ယိုးဒယားစာတွေ ရောင်းတဲ့ လမ်းဘေးဆိုင်လေး

ရွှေတောင်ဆိုင်မှာ စားခဲ့ရတဲ့ ကွေ့တယို။ မျိုးဆက်/မြန်မာတိုင်း(မ်)ရွှေတောင်ဆိုင်မှာ စားခဲ့ရတဲ့ ကွေ့တယို။ မျိုးဆက်/မြန်မာတိုင်း(မ်)

ရန်ကုန်မှာ ဘယ်နေရာမျိုး၊ ဘယ်မြို့နယ်မှာ နေချင်လဲလို့ မေးလာရင် စားသောက်ဆိုင်တွေ ပေါတဲ့
နေရာတွေဖြစ်တဲ့ ကျောက်မြောင်း၊ စမ်းချောင်း၊ တောင်ဥက္ကလာ စတဲ့ နေရာတွေကိုပဲ ရွေးဖြေမိမှာပါ။

လူရှုပ်တာ၊ မရှုပ်တာ အသာထား အစားအသောက်ပေါတဲ့နေရာမှာ နေချင်တာကတော့
တကယ့်ဆန္ဒအမှန်ပါပဲ။

ဒါပေမဲ့ မွေးကတည်းကနေ လက်ရှိထိနေထိုင်တဲ့ နေရာကတော့ စာရေးသူနေချင်တဲ့ နေရာမျိုးနဲ့
သိပ်မကိုက်ညီလှပါဘူး။

စာရေးသူတို့နေရာက ရန်ကင်းနဲ့ ဗဟန်းကြား စက်မှု(၁) ဘက်မှာပါ။ နီးနီးနားနားမှာ စားသောက်ဆိုင်
(အထူးသဖြင့် လမ်းဘေးဆိုင်) တွေ သိပ်မရှိပါဘူး။ ရှိတဲ့ ဆိုင်တွေကလည်း ဈေးတွေများပြီး
သိပ်မစွံလှပါဘူး။

ကိုယ်နေတဲ့နေရာကနေ နှစ်မှတ်တိုင်၊ သုံးမှတ်တိုင်လောက်ဝေးတဲ့ ပတ်ဝန်းကျင်မှာတော့
ဆိုင်ကောင်းကောင်းတွေရှိပေမဲ့ တကူးတကသွားဖို့ကလည်း အမြဲ မဖြစ်နိုင်ပြန်ပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က စာရေးသူအတွက် ကောင်းတဲ့ အရာတစ်ခု
ဖြစ်လာပါတယ်။ ကိုယ်နေတဲ့ အိမ်ရာဝင်းရဲ့ ထိပ်မှာပဲ ဆိုင်လေးတစ်ဆိုင်လာဖွင့်လို့ပါ။

ဆိုင်နာမည်က 'ရွှေတောင် (စားဖွယ်စုံ)'တဲ့။ စားဖွယ်စုံဆိုပေမဲ့ ယိုးဒယားကွေ့တယိုကို အဓိကထား
ရောင်းတာမို့ တခြားအမည်အများကြီးတော့ မရပါဘူး။ အခုနောက်ပိုင်းကျမှသာ အမည်တွေ
ပိုတိုးလာတာပါ။

ဒီဆိုင်က စားရေးသူအမြင်အရပြောရရင် ယိုးဒယား စာတွေရတဲ့ လမ်းဘေးဆိုင်လေးပါပဲ။
ဒီဆိုင် နာမည်ကြီးလာတာကတော့ သူတို့ဆိုင်က ယိုးဒယားကွေ့တယိုကြောင့်ပါပဲ။
အများဆုံး လာစားကြတာကလည်း ကွေ့ တယိုကိုပါပဲ။

ဒါကြောင့် ဆိုင်နာမည်မသိတဲ့လူတွေက ကွေ့တယိုဆိုင်လို့တောင် ခေါ်ကြပါတယ်။
အဲဒီကွေ့တယိုဆိုင်လေးအကြောင်းကို စာဖတ်ပရိ သတ်ကို ဝေမျှပေးချင်တာကြောင့်
ပြီးခဲ့တဲ့စနေနေ့က တမင်ကို သွားစားဖြစ်ခဲ့ပါတယ်။

ရောက်တာနဲ့ အရင်ဆုံး မှာလိုက်တာ ကွေ့တယိုပါပဲ။ ယိုးဒယားကွေ့တယိုအရည်တစ်ပွဲကို
ဝက်သားနဲ့က ကျပ် ၁,၈၀၀ ကျပါတယ်။ ကြက်နဲ့ဆိုရင်တော့ ၁,၅၀၀ ပဲ ကျသင့်ပါတယ်။

