ဗိုလ်တထောင် ၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်လေး

၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်မြင်ကွင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်မြင်ကွင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

မြန်မာလူမျိုးမှန်ရင် ခေါက်မုန့်ဆိုတာ သိပ်ထူးခြားပြီး ပြောနေရမယ့် အစားအသောက်တော့
မဟုတ်ပါဘူး။

ကလေးဘ၀ကတည်းက စားခဲ့ဖူးကြမှာသေချာတဲ့ အစားအစာတစ်မျိုးပါ။

ဆန်နဲ့ လုပ်ထားပြီး ထန်းလျက်ရည်ဆမ်းထားတာမို့ ခပ်ချိုချိုအရသာရှိတဲ့ ခေါက်မုန့်ကို ကလေးတိုင်း
ကြိုက်ကြပါတယ်။

စာရေးသူကလည်း မြန်မာမုန့်တွေကို မက်မက်မောမော ကြိုက်တတ်သူမို့ ခေါက်မုန့်က
ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ သရေစာတစ်မျိုးပါ။

နောက်တစ်ချက်က ခေါက်မုန့်သည်ဆီ သွားဝယ်တဲ့အခါ သူခေါက်မုန့်လုပ်နေတဲ့ ပုံစံက
ကစားနေသလိုပဲမို့ သဘောကျခဲ့တာလည်း ပါပါတယ်။

သံဒယ်အိုးအ၀ိုင်းပြားပြားပေါ်မှာ အဖြူရောင် ဆန်မုန့်နှစ်ကို ၀ိုင်းအောင်ပုံသွင်း၊ အဲဒီပေါ်ကနေ
ထန်းလျက်ရည်ကို မုန့်အ၀ိုင်းအတိုင်းလိုက်ဆမ်း၊ နောက်တစ်ဆင့်ကျတော့မှ ပဲစေ့လေးနည်းနည်းဖြူး
နောက်ဆုံးမှ အုန်းသီးခြစ်ထားတာလေးတွေ ဖြူးပြီး အုပ်ဆောင်းနဲ့ ခဏအုပ်ထား၊ ခဏနေကျက်တော့မှ
သံဒယ်ပြားနဲ့ တဂျစ်ဂျစ်မြည်အောင် ခေါက်မုန့်ကို ကော်ပြီး စက်ဝိုင်းခြမ်းပုံ ခေါက်ချိုးလေးဖြစ်အောင်
လုပ်။

ခေါက်မုန့်အိုးဝိုင်းဝိုင်းလေးနှစ်ခုနဲ့ ဟိုဘက်တစ်အိုးမှာ မုန့်လုပ်လိုက် အုပ်ဆောင်းနဲ့ အုပ်ထားတုန်း
ဒီဘက်တစ်အိုးမှာ မုန့်လုပ်လိုက်နဲ့ဆိုတော့ ကြည့်ရတာ အတော်ပျော်စရာကောင်းပါတယ်။

ကလေးတစ်ယောက်အတွက်တော့ အတော်စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းတစ်ခုကို
သူ့ရှေ့မှာ ကစားပြနေသလိုပါပဲ။

စားဖူးသမျှခေါက်မုန့်ဆိုင်တွေကတော့ အများကြီးပါပဲ။

အဲဒါတွေထဲကမှ အရမ်းကြိုက်ရတဲ့ တစ်ဆိုင်ကတော့ ဗိုလ်တထောင်မြို့နယ်ထဲမှာရှိတဲ့
ဗိုလ်ချုပ်လမ်းမပေါ် ၄၈ လမ်းထိပ်က ဆိုင်ပဲလို့ ပြောရမှာပါပဲ။

အဲဒီဆိုင်က စာရေးသူရဲ့ရုံးနဲ့လည်း သိပ်မဝေးလှတာမို့ နေ့လယ်ခင်း ၁ နာရီ ၂ နာရီလောက်ဆို
ထမင်းစားပြီးတိုင်း ခေါက်မုန့်သွားဝယ်စားလေ့ရှိတဲ့ ဆိုင်ကလေးပါ။

၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်မြင်ကွင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်မြင်ကွင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ဒီဆိုင်က ခေါက်မုန့်က ဘာတွေများ ပိုထူးခြားလို့ ခုလိုတဖွဲ့တနွဲ့ရေးနေရသလဲလို့
မေးစရာပေါ်နိုင်ပါတယ်။

အဲဒီအတွက် အဖြေကတော့ အရသာအရမ်းကောင်းတာကြောင့်လို့ ဖြေရပါမယ်။

စားလိုက်တဲ့အခါ မုန့်သားက ဖွယ်မနေဘဲ ပါးစပ်ထဲမှာဆိမ့်ပြီး ထန်းလျက်ရည်ကလည်း
ညောင်စေးကျနေအောင် ကျိုထားတဲ့ ခပ်ပျစ်ပျစ်လေးမို့ အချိုအရသာလေးသလို ပိုလည်း မွှေးပါတယ်။

ခေါက်မုန့်အတွက် အဓိကကျတဲ့ မုန့်နှစ်အတွက်ကိုလည်း ဆန်ကြမ်းကိုမှ ကောင်းကောင်းသုံးထားပုံ
ရပါတယ်။

ခေါက်မုန့်ထဲ ထည့်တဲ့ ပဲ၊ အုန်းသီး စတာတွေကလည်း အမြဲ လတ်ဆတ်နေတာမို့ စာရေးသူအပါအ၀င်
သူ့ဖောက်သည်တွေကို ဆွဲဆောင်နိုင်တာဖြစ်ပါလိမ့်မယ်။

