး
ငါးဖယ်အဆာသွပ်ကတော့ တစ်ပွဲ ကျပ် ၁,၀၀၀ ပါ။

မအေးသက်ဆိုင်က သာမန်အသုပ်ဆိုင်လေး ဆိုပေမဲ့ လုပ်တာကိုင်တာ ပြင်တာဆင်တာလည်း
သန့်ရှင်းတာကြောင့်လည်း စာရေးသူအကြိုက်တွေ့တာပါ။

ဆိုင်ကတော့ မွန်းလွဲ ၂ နာရီဆို စခင်းပါပြီ။ ညနေ ၅ နာရီလောက်ဆိုရင်တော့ ဆိုင်မှာ
မုန့်တီလောက်ပဲ ကျန်ပြီး အသုပ်တောင် အစုံမရတော့ပါဘူး။

ပိတ်ရက် စနေ၊ တနင်္ဂနွေဆိုရင် ပိုပြီးစောစော ကုန်တတ်ပါတယ်။

ဒီတော့ ဆိုင်မှာရသမျှထဲက ကြိုက်တာကို စိတ်ကြိုက်ရွေးချယ်ပြီး မြည်းစမ်းချင်တယ်ဆိုရင်တော့
စောစောသွားဖို့ အကြံပေးချင်တယ်နော်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။