အရည်နဲ့ မှာရတာကတော့ စာရေးသူက အဲဒီဆိုင်မှာ ကွေ့တယိုကို အသုပ်ထက် အရည်နဲ့ကို
ပိုကြိုက်လို့ပါပဲ။ အရည်နဲ့က အသုပ်လောက်လည်း မအီသလို သူ့ဆန်ခေါက်ဆွဲဖတ်လေးတွေကို
အရည်ထဲကနေ ပူပူနွေးနွေးနဲ့ ဆယ်စားရတာက ပိုပြီးခံတွင်းမြိန်ပါတယ်။

ကွေ့တယိုမှာ ကောင်းတဲ့ တစ်ချက်က အသားကြောင့်ပါ။ ကြက်သားရော၊ ၀က်သားကိုပါ
နူးအိနေအောင် ပေါင်းထားတာပါ။

ဒါကြောင့်လည်း ဒီဆိုင်က ကွေ့တယိုကို ကြိုက်တာပါ။ အပေါ့၊ အငန်ကတော့ စားသုံးသူရဲ့ ပါးစပ်ပေါ်
မူတည်ပြီး လိုအပ်ချက်ရှိပေမဲ့ စားပွဲမှာ ချပေးထားတဲ့ အစပ်၊ အချဉ်၊ အငန်၊ သကြားတို့ကို
ကိုယ်လိုအပ်သလိုထည့်ပြီး စားရင်တော့ တကယ့်ကို အရသာရှိတဲ့ ကွေ့တယိုပါပဲ။

ဒီဆိုင်ကို ကြိုက်တဲ့တစ်ချက်ကတော့ စားအုန်းဆီ၊ အချိုမှုန့်နဲ့ ဆေးသကြား လုံးဝမသုံးတာပါပဲ။
ပြောတဲ့အတိုင်းပဲ အချိုမှုန့်ထည့်မထားတာကိုလည်း အရသာ မြည်းကြည့်လိုက်တာနဲ့ သိသာပါတယ်။
အချိုမှုန့်ထည့်တဲ့ အရသာကိုမှ ကြိုက်ကြတဲ့ လူတွေဆိုရင်တော့ ဒီဆိုင်က အစားအသောက်တွေက
တစ်ခုခုလိုနေသလို ခံစားရစေမှာပါ။

စာရေးသူကတော့ အချိုမှုန့်ထည့်လို့ ဘယ်လောက်ကောင်းနေပါစေ အချိုမှုန့်မပါတာကိုဘဲ
ပိုအားပေးပါတယ်။ ဒါကြောင့်လည်း ဒီဆိုင်မှာ စားပြီးရင် တခြားအချိုမှုန့်သုံးတဲ့ဆိုင်တွေမှာ
စားပြီးတဲ့အခါ ခံစားရသလိုမျိုး အကြောတက်တာမျိုးတွေ မဖြစ်ပါဘူး။

ရွှေတောင်ဆိုင်မှာ စားခဲ့ရတဲ့ သင်္ဘောသီးထောင်း။ မျိုးဆက်/မြန်မာတိုင်း(မ်)ရွှေတောင်ဆိုင်မှာ စားခဲ့ရတဲ့ သင်္ဘောသီးထောင်း။ မျိုးဆက်/မြန်မာတိုင်း(မ်)

ကွေ့တယိုကို စားနေတဲ့အချိန်မှာပဲ နောက်ထပ်မှာ ထားတဲ့အထဲက ယိုးဒယားသင်္ဘောသီးထောင်း
ပန်းကန် (ကျပ် ၁,၅၀၀) ရောက်လာပါတယ်။ ဒီဆိုင်က သင်္ဘောသီး ထောင်းကလည်း စာရေးသူ
စားခဲ့ဖူးသမျှ အကြိုက်တွေ့ခဲ့တဲ့ သင်္ဘောသီးထောင်းတွေထက် မညံ့ပါဘူး။ အစပ် အဟပ်လည်း
တည့်သလို သူ့ထဲမှာထည့်ထားတဲ့ ငါးခြောက်ကြွပ်ကြွပ်လေးကလည်း သင်္ဘောသီးထောင်းကို
ပိုလို့ အရသာရှိစေပါတယ်။