ဆိုင်နေရာကလည်း အဲဒီတစ်နေရာတည်းမှာပဲ နှစ်ပေါင်းများစွာဖွင့်လာတာမို့ ပုဇွန်တောင်၊ ရေကျော်
တစ်ဝိုက်မှာတော့ ၄၈ လမ်းခေါက်မုန့်ဆို လူတိုင်း သိပါတယ်။

ရောင်းတာကလည်း လမ်းဘေးမှာပဲ ဆိုင်ခုံသေးသေးလေးခင်းပြီး ရောင်းတာပါ။

ခေါက်မုန့်တစ်မျိုးတည်းရောင်းပြီး ရိုးရိုးခေါက်မုန့်နဲ့ ကြက်ဥခေါက်မုန့်ပဲ ရောင်းပါတယ်။

သူများတွေလို လမ်းသရဲမုန့်နဲ့လည်း တွဲမရောင်းပါဘူး။

ခေါက်မုန့် တစ်မျိုးတည်းကိုပဲ နှစ် ၄၀ ကျော်ကြာအောင် အရသာရှိရှိနဲ့ ကောင်းကောင်းရောင်းတဲ့
အတွက် အဲဒီဆိုင်လေးကို၊ လူတွေက ပိုသဘောတွေ့ကြတာလည်းဖြစ်နိုင်ပါတယ်။

"အစ်မတို့ အမေလက်ထက်ကတည်းက ရောင်းလာတာ အခုဆို နှစ် ၄၀ တောင်ကျော်ပြီ။
ဒီနား တစ်ဝိုက်နေတဲ့ သူတွေဆို နိုင်ငံခြားထွက်သွားတာတောင် ပြန်ရောက်လာရင်
ဒီကခေါက်မုန့်စားချင်လို့ဆို တကူးတက လာဝယ်စားတဲ့ သူတွေရှိတယ်"လို့ သူ့ခေါက်မုန့်
ပရိသတ်တွေ အကြောင်းကို ခေါက်မုန့်သည်အစ်မကြီး မချိုက ပြောပြပါတယ်။

ဈေးနှုန်းကတော့ ရိုးရိုးခေါက်မုန့်တစ်ခုကို မနှစ်က လောက်အထိ တစ်ခုကျပ် ၁၀၀ နဲ့ ၀ယ်စားခဲ့ရပေမဲ့
ဒီနှစ်ထဲမှာ ကျပ် ၂၀၀ ဖြစ်သွားပါပြီ။

ကြက်ဥတစ်လုံး ဖောက်ထည့်ထားတဲ့ ကြက်ဥခေါက်မုန့်ဆိုရင်တော့ ကျပ် ၄၀၀ ပါ။

ရိုးရိုးခေါက်မုန့်က အ၀ိုင်းနည်းနည်းသေးပေမဲ့ ကြက်ဥခေါက်မုန့်ကတော့ အ၀ိုင်းနည်းနည်းပိုကြီးပါတယ်။

ကြက်ဥခေါက်မုန့်တစ်ချပ်စားလိုက်ရင် ဗိုက်ပြည့်ပြီး ချိုအီဆိမ့်သွားတာမို့ တစ်ချပ် ကျပ် ၄၀၀ ဆိုပေမဲ့
တန်ပါတယ်။

၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်မြင်ကွင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်မြင်ကွင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ခေါက်မုန့်ဆိုင်ရဲ့နောက်နားမှာ ရခိုင်မုန့်တီဆိုင်ရှိ တာမို့ ရခိုင်မုန့်တီဆိုင်က ရခိုင်သုပ်စပ်စပ်လေးစားပြီး
ရှူးရှဲဖြစ်နေချိန်မှာ ခေါက်မုန့်ချိုချိုမွှေးမွှေးကို စားလိုက်ရတာဟာ တကယ့်ကို ဆန့်ကျင်ဘက်
အတွဲအစပ်ဖြစ်ပြီး စားရတဲ့သူအတွက်တော့ အင်မတန်မှ အစပ်အဟပ်တည့်လှပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ တနင်္လာကနေ သောကြာအထိ မနက် ၉ နာရီလောက်ကနေ
ညနေ ၃ နာရီလောက်အထိ ရောင်းပါတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာတော့ မရောင်းပါဘူး။

အဲဒီနားတစ်ဝိုက်က ကျောင်းတွေရှိတာမို့ ကလေးတွေ ကျောင်းဖွင့်ရက်တွေမှာ ကျောင်းချိန်ကို
အဓိကထား ရောင်းတာဖြစ်ပါတယ်။

ညနေ ၃ နာရီထက် နောက်ကျရင်တော့ မရှိတော့ပါဘူး။ လူပိုကျတဲ့နေ့တွေဆိုရင် ၂ နာရီ (သို့)
၂ နာရီခွဲ ၀န်းကျင်လောက်ဆိုရင်တောင် မရှိတတ်တော့ပါဘူး။

ဒါကြောင့် စားချင်ရင် မွန်းလွဲ ၂ နာရီလောက်ထက် နောက်မကျဘဲသွားတာ အသေချာဆုံးပါပဲ။

ဗိုလ်ချုပ်လမ်းမပေါ် ၄၈ လမ်းထိပ်ကိုရောက်လို့ ခေါက်မုန့်နံ့မွှေးမွှေးလေးကို ရတယ်ဆိုရင်တော့
တခြား ဘာမှတွေးမနေပါနဲ့တော့။ အဲဒါ စာရေးသူ ခုပြောပြတဲ့ ခေါက်မုန့်ဆိုင်လေးပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။