ဒီဆိုင်မှာ အအေးတွေ၊ အချိုပွဲတွေလည်း ရနိုင်ပါတယ်။ စပ်တဲ့ အရသာကို အသားပေးတဲ့
ယိုးဒယားအစားအစာဆိုင်မှာ အချိုပွဲရနိုင်တာကလည်း ကောင်းတဲ့အချက်ပါပဲ။ သူ့ဆိုင်မှာ အချိုပွဲက
ငှက်ပျောသီးပေါင်း၊ ကန်စွန်းဥပေါင်းနဲ့ သာခွေယိုင် သုံးမျိုးပဲရှိပြီး တစ်ရက်ကို တစ်မျိုးပဲလုပ်
ရောင်းတာပါ။

စာရေးသူက သာခွေယိုင်စားချင်ပေမဲ့လည်း သွားခဲ့တဲ့နေ့က ကန်စွန်းဥပေါင်း (ကျပ် ၅၀၀) ပဲ
ရတာဖြစ်တဲ့အတွက် အဲဒါကိုပဲ မှာစားဖြစ်ခဲ့ပါတယ်။

ကန်စွန်းဥပေါင်းကတော့ အုန်းနို့အနှစ်အရည်ထဲမှာ နူးညံ့နေတဲ့ ကန်စွန်းဥဖတ်လေးတွေ၊
သာဂူစေ့လေးတွေနဲ့ပါ။ သူကလည်း ဆိမ့်ဆိမ့်ချိုချိုလေးနဲ့ အစပ်ပြေစားဖို့ သင့်တော်ပါတယ်။
အချိုပွဲနဲ့တင် အားမရသေးဘဲ အအေးဘက်ကို အာရုံရောက်နေတဲ့ စာရေးသူက နောက်ဆုံးမှာ
အအီပြေအောင် ချဉ်စော်ကားသီးဖျော်ရည် (ကျပ် ၅၀၀) လေးနဲ့ ပိတ်လိုက်ပါတယ်။ ချဉ်ချဉ်ချိုချိုလေး
ဖျော်ပေးထားတဲ့အတွက် သောက်လို့ကောင်းသလို အအီလည်း ပြေပါတယ်။

ဒီဆိုင်မှာ စာရေးသူစားခဲ့တာတွေအပြင် ကြက်ခြေထောက်ပေါင်း၊ ရေခူသုပ်၊ ပုစွန်အစိမ်းသုပ်၊
ဆေးဘဲဥသုပ်၊ ကျောက်ပွင့်သုပ်၊ ကန်စွန်းရွက်သုပ်၊ ပဲပင်ပေါက်သုပ်တွေအပြင် ကျောက်ကျော၊
ဆေးကုလားမ၊ ပင်ပွား၊ သံပရာရည်တွေလည်း ရနိုင်ပါတယ်။

ဆိုင်ကတော့ လမ်းဘေးပလက်ဖောင်းမှာ ဖွင့်ထားတာပါ။ စားပွဲဝိုင်းကတော့ ငါးဝိုင်းပဲရှိပြီး
ထိုင်ခုံအပုလေး တွေနဲ့ ထိုင်ရတာပါ။ ဖွင့်ပြီးမကြာခင် အဲဒီနားတစ်ဝိုက်က ကုမ္ပဏီကဖောက်သည်တွေ
လာစားကြပြီဆိုရင်တော့ ထိုင်ခုံနေရာရဖို့ စောင့်ရသလို ပါဆယ်ဆွဲမယ်ဆိုလည်း နည်းနည်းတော့
စောင့်ရတတ်ပါတယ်။

မနက် ၁၁ နာရီ ဆို ဆိုင်စခင်းပြီး ညနေ ၅ နာရီကျော်တဲ့အထိရောင်းပါတယ်။ ညနေအထိ ရောင်းပေမဲ့
ကွေ့တယိုနဲ့ သင်္ဘောသီးထောင်းတို့က စောစောကုန်တတ်တဲ့အတွက် စောသွားမှသာ
ကိုယ်စားချင်တာကို ရနိုင်မှာပါ။ ပြီးတော့ ဒီဆိုင်မှာ ပါဆယ်ဆွဲမယ်ဆိုလည်း ထုပ်ပိုးတာ
သေသပ်တဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်။

ဆိုင်လိပ်စာကတော့ စက်မှု(၁)လမ်းမပေါ်၊ တယ်လီနောရုံးနဲ့ စက်မှု(၁)မှတ်တိုင်ကြားလောက်မှာပါ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။